သိပ္ပံနည်းကျ ပြုစားခြင်း

သိပ္ပံနည်းကျ ပြုစားခြင်း
တစိမ့်စိမ့် ယိုစီးနေတဲ့
နှလုံးသား လယ်ကွင်းထဲ
ခံစားချက် ကဗျာဆိုတာ မရှိတော့ရင်
ကမ္ဘာကြီး ပျက်သုန်းသွားလိမ့်မယ်..။
ဓာတ်စာမတူညီတဲ့
မျက်ဝန်းအိမ် ကင်မရာထက်မှာ
မျက်တောင်တစ်ချက် ခလုတ်နှိပ်မိတယ်
ဒဏ်ရာတော့ မရခဲ့ဘူး..
အရှိုက်ထိသွားတယ်…။
အား…
ထိခိုက်သွားတဲ့ နာကျင်မှု တစ်ခုက
စူးစူးနစ်နစ် ခံစားလိုက်ရတယ်
တိုဆေးမိသွားတာလား
ခဏတော့ မေ့သွားသလို ဖြစ်ခဲ့
သတိရလာတော့ ဖျက်ကနဲ ရှာကြည့်လိုက်တယ်
မရှိတော့ဘူး ဘာမှ မရှိတော့ဘူး သွားပြီ..။
ဒီလိုနဲ့ အမှောင်ထုအောက်
အိပ်စက်ဖို့ ကြိုးစားရုန်းကန်ရင်း
အလင်းတစ်ချက် ဝင်ရောက်တိုက်ခိုက်လို့
ဘုရား… ဘုရား… ဘုရား..
သုံးကြိမ် ရေရွတ်မိရင်း
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်တော့
ဘာမှ မရှိ အမှောင်ထုသာ ကြီးစိုးနေဆဲ
တကယ်… လှုပ်ရှားနေတဲ့
နှလုံးသားက အကြည်းတန်သွားပြီလေ..။
အဲဒီည တစ်ညလုံး ခုတ်မောင်းနေတယ်
တေလေတွေလို လွင့်မျောနေတယ်
စွန်တွေလို ရစ်ဝဲနေတယ်
ဒီရေတွေလို စီးဆင်းနေတယ်
စိတ်ကူးယဉ် ခံတွင်းခြောက်သွေ့လာတဲ့
အသိတရား မမျှတလို့ တစ်လမ်းသွား
ကားလမ်းပေါ်မှာ မှောက်လဲလို့
နေဝင်ဆည်းဆာ ပြိုလဲကျခဲ့ပြန်ပြီပေါ့..။
နောက်ဆုံးခလုတ် တိုက်မိခဲ့တဲ့
ကျောက်ခဲတစ်ခုကို ကောက်ယူရင်း
အစာမကြေ အကြည့်နဲ့
ကဗျာ နှလုံးသားကို ရေးခြစ်ခဲ့
ကျောက်သင်ပုန်းတာ အက်ကွဲသွားတယ်
ရမှတ်က ဒဏ်ရာတွေပြည့်လို့
အနိုင် အရှုံး သံသရာ လည်ခဲ့ကြပြီလေ..။
နိယာမ ဆွဲငင်အား မတူကြတဲ့
ကဗျာပြိုင်ပွဲထဲ ဝင်ရောက်ယှဉ်ပြိုင်ရင်း
အကိုးအကား မတက်တဲ့ အနာတစ်ခုနဲ့
ဆေးစပ်ရင်း မလှမပ ပန်းချီကားတစ်ချက်က
နိဂုံးအဆုံးသတ် မကောင်းခဲ့လို့
သိပ္ပံနည်းကျ ပြုစားခံလိုက်ရတာ
ကမ္ဘာ အသင်္ချေ အနန္တထိတိုင်ပေါ့…။
တက္ကသိုလ်မြတ်မင်း

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 