Professional Authors

ကြေးမုံကွဲတွေ ဆက်မရွာတော့ဘူးဆိုရင်

ငါ့အိပ်မက်ရဲ့ သန်းခေါင်နက်နက်မှာ

ကြေးမုံကွဲစတွေ မိုးလိုရွာချတယ်…..

ဘုရားရေ…လို့ ငါတိုးတိုးရေရွတ်မိပါရဲ့

လောကမှာ လူတွေ ဘယ်လောက်ထိရှခဲ့ကြပြီလဲ..

 

သောင်္ကြာကို ငါမေးကြည့်တော့

စနေကို လက်ညှိုးထိုးပြတယ်…

စနေကိုမေးတော့လည်း

ခိုးဆိုးလုယက်..သူနဲ့မပတ်သတ်ပါဘူးတဲ့။

သက်ပြင်းတွေက အဝေးက ခွေးအတွေလို

ငါမအိပ်အောင် ခြောက်လှန့်နေကြတယ်။

 

ပူပြင်းခြောက်သွေ့တဲ့ တနင်္ဂနွေ ဂီတဆိုတာ

သေနတ်သံ တဒိုင်းဒိုင်းနဲ့

အပိုင်းပိုင်းပြတ်သွားတဲ့ အိပ်မက်တစ်ခုပါဘဲ

နိုးခဲ့တယ် (ထင်တာတောင်)

သွေးညှီနံ့လိုလို.. ယမ်းညှီနံ့လိုလို ငါ့ကို လာကစားနေတုန်း

 

အဲဒီ တနင်္လာနေ့

နျူကလီးယား ငွေ့တွေနဲ့ ကျွန်တော်ဖျားတယ်။

ဘယ်သူ့ကို ထိုင်ဆဲနေရမလဲ

ဘယ်သူ့ကို ထိုင်ကျိန်စာတိုက်ပစ်ရမလဲ

ဘယ်သူ့အတွက် ဆုတောင်း နေပေးရမလဲ

နောက်ဆုံးတော့လဲ အားလုံးကို မျက်စိမှတ်

နာကျည်းစိတ်နဲ့ဘဲ လှိမ့်အိပ်ပစ်လိုက်တယ်။

 

လောက အဘိဓမ္မာတွေအားလုံးကို မသိ..

ငါဟာ ဗလာနထ္ထိဖြစ်အောင် အိပ်ပစ်လိုက်တယ်။

 

အိပ်မက်ထဲမှာ လူတချို့က

မသတီစရာကောင်းတဲ့ ရယ်သံခြောက်ကပ်ကပ်

ခွေးအူသံလို အူချင်းရှည်တဲ့ စကားတွေကို အစာသွပ်

အလိမ်ကို အညာနဲ့ထုပ်ပိုး

တို့ကို ညာရောင်းဖို့ကြိုးစားနေတယ်။။

 

ဝံပုလွေရယ်သံမတိတ်သ၍

ရင်တထိတ်ထိတ်နဲ့ ငါတို့စောင့်ရဦင်္းမယ်..။

 

ဒီည….

နောက်ည…..

လောကမှာ လမမြင်ရဘူးတဲ့လား

ဝမ်းနည်းစရာကောင်းစွာ

နာဂစ်ရဲ့ အငွေ့အသက်တချို့ ငါ…

အိပ်မက်ထဲမှာ ပြန်တွေ့လိုက်ရတယ်။

 

စီးကရက် အငွေ့တွေရဲ့တစ်ဖက်

သံတိုင်များစွာထက်မှာ လူအချို့

ကဗျာငတ်နေကြသတဲ့

စာငတ်နေကြသတဲ့..

ကဗျာတစ်ပုဒ်မှာ ငါဖတ်ဘူးတယ်။

မျှော်လျင့်ချက်ဆိုတာကလွဲလို့

ဘာဆို..ဘာမှမရှိအောင် မဲမှောင်နေပါသတဲ့

 

ဒီတံခါးကို ဘယ်လို ငါတို့ ခေါင်းနဲ့တိုက်ဖွင့်တိုက်ဖွင့်

ဒို့အတွက် မပွင့်တာ သေချာပြီဆိုရင်ဖြင့်

လာ..သူငယ်ချင်း

တို့တွေ ခြေထောက်နဲ့ ပြောင်းကန်ကြစို့ရဲ့..။

တွေ့လား…

နိုင်ရာစားဆိုတဲ့ မိစ္ဆာကောင်က လှံကိုမြောက်ပြီး

ဆင်ပေါ်ကနေ ငါ့ကို စူးရဲစွာ ကြည့်နေတယ်။

 

ငါတို့တွေ….

သေဆုံးနေကြပြီလား….

စိတ်ဓါတ် ၊ ဥာဏ်ပညာ ၊ အမှန်တရား ၊ ကောင်းမြတ်ခြင်း

အလင်းကို လိုချင်တဲ့ ဖယောင်းတိုင်လို စိတ်ဓာတ်တွေ

အစရှာမရအောင် ငါတို့သေဆုံးသွားကြပြီလား။။

ငါတို့ သာသနာမြေ မြန်မာက

ငါတို့ကြားရအောင် ကြောက်မက်ဖွယ်ရယ်ပြလိမ့်မယ်..သူငယ်ချင်း။

 

လာပါ…

မင်းလို ကောင်းမြတ်ခြင်း ၀င်လာဖို့အတွက်

ဒို့အိမ်ကသော့ခတ်မထားပါဘူး..။

လာပါ……

မင်းတစ်ယောက်ထဲ ဘဲကျန်တော့တာပါ..

ငါရယ်…အမှန်တရားရယ် အလင်းရယ် ဥာဏ်ပညာရယ်

မင်းကို စောင့်မျှော်နေကြတယ်.

မင်းလာရင် ..တို့ဆုတောင်းပွဲလေး စလိုက်ကြမယ်။။

 

တံခါးတွေ ပွင့်ထွက်

ဆူးရစ်ရစ်တွေ လွှမ်းတဲ့ နှင်းဆီပန်းဟာ

ဒို့အတွက် ချောမွေ့တဲ့ လမ်းဖြစ်ပါစေလို့ ငါတို့ ဆုတောင်းကြရအောင်။

စိတ်ဝိဥာဉ်တွေ လွင့်စင် ပေါက်ကွဲသွားပါစေဦး

ဒို့ဆုတောင်းသံ မိုးခြိမ်းသံထက် ထစ်ခြုန်းပြီး

လောကတစ်ခုလုံး သိမ့်သိမ့်တုန်သွားအောင်

ဆုတောင်းတိုက်ပွဲ ငါတို့နွှဲလိုက်ကြမယ်သူငယ်ချင်းရေ..။

 

မင်းရောက်အောင်သာ လာခဲ့ပါကွာ

ကြေးမုံကွဲတွေ တ၀ုန်းဝုန်းရွာချ

သွေးတွေပွက်ထတဲ့ အိပ်မက်ဆိုး

ငါထက်မက်မှာ စိုးလွန်းလို့ပါ…….။

 

ကြေးမုံကွဲတွေ ဆက်မရွာတော့ဘူးဆိုရင်ဖြင့်

ငါတို့လက်တွေ ..

မြေပေါ်ကို ငြိမ်းချမ်းစွာ ပစ်ချလိုက်ကြတာပေါ့..သူငယ်ချင်း

 

တက်ခေတ်

In: ကဗျာ Posted By: Date: Oct 10, 2012
Comment #1

Nice

commentinfo By: ei lay at Oct 28, 2012
Comment #2

လန်းတယ်…

commentinfo By: SoFarAwayFromU at Nov 7, 2012
Comment #3

ငါ့အိပ်မက်ရဲ့ သန်းခေါင်နက်နက်မှာ

ကြေးမုံကွဲစတွေ မိုးလိုရွာချတယ်…..

ဘုရားရေ…လို့ ငါတိုးတိုးရေရွတ်မိပါရဲ့

လောကမှာ လူတွေ ဘယ်လောက်ထိရှခဲ့ကြပြီလဲ.

commentinfo By: May Kha at Nov 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment