Professional Authors

သိပြီးကြောင်း ရေးသားထားသော ဟန်လုပ်ထားသော သဝဏ်လွှာ

အရင်နေ့တွေလိုပဲ
ဒီနေ့လည်း တို့တွေ အညာမိကြပြန်ပြီ..

နေ့စဉ်များနေရတဲ့ ငါတို့ ဗာဟီရတွေထဲမှာ
လူပြော သူပြောများတဲ့ ကောလဟာလတွေနဲ့
ငါတို့မှာ အချောင် ခလုတ်တိုက်ခံရ
ထမင်းဝဝ စားဖို့ အရေးတောင် စိတ်မအေးနိုင်သူတွေပါ လို့ ဆိုရင်
ပြောင်ချော်ချော်နဲ့ ရယ်မောခံရဦးမှာလား….။

ကုန်လွန်သွားတဲ့ နေ့ရက်တွေနဲ့ ခုထိကို ယှဉ်ကြည့်
ပြောင်းလဲသွားတယ်လို့ ထင်ရပေမယ့်
ဘယ်မှာများ ငါတို့ မျှော်လင့်နေတဲ့ အနာဂတ်က ရောက်လာလို့လဲ..
ငါတို့မှာ မသိလိုက် မသိဖာသာ ကျော်ဖြတ်လိုက်ရ
ဒီတော့လည်း ပြဿနာလုပ်စရာလို့ မမြင်မိကြတော့ပါဘူး…။

နေ့တဓူဝ မြင်နေ ကြားနေရတာတွေထဲ
အက်ဖ်အမ် ရေဒီယို အစီအစဉ်က အစ
နေ့စဉ်ထုတ် သတင်းစာတွေ အထိ
အားလုံးဟာ စနစ်တကျ
ငါတို့ဟာသကိုတောင် သိမ်းထုတ်ထားတာ ကြာလှပေါ့
အရေးတယူနဲ့ ဘယ်သူတွေ ဘာပြောကြလို့လဲ….။

နေ့စဉ် …
ငါတို့ကို စည်းရုံး သိမ်းသွင်းတဲ့ လူတွေနဲ့…
ရန်တိုက်ပေးနေတဲ့ လူတွေနဲ့…
သွေးထိုးပေးနေတဲ့ လူတွေနဲ့…
အလိုမကျတာကို လမ်းဆုံက အော်ပြောနေတဲ့ လူတွေနဲ့…
အသံကျယ်ဆုံး သတင်းကြေငြာချက်တွေက
ငါတို့ မကြားချင်ဆုံး ဆူညံသံတွေပဲ…။

အမေဇုံတောထဲက ခြင်မျိုးစိတ် မပျက်သုဉ်းရေး အပါအဝင်
ပိုလာဝက်ဝံများ ရှားပါးလာမှု အတွက်
ငါတို့ စမ္ပာနဂိုရ်က နွားမတွေလည်း ပေါင်းကျိုးနေကြတုန်းပဲ…။

ငါတို့ တာဝန် သိမှုတွေထဲ…
စားသုံးသူ အခွန်ဆောင်ရေး ဝါဒတွေ အပြင်
အလိုက်တသိ လမ်းဘေးချရပ်ပေးရေး
(ခေါင်းလေးပါ ငုံ့ပေးရင် ပိုကောင်းလိမ့် ဦးမယ်..)
ငါတို့ ဗြဟ္မစိုရ် တရားမှာ
အရူးတွေ စိတ်ချမ်းသာဖို့လည်း အရေးကြီးတယ် မဟုတ်လား…။
ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမားလေးကို
လုပ်အား အကြောင်း ရှင်းပြချင်နေတဲ့ ပညာတတ် တယောက် အကြောင်းနဲ့
ကြက်တူရွေးကို စကားပြော သင်ပေးချင်နေသေးတဲ့ ပညာတတ်များ..
အလိုရှိရာအတိုင်း ငြိမ်းချမ်းစွာ နေထိုင်ကြပါစေ..

နေ့စဉ်…
ဆင်မလေး မိုမို ဆွဲတယ်ဆိုတဲ့ ပန်းချီကားတွေ ရောင်းကုန်သွားတဲ့ သတင်းနဲ့
စာနယ်ဇင်းသမား အမည်ခံ လူတချို့
ဖက်ရှင်နောက် လိုက်သွားကြတာ ဖက်ရှင်များ ဖြစ်သွားလို့လား…

It will be a lovely day ဆိုတဲ့
ဟင်းနရစ် ဟိုင်းနေးနဲ့လည်း အငြင်း မပွားလိုဘူး.
ငါတို့တွေ နေ့စဉ် ထိပ်တိုက် တိုးနေရတာက
နောက်ဆုံး စာမျက်နှာက နာရေး ကြော်ငြာ သတင်းတွေ…

ဒီတော့လည်း
ငါတို့တွေ ဝမ်းနည်း ကြရကြောင်း
အများသိအောင် မဏ္ဍပ်တိုင် တက်ပြလိုက်ရုံပဲ မဟုတ်ဘူးလား….။ ။

တေဇာအောင်
20.5.2010

In: ကဗျာ Posted By: Date: Jun 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment