Professional Authors
“ဘ၀တွေက မှောင်လွန်းတယ်” ၊မင်းထက်ညိမ်း
                                           “ဘ၀တွေက မှောင်လွန်းတယ်”
                                                                                  မင်းထက်ညိမ်း
*နောက်ကျောဖုံးမပါတဲ့ ဗလာစာအုပ်လို
 နှစ်မျက်နှာစာ ကျိုးသွားတဲ့ ငါ့စိတ်အသံမှာ
 ငါဟာ ဆေးပတ်တီး တစ်လိပ်ဖြစ်ချင်ဖြစ်မယ်
 မသတီစရာ အသားစ တစ်ခု ဖြစ်ချင်ဖြစ်မယ်
 ဒါမှမဟုတ်
 အတ္တတွေနဲ့ ဖူးယောင်နေတဲ့ ဧည့်ခန်းတစ်ခု ဖြစ်ချင်ဖြစ် ပေမပေါ့
 အိမ်ပြန်ချင်တယ် ကမ္ဘာကြီးရယ်
 ဒီလိုပဲ
 ငါ စိုက်ထူခဲ့တဲ့ အုတ်မြစ်လည်း အခုတော့ ဆွေးပြီ
 ငါ ကိုးကွယ်ရာ ကမ်းခြေမှာ
 ခရုခွံတွေ အသက်မဲ့ကြ
 သူတို့ရဲ့ နာမ်ဓါတ်ဟာ ပြန်မလာတော့ဘူးလား
 ဘ၀တွေက မှောင်လွန်းတယ်
 တွေးမကြည့်ရဲအောင် ကြောက်ခဲ့တယ်
 ကြောက်ခဲ့သမျှ ငါ့ခေါင်မိုးပေါ်ရွာချတယ်
 သစ်ခြောက်ပင်ရဲ့ ထိပ်ဖျားမှာ နားနေတာ
 ငှက်တစ်ကောင် မဟုတ်ပဲ ခရုတစ်ကောင်ဖြစ်နေတဲ့ ကမ္ဘာကြီးပေါ့
 တကယ်တော့
 ကမ္ဘာကြီး ဆိုတာလည်း ကန်ရေပြင်ထဲ ပစ်ပေါက်လိုက်တဲ့ ကျောက်ခဲလေးတစ်လုံးလိုပဲ
 အလွယ်တကူ နစ်မြုပ်လွယ်တယ်
 ဘ၀တွေ က မှောင်လွန်းတယ်
 အစအဆုံး ကုန်ဆုံးသွားအောင်
 ငါတို့ ဖြုန်းလိုက်ကြစိုရဲ့
 တစ်ဘ၀စာ ဘောင်ခတ်ထားတဲ့ အခန်းကို
 ငါတို့ အောင့် အီး လက်လျှော့ခဲ့ကြတယ်
 ငါတို့ နောက်ပြန်မဆုတ်ပဲ တစ်ရွက်ဆွဲဖြုတ်ခံလိုက်ရပေါ့
 ငါတို့ နောက်ထပ် နေ့သစ်တစ်ရက်ကို ထွေးထုတ်လိုက်ကြရအောင်ပါ
 တကယ်က
 အရာရာဟာ လွင့်စင်လာတဲ့ အပဲ့အစ တချို့ပဲ မဟုတ်လား
 ဘ၀ကျောင်းခေါ်ချိန်မှာ
 “ရှိပါတယ်ခင်ဗျာ့” ဆိုယုံ နဲ့
 ငါတို့ စိတ်အေးခဲ့ရလို့လား
 ဘ၀တွေက မှောင်လွန်းတယ်
 ပျာပျာသလဲ
 လောက အခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့ အခါ
 အရင်ဆုံးရောက်နှင့် နေတာ က ကြက်ခိုးစွဲနေတဲ့ နေကြာပွင့် တွေလေ
 ငါတို့ အသာ ခေါင်းလျှိုနေခဲ့ ရကြောင်း ပြေပြချင်တယ် ကမ္ဘာကြီး   …….။                ။
                                                                                             မင်းထက်ညိမ်း
In: ကဗျာ Posted By: Date: Aug 15, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment