Professional Authors

ကြိုဆိုရေး နှလုံးသား ကျောက်စာ

 

ပန်းသတင်း လေညှင်းဆောင်ခဲ့

လူသတင်း လူချင်းဆောင်လျက်

အောင်မြင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေ

သယ်ဆောင်လို့ ကမ္ဘာ့ရွာထဲက

စံပြအိမ်ကလေး သူ တည်ဆောက်ခဲ့…။

 

အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက်

ငြင်းဆိုချက်တွေ အတိုင်းမသိ ပယ်ချရင်း

ဖြောင့်မတ်တဲ့ ခရီးလမ်းပေါ် ဆက်လျှောက်ခဲ့

အတ္တ မပါတဲ့ သူ့ စွမ်းဆောင်ချက်က

ပြည်သူ့အတွက် ဂုဏ်သတင်းကောင်းတွေပေါ့…။

 

အဆိုးနဲ့ အကောင်း တိုက်ခိုက်နေတဲ့ လောကကြီးအတွက်

အဆိုးကို အကောင်းမြင်ဖို့ အကောင်းကို သစ္စာရှိဖို့

ငြိမ်ချမ်းရေး လမ်းစဉ်ပေါ်မှာ

အလှတရားတွေ တန်ဆာဆင်လျက်

အောင်မြင်မှုနဲ့ သူ ပြန်လာခဲ့…။

 

ခရီးကြမ်းတဲ့ လေလှိုင်းတွေအောက်

အတောင်ဖြန့်လို့ ခွန်အားတွေနဲ့

စိတ်စွမ်းအား ထက်ထက် မာန်ဝံ့ရင်း

ငြိမ်းချမ်းရေး သံစဉ်တွေဟာ

ကမ္ဘာမှာ လွှမ်းခြုံလို့

အောင်မြင်မှုတွေ ဝေဆာခဲ့တဲ့

သူ့အတွက် ပြည်သူတွေက စောင့်မျှော်ကြိုဆိုလျက်…။

 

ကြိုဆိုနေကြတဲ့……..

ငြိမ်းချမ်းရေး ပန်းခိုင်တွေကို

ကိုယ်စီ ကိုင်ဆောင်နေတဲ့

အမိမြေချစ်တဲ့ ပြည်သူတွေကို

လှမ်းနေတဲ့ သူ့ရဲ့ မေတ္တာ ကရုဏာ မုဒိတာ

လေးပါးဗြဟ္မစိုရ် တရားနဲ့ ပီတိအပြုံးဟာ

သမိုင်းဝင် ထာဝရ ထင်ကျန်နေမည့်

ပြည်သူ့ နှလုံးသား ကျောက်စာပေါ့…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Jun 30, 2012
Comment #1

🙂

commentinfo By: ei lay at Jun 30, 2012
Comment #2

ကောင်းလိုက်တဲ့ကဗျာဗျာ

commentinfo By: အသဲကွဲမိုး at Jun 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment