Professional Authors

ရင်ခွင်တမ်းချင်း (မိုးဇက်)

“အမေ…..”
ယောင်ယမ်းပြီးခေါ်မိတာပါ အမေ…
မေမေများ ကြားလေမလား
သားညည်းတွားကြည့်တာပါ…..

အတောင်ပံအစုံအလင်နဲ့
ပျံသန်းချင်တာပါမေမေ
ဒါပေမယ့်လေ
ဘယ်နေရာပဲဖြစ်ဖြစ်
စိတ်မဲညစ်သူတွေများတယ်
ငါးပျံတစ်လှည့်၊ ဘုံလုံတစ်လှည့်နဲ့ပါ မေမေ…….။

လောကကြီးကဆန်းပြားလွန်းတယ် အမေရယ်
ကလေးအရွယ်တွေလည်းမဖြူစင်တော့
လောကဓံဝဲကတော့မှာ သာယာ
ချီးတောထဲလသာနေကြတယ် မေမေ…..။

မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်
အဲခေတ်ကရောက်ခဲ့ပြီးပြီ မေမေ…
ဒီတစ်ခါက
ကြီးနိုင်ငယ်ညှင်း လည်မျိုနင်းချက်တွေနဲ့
ချက်ချင်းအသက်ထွက်စေကြတာ   အမေ……။

တူဖြစ်ရင်နှံ ၊ ပေဖြစ်တော့ခံ
မြေနိမ့်ရာ လှံစိုက်ကြ
ဘူးလေးရာကိုမှ ဖရုံဆင့်
“အင့်” ကနဲနေအောင်ခံစား
တုံးအောက်ကဖားဘ၀တွေပါ အမေ…….။

သားလေ… သိပ်အံ့သြမိတာပဲ
ကြောင်သူတော်တွေလည်းပေါတယ်
မှောင်ထူထူမှာ ဘ၀တွေလည်းမျှောတယ်
ပုစွန်ဆိတ်ကလေးတွေလည်း ပင်လယ်ကူးတယ်
ပိုးဖလံတွေလည်းမီးမှာမြူးတယ်။

စိတ်ရှုပ်တယ် မေမေရာ
သားလေ… ခဏတာလေးဖြစ်ဖြစ်
တမှေးဖြစ်ဖြစ်၊ တစ်ရေးဖြစ်ဖြစ်
အမေ့ရင်ခွင်မှာ ပြန်လာ အိပ်ပစ်ချင်တယ် အမေရယ်…….။

အမေ ညည်းတဲ့သားချော့တေးရယ်….
ကျောပွတ်သိပ်ပေးမယ့်အမေ့လက်ရယ်…
သားသိပ်ကိုလိုလား
အမေ့ရင်ခွင်ကြား
သား ခဏပြန်နားပါရစေ အမေ…….။

                                (အမေ့ကိုလွမ်းလျက်…….)

In: ကဗျာ Posted By: Date: Jun 11, 2012
Comment #1

ကောင်းလိုက်တဲ့ကဗျာလေးဗျာ

commentinfo By: အသဲကွဲမိုး at Jun 11, 2012
Comment #2

ကြောင်သူတော်တွေလည်းပေါတယ်
မှောင်ထူထူမှာ ဘ၀တွေလည်းမျှောတယ်
ပုစွန်ဆိတ်ကလေးတွေလည်း ပင်လယ်ကူးတယ်
ပိုးဖလံတွေလည်းမီးမှာမြူးတယ်။

မှန်လိုက်တာ !!

commentinfo By: ငယ် at Jun 11, 2012
Comment #3

သဘောကျမိပါသည်

commentinfo By: lapannai at Jun 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment