Professional Authors

ငါ့တစ်ကိုယ်စာ တရား

ဘာမှ မထူးဆန်းဘူးသီချင်းကို မနက်ခင်းထဲ ထည့်ဖွင့်မယ်
အဆင်မပြေတဲ့လူက အဆင်မပြေသလို သောကပွားပြီး
အဆင်ပြေတဲ့လူက အဆင်ပြေသလို လောဘများတာပဲ
မျက်နှာသစ်မယ့်ရေခွက်ထဲ ကိုယ့်ဒုက္ခကိုယ် မှန်ထောင်ကြည့်လိုက်
ကိုယ့်ကိုယ်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်
မမီမကမ်းစကားလုံးတွေနဲ့ လောကကြီးကို တွေးခေါ်စရာမလိုဘူး

မနက်စာထမင်းပန်းကန်ထဲက တစ်ချို့တစ်ဝက်ကို
ငှက်ကလေးတွေအတွက် ကြဲပက်တာ ဒါနမျိုးစေ့ချခြင်းပဲ
အိမ်ရှေ့ကမြောင်းကို ရေစီးရေလာကောင်းအောင်
ဆယ်တန် ဆယ် ဖို့တန် ဖို့တာ လောကကောင်းကျိုးသယ်ပိုးတာပဲ
ဒါနဲ့မှ ပျော်စရာမတွေ့သေးရင်
မျက်လုံးကို ထက်သထက် ထက်အောင် သွေးပြီး
ဆတ်ကော့လတ်ကော့မိန်းမတစ်ယောက်ရဲ့ရင်အုံကို
ဓားမြှောင်လို ထိုးစိုက်ခွင့်ရှိသေးတယ်

ကဗျာဆရာတွေပြောပြောနေတဲ့ရူးသွပ်မှုမှာ
ငါ့အရသာဟာ ဘယ်လိုအဆင်းရနံ့မျိုးလဲ
ပေါက်နေတဲ့ခပ်ညံ့ညံ့ပြန်ဆိုတေးတစ်ပုဒ်ကို လေချွန်ရင်း
လူတစ်ကိုယ်လုံး အမှိုက်လေးတစ်စလို လွင့်နေတယ်
ငါတို့နေထိုင်ရတာ ရွှေသားအတိပြီးတဲ့ဈေးနှုန်းတွေနဲ့
အသံထွက်မှန်အောင် မဖတ်တတ်လည်း
အလွယ်တကူဝယ်ယူဝတ်ဆင်ခွင့်ရှိတဲ့ပျော်ရွှင်ဖွယ်ဘ၀မှာ

ဘာလိုသေးလဲ
`ရှင့်ကို ကျုပ် မယုံဘူး ´တွေ၊` ရှင်ဟာ လူလိမ်လူညာ´တွေနဲ့
ငါ့ကောင်မလေးရဲ့နှုတ်ခမ်းကလည်း မကုန်နိုင်မခမ်းနိုင် လှပလို့
အိပ်မက်တွေ၊စိတ်ကူးတွေ၊စကားလုံးတွေ၊ဂန္ထ၀င်တွေ၊
မော်ဒန်တွေ၊ပို့စ်မော်ဒန်တွေ၊LPတွေ၊PLPတွေနဲ့
ငါ့ဘ၀ရဲ့နေ့တွေညတွေကလည်း အရိုးပေါ်အရေတင် လှပလို့
ရောဂါပိုးမွှားတွေ၊စိုးရိမ်ထိတ်လန့်မှုတွေ၊မ၀ရေစာတွေ၊
ဝဋ်နာကံနာတွေ၊တိုင်းပြည်နဲ့လူမျိုးအတွက်တွေ၊
မက်လုံးတွေ၊ပြက်လုံးတွေ၊ပဉ္စလက်တွေ၊မျက်လှည့်တွေ၊
နိုင်ထက်စီးနင်းတွေ၊နျူကလိယတွေ၊အဏုမြူတွေ၊
သံချပ်ကာကားတွေ၊စစ်ပွဲတွေနဲ့
ကမ္ဘာကြီးရဲ့ကိုယ်ပိုင်သံစဉ်တွေကလည်း စည်းလွတ်ဝါးလွတ် လှပနေမြဲပဲ

အင်္ကျီမှာ စီးကရက်နံ့လို စွဲနေတဲ့ အကုသိုလ်တွေကို
ဒီအတိုင်းထားလိုက်တာ ကောင်းပါတယ်
ငါ့ဘွဲ့ဓာတ်ပုံမှန်ကားလေး ဖုန်သုတ်နေရင်း
ကျကွဲသွားတာလည်း ကောင်းပါတယ်
ဘာတွေဖြစ်ဖြစ် ကောင်းပါတယ်၊ဘယ်လိုဖြစ်ဖြစ်
ကောင်းပါတယ်၊ဘာတွေ ဘယ်လိုပဲဖြစ်နေနေ ကောင်းပါတယ်
ဒီကဗျာကို ဒီနေရာမှာတင် ရပ်ထားလိုက်တာလည်း ကောင်းမယ်ထင်ပါတယ်

                                                                                    ကိုသျှား

In: ကဗျာ Posted By: Date: Jun 6, 2012
Comment #1

ရောက်ရောက်ခြင်း အားပါးတရ ဖတ်သွားတယ် အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jun 6, 2012
Comment #2

ကိုသျှား……
ဘာပြောရမှန်းမသိဘူး….ကဗျာက ရှယ်ပဲ.။

commentinfo By: poem.poem28 at Jun 6, 2012
Comment #3

ဘယ်စာက ဘယ်လိုကောင်းတယ်ဆိုတာကို ထုတ်မပြောနိုင်လောက်အောင် တစ်ပုဒ်လုံးကိုကြိုက်မိတယ် 🙂

commentinfo By: yamone phoo at Jun 6, 2012
Comment #4

အခေါက်ခေါက်အခါခါ ပြန်ဖတ်မိအောင်ကောင်းတယ်…ကိုသျှားရေ…
ကို့ အကိုတစ်ယောက်ဆိုတာကိုမေ့ထားပြီးမညှာမတာဝေဖန်ရရင်တော့
နည်းစနစ်ပိုင်းတော့သိပ်မသိသေးဘူး ခံစားမှု့အရဆိုရင်တော့
ကဗျာထဲမှာ ကိုသျှားဆိုတာပျောက်နေတယ်……။ 🙂

commentinfo By: terry at Jun 6, 2012
Comment #5

phat shu r pay twar par d,

commentinfo By: ei lay at Jun 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment