Professional Authors

ေ န ာ က်ြ က ည့်  မှ န်ေ တွ ရို က် ခွဲ လို က်ြ ပီ

ဒီနှစ်ထဲမှာပဲ
ငါ့ အရေပြားတွေ ကွာကျ
အရာရာကို အစက ပြန်စ စေခဲ့တယ်

သက်ရှိလူတစ်ပင် ဖြစ်ပါလျက်နဲ့ 
အတွေးအခေါ်တွေ မသီးနိုင်တာ
ငါဟာ ဘာလဲ
အလှဆုံးသောပန်းကို
ကျည်းပေါင်းတက် သစ်တစ်ပင်မှာပဲ
ရှာတွေ့ နိုင်တယ် ဆိုတာ မှန်ရင်
ငါရတဲ့ ဒဏ်ရာဟာ
ရွှေနဲ့ စက်ဝယ်လို့ မရတဲ့ အရင်းအနှီးတစ်ခုဖြစ်လိမ့်မယ်

စိတ်ညစ်ညူးမှုတွေကို အရက်နဲ့ ရောမျိုချခဲ့
မူးတာထက် ခါးတာ ပိုခဲ့တယ်
အရိုးစွဲ ပါရာဒိုင်း ဆိုတာက
နျူကလိယ ထက်ကြောက်ဖို့ ကောင်းတယ်
ပေါက်ကွဲမသွားပေမဲ့
မြုံနေအောင် ဆွံ့ အ သွားတာမျိုး
သ ထားတဲ့ ကောင်းကင်လှေကားဟာ
ထင်းနေအောင် ဖွင့်ထားမှန်း သိပါရဲ့ အမေရယ်
ကျွန်တော်ဟာ အမြင့်ကြောက်တဲ့ ငှက်လိုပဲ
တောင်ပံတွေ မခတ်ရဲသေးဘူး . . .

ကိုယ့်ကိုယ်ကို ငြို့ နေမိတဲ့ မြွေမှန်းတော့သိတယ်
စိတ်ရဲ့ ထွက်ပေါက်ကျဉ်းကျဉ်းလေးထဲမှာပဲ
သက်ပြင်းတွေ ရှည်နေအောင် ခွေခဲ့မိတယ် ဆိုတာ
ဘယ်လိုစကားမျိုးနဲ့ ရှင်းပြရမလဲ အမေ
မျက်ရည်တွေ မကျခဲ့ပါဘူး
မျက်လုံးတွေသာ ထွက်ကျခဲ့ရ
ဘယ်လိုများပါလဲ . . .

လူတွေ အကြောင်းကို နားလည်လေလေ
ကျောက်ရုပ်တွေကို အားကျမိလေပါပဲ
ဓါးဝှက်ထားတဲ့ ပန်းလက်တွေ
ရက်စက်မှုတွေ ဖျောက်ထားတဲ့ ဂရုဏာမျက်လုံးတွေ
သိုးယောင်ဆောင်ထားတဲ့ ၀ံပုလွေ တွေ
အားလုံးကို တူးတူးခါးခါး မုန်းတယ် အမေ
တကယ်တော့  နာကြည်းစိတ်ဆိုတာ
စနက်တံ ဖြုတ်ထားတဲ့ ဗုံးတစ်လုံးကို
လည်ပင်းမှာ ဆွဲထားရသလို
အန္တရာယ်များမှန်းတော့ သိပါရဲ့ 
ဒါပေမဲ့ ကျွန်တော်ဟာ
ကျောသပ် ဖြေသိမ့်မနိုင်တဲ့ အရွှန်းရာတွေနဲ့ 
သစ္စာဖောက်တောင်တန်းကြီးကို
အလျားလိုက် ထမ်းထားရတဲ့ 
ဒဏ်ရာတွေနဲ့ မြစ်တစ်စင်း ဖြစ်နေပြီ အမေ . . .

လမင်းဇော် ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
ခြေသုတ်ဝတ်တစ်ခု ဖြစ်မှန်းမသိဖြစ်ခဲ့
ချစ်သူက ခြေသုတ်သွားခဲ့
မိတ်ဆွေက ခြေသုတ်သွားခဲ့
သူစိမ်းက ခြေသုတ်သွားခဲ့
ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ဘူး အမေ
ဒီလိုနဲ့ စိတ်သောကတွေဟာ
ကျွန်တော့်ဆံပင်ရှည်တွေနဲ့ အမျှ ရှည်လာခဲ့
ညှပ်မပစ်ချင်တော့ဘူး အမေရယ်
ဒဏ်ရာတစ်ခါနာတိုင်း
ဆူးတစ်ချောင်း တိုးခဲ့ရ
ကျွန်တော်ဟာ  ဖြူ တစ်ကောင်နဲ့ မခြားတော့ပါဘူး …

အခုဆို ကျွန်တော်ဟာ
လူတစ်ယောက်ရဲ့ မျက်နှာကို
နှုတ်ခမ်းဖျောက်ပြီး မြင်တတ်နေပြီ အမေ
မလိုအပ်ပဲ ပြုံးပြကြလွန်းလို့ 
မလိုအပ်ပဲ ညာတတ်ကြလွန်းလို့ 
ဒါတွေ တွေးမိတိုင်း
ကျွန်တော် ပါးတွေ ညောင်းလောက်အောင် ရယ်မောခဲ့
မေးရိုးတွေ ပြုတ်ကျမတတ်ပါပဲ . . .

ကမ္ဘာကြီးကို ကော်ဖီခါးခါးထဲထည့်ပြီး ရောမွှေသောက်ခဲ့
အလင်းနှစ်သန်းပေါင်းများစွာတိုင် မျက်စိတွေကြောင်ဦးမယ်
တစ်ချိန်တည်းမှာပဲ ကံကြမ္မာဟာ သပ်ရပ်စွာ မျက်လှည့်ပြခဲ့
ဘေးလွယ်အိတ် အနွမ်းလေးထဲက ကဗျာတွေသာ
ကမ္ဘာအဖြစ် ကျန်ခဲ့
အနန္တမမေ့နိုင်တော့ဘူး အမေ
အနိုင်အရှုံးတွေကင်းစေဖို့ 
စစ်တုရင်တစ်ခုံလုံးကို ဆွဲလှန်မှောက်ပစ်ဖို့ အင်အား ပေးပါ အမေ
တစ်ခုခုဆို ကံတရားကို လက်ညိုးထိုးရလွန်းလို့ 
လက်တွေ ညောင်းလှပါပြီ . . .

မိတ်ဆွေ နဲ့ ရန်သူ ဆိုတာ
မျက်နှာဖုံး တစ်ခုအောက်မှာပဲ
အခါအားလျော်စွာ ပြောင်းလဲတတ်တဲ့
မျက်နှာတစ်ခုပါတဲ့
လက်မခံနိုင်ဘူးအမေ
နင့် နေအောင် ခံခဲ့ရတော့
နှလုံးသားထဲမှာ အကျိတ်လေးတွေတောင် စုနေခဲ့ပါပြီ. . .

လူနံ့ တွေ လှိုင်တဲ့ ကမ္ဘာကြီးထဲမှာပဲ ကျင့်သားရချင်တယ်
ရိုးသားတဲ့ အကြည့်တွေကြားမှာပဲ မြင်သားကျချင်တယ်
ဖြူစင်တဲ့ စာရိတ္တ တွေကြားမှာပဲ ရိုးသားပြချင်တယ် အမေရယ်
သစ္စာတရားတွေကို ရောင်းဝယ်ဖောက်ကားတဲ့
ဈေးကွက်တွေထဲမှာ ကျွန်တော် ပွဲစားမဖြစ်ချင်ဘူး . . .
ကျောက်စိုင်ကျောက်သားတွေ ရဲ့ ခံနိုင်ရည်မျိုးနဲ့ 
မုန်တိုင်းတွေကို မျှော်လင့်နေရတဲ့ အဖြစ်ဟာ
အသေချိတ်ဆွဲထားတဲ့ ပစ်မှတ်တစ်ခုရဲ့ 
ကြောက်ရွံ့ ခြင်းမျိုးပါပဲ
ရင်ဘတ်တည့်တည့်ကို စူးစိုက်လိုက်ရမှ
အောင်ပွဲရနိုင်မဲ့ လူတွေအတွက်
နည်းနည်းလေးမှ မုဒိတာ မပွားနိုင်တာ အမှန်ပါ
ကျွန်တော် တစ်ကိုယ်ကောင်း ဆန်ခဲ့မိသလား အမေ . . .

ခရမ်းပြာကျည်ထိပ်ဖူးရဲ့ တိကျခြင်းမျိုးနဲ့ 
ကျွန်တော့်ဗေဒါတွေကို ပင်လယ်ထဲ မျောပစ်လိုက်တော့မယ် အမေ
စီးမျောရင်းနဲ့ ပဲ ရှင်သန်ပါရစေတော့
အားလုံးကိုမေ့ပစ်နိုင်ဖို့  နောက်ကြည့်မှန်တွေကို ရိုက်ခွဲပစ်ခဲ့
ဒီတစ်ခါ အပြုံးက ကျွန်တော့်အတွက်
မာန်အပါဆုံးပဲ အမေ ၊၊          ၊၊

လမင်းဇော်
[email protected]

In: ကဗျာ Posted By: Date: Sep 29, 2012
Comment #1

အလွန့်အလွန်နှစ်သက်သွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Oct 1, 2012
Comment #2

မိတ်ဆွေ နဲ့ ရန်သူ ဆိုတာ
မျက်နှာဖုံး တစ်ခုအောက်မှာပဲ
အခါအားလျော်စွာ ပြောင်းလဲတတ်တဲ့
မျက်နှာတစ်ခုပါတဲ့
လက်မခံနိုင်ဘူးအမေ
နင့် နေအောင် ခံခဲ့ရတော့
နှလုံးသားထဲမှာ အကျိတ်လေးတွေတောင် စုနေခဲ့ပါပြီ. . .

commentinfo By: pannei at Oct 5, 2012
Comment #3

khan sarr arr pay twar par de,

commentinfo By: ei lay at Oct 5, 2012
Comment #4

သတိရလို့ ရောက်လာခဲ့ပါတယ် လမင်းဇော် 🙂

commentinfo By: pannei at Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment