Professional Authors

ရတနာ (၃) – မောင်စိန်ဝင်း (ပုတီးကုန်း)

မမေ့တတ်ဟု၊ ယုံမှတ်ပြန်သည်၊
မှောင်ရီမိုးသည်း၊ မလာလဲလေ၊
လာနေမလား၊ ထသွားပြန်ခက်၊
လာလျက်နဲ့များ၊ လွဲသွားမည်စိုး၊
မိုးချုပ်တော့မည် … ။

ခရေလမ်းကို၊ လှမ်းငေးမျှော်မော၊
မြင်ရသောသူ၊ ဪသာ် .. သူမဟုတ်၊
အလုပ်သွားပြန်၊ တရံတဆစ်၊
ချစ်သူတွေလား၊ မိုးကြားလေထဲ၊
နှစ်ယောက်တွဲပျော်၊ အဖော်နှင့်လေ၊
ခရေတန်းအောက်၊ သူလာလျှင် တယောက်တည်း၊
မလာရဲလို့လားကွယ် … ။

လေတချက်ဝေ့၊ မိုးစက်ထိမှန်၊
ပြန်မှဖြစ်မည်၊ မိုးချုပ်ပြီကွယ်၊
တကယ်ဆိုလျှင်၊ အမျှင်မပြတ်၊
မတ်တတ်စောင့်ဆဲ၊ မိုးပိုသည်းပြန်၊
တရံတခါ၊ လာမည်ဆက်ဆက်၊
မိုးစက်ကြားမှာ၊ ကြားယောင်လာ၏၊
သတိတော့ရမှာပါ … ။

မတွေ့ခြင်းဖြင့်၊ တွေ့ခြင်းများစွာ၊
မလာခြင်းဖြင့်၊ မျှော်လင့်ရင်မော၊
သောကဟု မဆိုသာ …
ဗျာပါဟု မဆိုချင် …
သံယောဇဉ် တခုခုဖြင့် …
ဘယ်သူ့ဘယ်သူ၊ ခွန်းကျူချိုသာ၊
မမှာမကြား၊ ချိန်းမထားပေမင့်၊
စကားများစွာ ပြောချင်သည် …။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment