Professional Authors

ပိုစ့်မော်ဒန် တောသားတစ်ယောက် ထုဆစ်ထားတဲ့ ကဗျာ

ပိုစ့်မော်ဒန် တောသားတစ်ယောက် ထုဆစ်ထားတဲ့ ကဗျာ

 

 

တိမ်တွေ ဖန်ဆင်းတဲ့ ကောင်းကင်ကြီးက ပြာ တယ်

 

လရောင်ဆန်းလို့ ကမ္ဘာ မဖြူဘူး

 

မုသာဝါဒကံကို ကျူးလွန်နေတဲ့ နွေ၊ မိုး၊ ဆောင်း

 

 

အနောင်အဖွဲ့ကင်းတဲ့ လေညှင်းတွေ

 

အာဃာတ ကြီးစိုးနေတဲ့ လူသားတွေပေါ်

 

ချော့တစ်လှည့်ခြောက်တလှည့် ကစားနေတယ်

 

 

သက်တံတွေပေါ် ပြေးကစားချင်တဲ့ လူတစ်ယောက်

 

တောင်ပံတွေ ဖန်ဆင်းပေးလှည့်ပါ နတ်ဘုရားတို့

 

 

အပူဒါဏ် ကာကွယ်ဖို့ ငါ့ကို ထီးတစ်ချောင်း ပေးလှည့်ပါ

 

မိုးစက်တွေတော့ စိုပါစေ ၊ မျက်ရည်တွေ ကွယ်ဝှက်ဖို့

 

ဆောင်းလေအေးတွေ တိုက်ပါစေ ၊ အပူတွေ ငြိမ်းအေးစေဖို့

 

 

ရာသီတွေရယ် မလိမ်ညာစမ်းပါနဲ့

 

ငါ့ အိမ်မက်တွေကို အစဉ်လိုက် မက်ခွင့်ပေးပါ

 

 

နာကျင်မှုကို တေးအသွင်ပြောင်းစဉ်ခဏ

 

ခြောက် ကြိုး ပြတ်သွားတဲ့ တဒင်္ဂလေး

 

အလွမ်းတွေ ခဏ ရပ်ထားမယ်

 

 

ရှေးရိုးစွဲလို့ပဲပြောပြော မော်ဒန် အိမ်မက်တွေ မမက်ချင်ဘူး

 

အတိမ်အနက်မသိချင်ဘူး အကျယ်အ၀န်းမသိချင်ဘူး

 

ငါနေတဲ့ နေရာလေးတော့ လှစေချင်သေးတယ်

 

ပျံကျဲနေတဲ့ စာအုပ်တွေက ငါ့ကို ရယ်တယ်

 

ကောက်ယူ သိမ်းစည်းဖို့ ခဏစောင့်ပေးပါဦး

 

ငါ … တွေဝေလို့ ကောင်းနေတုန်းမို့ပါ

 

 

အချိန်နဲ့ ဒီရေက လူကို မစောင့်ဘူး

 

လူ(တိုင်း)ကရော အချိန်နဲ့ ဒီရေကို သောက်ဂရုစိုက်လို့လား

 

မက်မက်မောမော သိုဝှက်ထားတဲ့ မာနတွေကို သွေးတိုး မစမ်းကြနဲ့

 

အနာဂတ်တွေ မလှမှာစိုးလို့

 

 

အဆောင် အယောင် နဲ့ အယောင်ဆောင်လူတွေ

အဆောင် အယောင် မဲ့ အယောင်ဆောင်လူတွေ

 

ဆင်ယင်မှုကွဲတာကလွဲရင် တူးမခြားနားပါပဲ

 

အနီးကပ်ကြည့်တော့ လမင်းလိုပဲ အလှကင်းမဲ့တယ်

 

 

ငါဟာ လေးအတတ်တတ်တဲ့ မြှားနတ်မောင်ဖြစ်ရင်

 

နေနဲ့လကို ပေးစားလိုက်တယ်… ဒါက မျှတမှုပြရုပ် …

 

လွဲသွားတာ တစ်ခုက သူတို့ မွေးဖွားလာမယ့် နေလိုလို လလိုလို ၊

 

အူကြောင်ကြားလေးတွေရဲ့ ဖြစ်တည်မှု …

 

 

ခါးလိုက်တာလဲ လွန်ရော ကြိုက်လိုက်ကြတာလဲ မပြောနဲ့

 

အခါးကို ကြိုက်တာလား ၊ ကြိုက်လို့ပဲ ချိုသွားတာလား

 

သေရည် ၊ နင်ကတော့ ဘယ်သူသောက်သောက် မူးစေခဲ့တာပဲ

 

လစ်မစ်တွေတော့ ကွာတာပေါ့လေ… ဒါကလဲ သဘာဝပါပဲ

 

 

အမှန်တရားတိုင်း အမှားမကင်းဘူး

အမှားတိုင်းရော အမှန်ကင်းရဲ့လား

 

ငါလဲ ဆိုကရေးတီး မဟုတ်တော့ အတွေးတွေချမပြရဲဘူး

 

မ၀ံရဲစွာ နှုတ်ဆိတ်နေခဲ့တယ် ဒီလိုနဲ့ ငါ

 

စကားမပြောတတ်တဲ့ လူတစ်ယောက်ဖြစ်လာတယ်

 

 

ပတ်ဝန်းကျင်ကို ငါဖယ်ကျင်သလိုလိုနဲ့

 

ပတ်ဝင်းကျင်က ငါ့ကို ဖယ်ကျင်သွားတယ်

 

ဟန်ဆောင်ရတာမုန်းလို့ ဟန်ဆောင်မှုကင်းတဲ့နေရာရှာတယ်

 

ငါ့ကို အကျင်းထောင်ထဲ တိုက်ပိတ်လိုက်ကြစမ်းပါ

 

 

ချိုချဉ်မကြွေးနဲ့ ငါမကြိုက်ဘူး

 

သီးသန့်ဆန်တဲ့ အရသာတစ်ခုပေးပါ

 

အမုန်းဆိုလဲ အမုန်း တစ်ခုပဲပေါ့

 

လိုချင်တာတွေ တောင်းဆိုရရင် ကမ္ဘာတစ်ခုလုံး ငါပိုင်ချင်တယ်

 

                                                                                                        လူသစ်

In: ကဗျာ Posted By: Date: Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment