Professional Authors

နှလုံးသား ပြတိုက် အဆောင်နံပါတ် (၈)မှာ လက်သည်းနဲ့ နံရံပေါ်ကုတ်ခြစ်ထားတဲ့ကဗျာ

 

 

 

 

(နိဒါန်း)

ဟိုးအတိတ်တစ်ခါက

သူမ နှင့် ကျွန်တော်တို့

အသည်းနင့်အောင် ချစ်ခဲ့ဖူးပါသည်

 

(က)

ဘ၀ရဲ့ နေမထွက်မီ မနက်များ…

နေမ၀င်မီ ညနေလု ညနေခင်..

စက္ကန့်တိုင်းမှာ သူမ ရှိနေစဉ်ကတော့

လောကက ချိုလိုက်တာ

ချစ်သူရဲ့ လက်နှစ်ဖက်ဟာ

ညဖက်ဖြစ်စေ နေ့ဖြစ်စေ နွေးထွေးစေတယ်လို့လည်း

ကောင်လေးတစ်ယောက် ယုံကြည်နေတယ်

သူမရဲ့ အပြုံးဟာ

ကောင်လေးအတွက်

တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်လို့လည်း

ကောင်မလေးက ယုံကြည်နေခဲ့တယ်

ဒီလိုနဲ့ဘဲ သက္ကရာဇ် အတိအကျ မသိတော့တဲ့ တစ်မနက်မှာ

နှစ်ဦးပိုင်အဖြစ် ပြတိုက်ကလေးတစ်ခု ဖွင့်ဖြစ်ခဲ့ကြတယ်..

 

အဆောင်(၁)

 

လက်နှစ်ဖက်နဲ့ သီကုံးဖွဲ့စည်း

နှလုံးသား နှစ်ခုနဲ့ထုံးချည်.

သံယောဇဉ် ဟုအမည် ရသူ

သူတို့ ပြတိုက်ရဲ့ အဆောင် ၁ မှာရှိတယ်

 

အဆောင်(၂)

 

ဒီဇင်ဘာတွေ အလီလီပြောင်းပေမဲ့

သူတို့နှလုံးသားတွေ ဟောင်းမသွားခဲ့

သံယောဇဉ် အမြစ်တို့

တစ်ရစ်ထက် တစ်ရစ်တိုး..

ချစ်ကြိုးတွေ ပိုမိုခိုင်မာ…

နူးညံ့စွာ ပွင့်ဖူးခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ပထမအနမ်းဟာ

အဆောင် (၂) မှာ ကြွင်းကျန်ရစ်ခဲ့တယ်

ကဗျာတစ်ပုဒ် အဖြစ်နဲ့

 

အဆောင် (၃)

 

ကောင်လေးက

ကောင်မလေးရဲ့ ဆံပင်များကို သပ်တင်ပေးလေ့ရှိတယ်

ကောင်မလေးက

ကောင်လေးရဲ့ ပခုံးထက်မှာ

ခိုင်မြဲသော တပ် တစ်ခုတည်ဆောက်ထားခဲ့တယ်

သိပ်လှပတဲ့ ပလေတိုအချစ်မျိုးနဲ့

တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ခဲ့ကြ

နားလည် ခွင့်လွှတ်ခဲ့ကြ

နှစ်ယောက်ဆုံရင် ရယ်မောပျော်ရွှင် ကြည်နူးခဲ့ကြ

အဲဒီ အပျော်ရုပ်ကြွင်းများအားလုံး

အဆောင် (၃) မှာ ပုံရိပ်တွေ ထင်နေဆဲ

 

(ခ)

အဆောင် (၃) ဘေးကလှေကားထစ်တွေက

သူနဲ့ သူမအတွက် ကျောခင်း ပျော်ရွှင်ခဲ့ရ..

ဒုတိယထပ်နဲ့ ၀ရံတာဘေး စင်္ကြလမ်းကလေးမှာလည်း

မျိုးစေ့ကျဲထားခဲ့တဲ့ နွယ်ပင်လေးတွေ ရှင်လုပြီ

 

အဆောင် (၄)

 

ဒုတိယထပ် ပထမဆုံး အခန်း…

အဆောင် နံပါတ် (၄) မှာ

သူနဲ့ သူမ စားလက်စ ပီကေတစ်တောင့်

သူနဲ့သူမ ထိုးလက်စ စစ်တုရင်ခုံတစ်ခုံ

ကောင်လေးရဲ့ ဒူးထောက်လဲကျသွားတဲ့  ပုံရိပ်

သွေးတို့လျံကျနေတဲ့ မျက်နှာ..

ကောင်မလေးရဲ့ မျက်ရည်စက်များ

ကြမ်းတမ်းစွာ ဆွဲခေါ်သွားကြတဲ့ ကျွန်ပါးဝ များ

ပါးပေမဲ့ ပီပြင် ပြတ်သားတဲ့ပန်းချီကားတစ်ချပ်.ထဲ.ငြိမ်သက်ကျန်ရစ်တယ်

ဒီအဆောင်အား နှလုံးသား နူသူများ မလာရ

 

အဆောင် (၅)

 

သိပ်လှတဲ့ အချစ်ကို လောကက မလိုအပ်ဘူး…

နှလုံးသားနှစ်ခု ပေါင်းစပ်ဖို့ကို

မမြင်လိုတဲ့ ဒီအရပ်နဲ့ ဒီဇာတ်မှာ

ဂုဏ်ဒြပ်က ဗီလိန် စစ်စစ်ဘဲ…

နှလုံးရောဂါသည်…

First Attack ပြီးထားတဲ့ ချစ်သူ…

ဗီလိန်ကို မက်ပြီး

အချစ်ကိုလစ်လျူရှု ဟင်္သာကိုးသောင်းဇာတ်ကမဲ့ လူတစ်စု

ကန်ကြောက်ခံထားရတဲ့ ခန္ဓာ.. တက်နင်းခံ လက်ဖ၀ါးတစ်ဖက်

ဖုန်းနံပါတ်တွေ တရစပ်နှိပ်ခဲ့…

လူကြီးမင်းခေါ်ဆိုသော……တယ်လီဖုန်းမှာ

စက်ပိတ်ထားပါသဖြင့်………

နှလုံးသားဟောင်းလောင်းပွင့်နဲ့ အလင်းကင်းမဲ့သွားသူ

နေပူအလာကို သေလူနေရာက ထိုင်စောင့်နေခဲ့ရ.

အဲဒီအဖြစ်အပျက်ကစ

အဆောင်နံပါတ် (၅) ဟာ

ချစ်သူစုံတွဲတွေ အတွက် တားမြစ်နယ်မြေ ဖြစ်ပါတယ်

 

အဆောင် (၆)

 

သူ့မျက် ရည်တွေတော့ အခုထိ မခြောက်နိုင်ခဲ့ဖူး

အခန်းနံပါတ် (၆) ဟာ

မျက်ရည်တွေနဲ့ စိုထိုင်းထိုင်း

 

(ဂ)

နောက်တစ်မနက် သတင်းစာမှာ

ကောင်မလေးရဲ့ နာရေးသတင်း ပါလာခဲ့ပါတယ်

မ.. ……

အသက် (…) နှစ်

……..ရက်နေ့တွင် နှလုံးရောဂါနဲ့ သေဆုံးသွားပါ၍….

…နေအိမ်မှ ကားများ………

 

အဆောင် (၇)

 

စိတ်လွတ်လက်လွတ်ရူးသွပ်သူတစ်ယောက်အဖြစ်

ကောင်လေးဘ၀ ပျက်သုဉ်းသွား…ခဲ့

စာနာသနား တတ်ကြသူတို့ရဲ့ ဆုတောင်းစကားများဟာ

တတိယအထပ် အဆောင် နံပါတ် (၇) မှာရှိပါတယ်။

အားလုံးကို တက်ရောက် ဆုတောင်းပေးဖို့ ဖိတ်ပါတယ်

 

အဆောင် (၈)

 

အဆောင်နံပါတ် (၈)ကတော့

သူ့ကိုယ်သူ ပိတ်လှောင်လိုက်တဲ့ထောင်ပါဘဲ

စီးကရက်တွေကြားထဲ သူ့ကိုယ်သူလောင်မြိုက်ခံ

ငွေကြေး….မာန…..မာန်ဟုန် နဲ့

စက်ဆုပ်ဖွယ် ဗီလိန်တို့အား စာသားများနဲ့ ပေါက်ကွဲခဲ့..

သူမအတွက် ကဗျာ

     …….သူမအတွက် ကဗျာ…….

            ………………. သူမ အတွက် ကဗျာ…………..

သူမ ပုံတူ ပန်းချီကား

…………….သူမပုံတူ ပန်းချီကား…………

…………………………..သူမပုံတူ ပန်းချီကား…………………..

                                          စိတ္တဇ လူသားတစ်ယောက်ဟာ

                                                            စိတ္တဇ နာမ်ပေါင်းများစွာနဲ့

 

(ဃ)

အဆောင် (၃) ဘေးက လှေကားတွေ ငိုကြွေးကြတယ်…

စကြံင်္ကလေးဟာလည်း

သူ့ကျဆုံးမှုအတွက် နာကျည်း….

ချခဲ့တဲ့ မျိုးစေ့တွေဟာ ဆူးခက်တွေအဖြစ်သာ နွယ်တက် ပေါက်ရောက်လာခဲ့

 

 

အဆောင် (၉)

 

အဆောင် နံပါတ် (၉) မှာ

သူ့ရုပ်ကြွင်း ရှိကို ရှိရမယ် တဲ့…

အားလုံးတညီတညာ တည်းပြောကြတယ်.

ဒီနေ့အထိတော့

 သေဆုံးသွားတဲ့ ပြတိုက်ထဲ..

တစ်ခုသော တံခါးကြီးကတော့ အတွင်းက အသေချက်ချထား..ဆဲ…..

 

(နိဂုံး)

တစ်ခါက

သူမနှင့် ကျွန်တော်တို့

အသည်းနင့်အောင် ချစ်ခဲ့ကြပါသည်…

 

 သိုးမည်း

၁၉၉၀s   – ၂၀၀၇

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

ဘယ်နားမှာ heart ထိသွားမှန်းမသိလိုက်ဘူး
ဒါပေမယ့် နက်နက်ရှိုင်းရှိုင်း နာကျင်သွားမိ

commentinfo By: အသဲကွဲ မိုး at Feb 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment