Professional Authors

နှင်း

 

ဘယ်လိုဘဲဖြစ်ဖြစ် နှင်းကို ကျွန်တော် ဖွဲ့နွဲ့ရမှာပါ။
စွတ်စိုနေတဲ့ နှလုံးသားနဲ့ပဲ “နှင်း”ကိုချရေးလိုက်တယ်။
ဒါဟာအစပြုခြင်းလား ၊ အဆုံးသတ်ခြင်းလား။
နှင်းနဲ့ ကျွန်တော်နဲ့ခြားမှာ နံရံတွေခြားနေပေမဲ့လည်း
“အအေးဓတ်” ကိုတော့
ကျွန်တော်ခံစားလို့ရနေတယ်။
ပြတင်းပေါက်ကို ဖွင့်ပြီး ကောင်းသော နံနက်ခင်းပါ “နှင်း” ရေလို့
နူတ်ဆက်လိုက်ရရင်
ကောင်းမလား။

မကြာမီအချိန်တွင်းမှာ နေမင်းထွက်ပေါ်လာတော့မယ် နှင်းရေ
ပြတင်းမှန်မှာ ယိုစီးကျနေတာ နှင်းရဲ မျက်ရည်စတွေပါပဲ
ကွယ်.. တိုတောင်းလိုက်တာ
နှင်းဟာ နေရောင်ခြည်မှာ လက်နက်ချ အညံ့ခံလိုက်ရပြီ
နေမင်းက အားကြီးသူ မဟုတ်လား။

လိုက်ခဲ့တော့နှင်းရယ်
အလာ့စကာပဲဖြစ်ဖြစ် တောင်ဝန်ရိုးစွန်းပဲဖြစ်ဖြစ်
အဲဒီမှာ…….နေရောင်နဲ့ နှင်းဟာ အလေးချိန်ခြင်းလဲတူ
လက်ရည်လည်းမျှတော့
နှင်း အတွက် အခွင့်အရေး ပိုရမှာ သေချာတယ်။

ရုပ်ရှင်ထဲမှာ
အိမ်ခေါင်မိုးတွေ၊ သစ်ပင်ပေါ်မှာ ဖွေးဇွေးလှုပ်နေတဲ့ နှင်းတွေ
ကလေးငယ်တွေက
နှင်းဆုပ်တွေနဲ့ တယောက်ကိုတယောက် ပစ်ပေါက်ကစားလို့
အချစ်နတ်သမီးကို နှင်းတွေနဲ့ ထုဆစ်လို့။
ဟော
ရေခဲနန်းတော်တခုတောင် တည်ဆောက်ကြမလို့တဲ့
လာပါကွယ်
နှင်းက နှင်းပီပီ နေချင်တယ်မလား
ဥပမာ နှင်းကြောင့် ယာဉ်ကြော တွေ ပိတ်ဆို့သွားတာ
နှင်းကြောင့် လမ်းမတွေ လူသူ ဆိတ်သုဉ်းသွားတာ။

နှင်းရယ် ဒီဒေသမှာ ဘယ်တော့မှ နှင်းမကျပါဘူးကွယ်
ရုပ်ဆိုးဆိုး အမေရိကန် သမ္မတ လင်ကွန်း မျက်နှာ မှာ

 

နှင်းမုတ်ဆိတ်တွေ သီးနေတာ မြင်ရပြန်တော့
နှင်းက ဒီလိုလည်း ကျီစယ်တတ်သူပါလားလို့
ကျွန်တော် အံ့အားသင့်ရ ပြန်တယ်။
ဒါက တိုင်းတပါး နှင်း ( Alien Snow) လေ နှင်းရဲ့။

နှင်း ကတော့
အနွေးထည် ၀တ်ကောင်းရုံ ၊ ကိုယ်လက်လှုပ်ရှားဖို့ ကောင်းရုံ အတွက်ပဲ
ဖျော်ဖြေရေး ဆန်ဆန် ကျပေးရှာတဲ့
နှင်းမဟုတ်လား

ဒါပေမဲ
သိမ်မွေ့တဲ့ နှင်းရယ်
ရှရှားကို မသွားပါနဲ့
အဲဒီမှာ နှင်းကြောင့် အသက်ပျောက်သွားရတဲ့ အရက်သမားတွေရှိတယ်
အမေရိကန်ကိုလည်း မသွားနဲ့
ကိုယ့် ကိုယ်ကို မထိန်းသိမ်းနိုင်ရင် မုန်တိုင်းအသွင် ရိုင်းစိုင်းသွားလိမ်မယ်ကွဲ့
အဲဒီမှာ……. နှင်းက နှင်းပီသလွန်းတော့
အ၀တ်မဲ့ ဆင်းရဲသားတွေ ၊ ကျောက်မီးသွေးမရှိတဲ့ မိသားစုတွေဟာ
ယောက်ယက်ခတ် ပူပန်နေရရှာတယ် နှင်းရဲ့။

နှင်းရယ်
ကျွန်တော်တို့မြို့ရဲ့ အပေါ်မှာ ပိန်းပိတ်အောင် မပြာရင်လဲ ရှိပါစေတော့
နှင်း က ဗုဒ္ဓဘာသာဝင်ပီပီ ဘယ်သူ့ကိုမှ မရက်စက်ခဲ့ဘူးမဟုတ်လား
ရေထိလို့ ထုံကျဉ်သွားခဲ့ရင်
နှင်းရှိနေပါလား ဆိုတဲ့အသိနဲ့ ကျွန်တော်တို့ ကြည်နူးကြရပါတယ်။

  မှတ်ချက်။ ။ poetry life ထဲက အောင်မိုးရဲ့ နှင်းပါ

In: ကဗျာ,Others Posted By: Date: Dec 4, 2012
Comment #1

ရေထိလို့ ထုံကျဉ်သွားခဲ့ရင်
နှင်းရှိနေပါလား ဆိုတဲ့အသိနဲ့ ကျွန်တော်တို့ ကြည်နူးကြရပါတယ်။

commentinfo By: မေပျို at Dec 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment