Professional Authors

လေအရင်းအမြစ် (စိုင်းဝင်းမြင့်)

အပျက်အစီးဟာ အလှကြည့်စရာ
မုန်တိုင်း မုန်တိုင်း နောက်တစ်ခါပြန်လာမယ်
မပြိုသေးရင်ဖြိုဖို့ လေဟာ မြေပုံဆွဲလာ
ကောက်ကြောင်းများအတိုင်း တစ်အော်တည်းအော်
အော်အော်ပြီးလာမယ် အော်
လေဟာ အားအပြည့်
နောက်ထပ်ဖြည့်စရာအပြည့်နဲ့
အသက်ရှစ်ဆယ် အဖိုးကြီး ငါ့တစ်သက်မှာ တစ်ခါ
မေမေ သမီးဗိုက်ထဲ ပြန်ဝင်နေလို့ မရဘူးလား
ပေါင်မုန့်တစ်လုံး ပစ်ပေးလိုက်တဲ့အခါ ခင်ဗျားဘုရားသခင်လား
လေဟာ သားစဉ်မြေးဆက် ဆက်လက်ပြောရမှာ
အဖျားခတ်သွားတာ ရန်ကုန်မှာ
ရန်ကုန်ကို မုန်တိုင်းဖြတ်အသွားမှာ
လက်သမားဆရာရဲ့ အိမ်ကို ကျွန်တော်တို့ အရင်ပြင်ရမှာ
အရင်လိုနေတာက အရင်လို သံနဲ့ဆန်
တစ်ခါပြန်စွဲမြဲဖို့ တွေ့သမျှဆွဲဖို့
ဒီမှာ တစ်ခါပြန်လွဲတာပဲ
အသုဘက ချတော့မယ် လက်တစ်ဖက်က ရှာမရသေး
လုပ်ကြပါဦးဟ လက်တစ်ဖက်အတွက် တစ်နေရာဖယ်ထား
အသင့်ပြင်ထား လက်စွပ်တစ်ကွင်း လက်ကောက်တစ်ဖက် စွပ်လျက်
အသည်းမြားစိုက် ဆေးမင်ကြောင်ထိုးလျက်
လက်တစ်ဖက်ရောက်လာမယ်
လူတိုင်း ကိုယ့်အိမ်ကိုယ်ပြင်ပြီး ကိုယ့်အပေါက်ကိုယ်ဖာကြတဲ့အခါ
ကဗျာဟာ ဘာလဲ တင်ကူးပြောတာပဲ
မြစ်ကို ဖြတ်မကူးဖို့ ငါတို့ အချိန်နည်းနည်းရတယ်
လက်ဖက်ရည် တစ်ယောက် တစ်ခွက်သောက်
မုန်တိုင်းမလာခင် ၀တ်စုံအပြည့် ဆံပင်ထောင်ထား
သစ်တစ်ပင် ပြန်စိုက်နေမလား တစ်ဖက်မှာ ပြိုကျသွားပါပြီ
လင်းလာတဲ့အခါ ရန်သူရဲ့ အရသာပီလာတယ်
ခေတ်မီသူတိုင်း လန်ကြသည်
လန်ထွက်နေတာပဲ ကိုင်းကြီးကြီးမှာ သွားနားပါဆိုတာ
အခုတော့ တကယ်ရောက်လာပါပြီ
အပြောင်အပျက်ဟာ အတည်ဖြစ်လာပြီ
နည်းနည်းနာတာကို များများခွာလို့ လေဟာဟိုဘက်ကတိုက်တယ်
ဒီဘက်ကတိုက်တယ် မရရင် တစ်ဖက်လှည့်တိုက်တယ် ၀ိုင်းတိုက်တယ်
မပြိုမချင်း မလန်မချင်း
အပိုင်းပိုင်းဖြတ်/ ပြတ်/ ပြုတ်ထွက်သွားအောင်တိုက်တယ်
ဒီအရွက်က ဘာအရွက်လဲ ကြည့်
အဲဒါ သရက်ရွက်တွေလေ ကြွေနေတဲ့သရက်သီးနဲ့ ဆက်စပ်ကြည့်ရမှာ
ဒီဇိုင်းအသစ်နဲ့ ၂၀၀၈ အလှည့်ကျနာဂစ်
ငါမကြိုက်တာ အဲ့ဒါပဲ အားပျော့ပြီး တစ်ဖက်ကိုဝင်သွားတာ
သွားလေ ဒီအရှိန်အတိုင်းပဲ သွားလေ ကုန်းပေါ်ရောက်သင်္ဘောများ
ရေဇိမ်ခံမလား လေဇိမ်ခံမလား
ဒီလိုလေပြင်းမျိုး ကြုံဖူးလား နှစ်ခြောက်ဆယ်အတွင်း
ဘာမှမဖြစ်ခဲ့လို့သာပေါ့
နှစ်ရှစ်ဆယ်အပင် အမြစ်လှဲ/လှန်ခံရတာ အခုတော့ စိတ်နာနာနဲ့
ငါ့သားကိုပဲ ငါနာမည်ပြောင်းရတော့မလို ဒီကောင်မုန်တိုင်း
ဘယ်သွားသွားနေလဲမေးမေးနေရတာ
ဟေ့ မုန်တိုင်းရေ လာစမ်းပါဦးကွလို့ ခေါ်ခေါ်နေရတာ
မုန်တိုင်းကြီးရွာလည်း မုန်တိုင်းထဲပါ အခုတော့ မုန်းတိုင်း မုန်တိုင်း
ကျောဖက်ထားထားရတော့မလို
နံရံတစ်ချပ် ပြန်ကာ/စီ ထားရတော့မလို
အိမ်ပဲအရင်ပြင်၊ လမ်းပဲအရင်ရှင်း
ကိုယ့်ကိုယ်ကိုယ်ပဲ မြန်မြန်ကယ်ရတော့မလိုလို့ 
စိုင်းဝင်းမြင့်
(များများမြန်မြန် – ကျော်မွှေး၊ ၂၀၀၈။)

Credits: LanOlay

Comment #1

အားရပါးရဖတ်သွားပါတယ်.

commentinfo By: May Kha at May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment