Professional Authors

ကျုပ်တို့ဟာ သေခြင်းဆိုးနဲ့ သေမယ့် မသာတွေ

ယာဉ်မောင်းတစ်ချက်အငိုက် ၊ … ၀ုန်းခနဲပဲ …  တစ်စစီလွင့်သွားတယ်။

ကွန်ကရစ်လမ်းဟာ ကားတာယာနဲ့ အလားဂျစ်ဖြစ်တာ သူတို့မသိ

ကျုပ်တို့ဟာ သေခြင်းဆိုးတွေ …. ။

 

ရေလျှံနေစဉ် ဖွင့်ထားသော မြောင်းပေါက်ထဲ ကျ၍ ..

သာမန်ထက် (၁၀)ပေကျော် ရေလျှံနေသော လမ်းပေါ်တွင် လှေလှော်အလာ ဓာတ်ကြိုးဖြင့်တိုက်မိ၍ ..

အိမ်သာကျင်းထဲ လက်စွပ်ကျ၍ ဆင်းဆယ်စဉ် အသက်ရှူကြပ်၍ ..

အမျိုးသမီးငယ်တစ်ဦး ၊ စစ်ကြောရေးမှ မေးမြန်းစဉ် (၅)ထပ်တိုက်ပေါ်မှ ပြုတ်ကျ၍ ..

ဆန္ဒထုတ်ဖော်ပွဲတွင် အရှေ့ဆုံးမှ တက်မိ၍ ..

ကိုယ်ဝန်ဆောင်တစ်ဦး ၊ ပန်းခူးရန်ကြိုးစားစဉ် လုံခြုံရေးအရ လျှပ်စစ်ဓာတ်လွှတ်ထားသော သံဆူးကြိုးဖြင့် ထိမိ၍ ..

ကျောင်းမှ ပြန်လာသော (၅)တန်းကျောင်းသူကလေးကို အနီးရှိ ခြုံပုတ်ထဲ ဆွဲသွင်း၍ ..

စူးစူးဝါးဝါးအော်ဟစ်နေသော သားကို ကယ်တင်ရန် ရေထဲအဆင်း ၊ ပြတ်ကျနေသော ဓာတ်ကြိုးကို အားပြုဆုပ်ကိုင်မိ၍ ..

ရေထဲ၌ မျောပါလာသောပစ္စည်းများကို ဆယ်ယူရင်း အဆိပ်ပြင်းမြွေကိုက်၍ ..

သံရည်ကြိုရန် စစ်ကျန်ဗုံးများကို ထုခွဲရာမှ ပေါက်ကွဲ၍ ..

(၂)နှစ်သား ကလေးတစ်ဦး ၊ အိမ်ထဲ၌ သိပ် ထားစဉ် ကြမ်းအပေါက်မှတစ်ဆင့်

အိမ်အောက်ရေပြင်ထဲကျ၍ ..

ခရီးသည်အတင်အချပြုလုပ်နေစဉ် နောက်ကားမှ ဘရိတ်ပေါက်ပြီး ၀င်တိုက်၍ ..

လမ်းဘေးဝက်သားတုတ်ထိုးဆိုင်မီးမွှေးရာမှ မြေအောက် CNG ဂတ်စ် ပိုက်လိုင်းသို့ မီးပွားလွင့်၍ ..

ကျုပ်တို့ဟာ သူများနိုင်ငံမှာ မသေတဲ့ သေခြင်းမျိုးနဲ့ ……….။

 

ကျွန်မသားလေးကို ဆေးကုပေးပါ ၊ ကျွန်မသားလေးကို ဆေးကုပေးပါ .. တဲ့

အမေတစ်ယောက်ဟာ ထမီကျွတ်ကိုမှ ပြန်မ၀တ်နိုင်ဘူး ။

သာဓုပါတော် ၊ သာဓု ပါ ၊ သာဓု ပါ … တဲ့

ရတောင့်ရခဲထမင်းတစ်နပ်ကို သွားမရှိဘဲ ၀ါးနေရတဲ့ အမယ်အိုကြီးက ။

ဒီဟာ အခမဲ့ဆေးခန်းဆိုတာ သေချာပါတယ်နော် … တဲ့

ဦးကြီးဟာ ပိုက်ဆံ(၁၅၀၀)လောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ ။

ဒါတွေဟာ မနက်ဖြန် သဘက်ခါ သေခြင်းဆိုးနဲ့သေမယ့် …… ။

 

ငှက်ဖျားမှာ နံပါတ် (၁) ၊ ၀မ်းရောဂါမှာ နံပါတ် (၃) ၊ ပြည်တွင်းစစ်မှာ နံပါတ် (၉) ၊

မွေးကင်းစကလေးအသေအပျောက်အများဆုံးမှာ နံပါတ် ( ၆) ၊

လူတစ်ဦးအတွက် တစ်နှစ်လျှင် ကျန်းမာရေးထောက်ပံ့စရိတ် (၄) ဒေါ်လာ ၊ အောက်ကရေရင် ဒုတိယ ၊

ဒီတော့ ကျုပ်တို့ဟာ သေခြင်းဆိုးတွေ ….. ဖြစ်တာဆန်းသလား ။

 

ပစ်ခန်းတိုက်ခန်းဆိုတာ 3D နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်

အဝေးရောက်စစ်သားကလေးတွေရဲ့ မိဘတွေဟာ ဘယ်တော့မှ စစ်ကားမကြည့်ဘူး

တစ်ခါတစ်ခါ သံကြိုးစာကလေးတစ်စောင် ၊ တစ်ခါတစ်ခါ ဂုဏ်ပြုမှတ်တမ်းလွှာလေးတစ်ခု ၊ ….

ဒီလိုနဲ့ပဲ သားလေးအတွက် အံကြိတ်ဂုဏ်ယူလိုက်ရတာ …. ။

 

မာသာထရီဇာက အနာတွေ အဖန်ရည်ဆေးပေးရင်းပြောတယ်

လူဆိုတာ အေးအေးချမ်းချမ်း မနေခဲ့ရပေမယ့် ၊ အေးအေးချမ်းချမ်း သေရမယ် .. ။

ဒီမှာတော့ လူမှုရေးအသင်းတွေမရှိရင် လေး၊ငါးသောင်း မရှိလို့ မရဘူး ။

 

ဖွံ့ဖြိုးဆဲနိုင်ငံ/ဖွံ့ဖြိုးဆဲလူတွေ/ဖွံ့ဖြိုးဆဲ စိတ်ဓာတ်တွေ ဟာ သေမင်းနဲ့ အိမ်နီးနားချင်းပါ …

ဒီတော့ ဘယ်သူ့ကိုမှ အပြစ်မပြောနဲ့

ကျုပ်တို့ဟာ သေခြင်းဆိုးနဲ့ သေမယ့် မသာတွေ ။  ။

 

                                                                     ဟိန်း (25.8.12 )

                                                                   [email protected]

 

In: ကဗျာ Posted By: Date: Oct 18, 2012
Comment #1

Get lots of knowledge

Thx

commentinfo By: ei lay at Oct 18, 2012
Comment #2

ဟိန်း……
ကျွန်တော်ကများ စာဖတ်အားနည်းတာလားမသိဘူးဗျာ
အကို့ရဲ့ကဗျာကို ခုမှဖတ်ဖူးတာပဲ
အကိုရဲ့ကဗျာကို ကျွန်တော် ကြိုက်တယ်
ရေးရဲတယ် ကဗျာဇလည်း ရှိတယ်
တကယ်ကြိုက်တယ်
နောက်လည်း အားပေးနေမှာပါ

လေးစားစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Oct 20, 2012
Comment #3

ကြောက်စရာကြီးပါလားဗျာ…..

commentinfo By: တက်ခေတ် at Nov 10, 2012
Comment #4

အဝေးရောက်စ စ်သားကလေးတွေရဲ့ မိဘတွေဟာဘယ်တော့မှ စ စ်ကားမကြည့် ဘူး…

commentinfo By: SoFarAwayFromU at Nov 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment