Professional Authors

အရိယာတို့ ရင်တွင်းက ဖွင့်ထုတ်ခဲ့တဲ့ ကဗျာ

 

 

(အရိယာတို့ ရင်တွင်းက ဖွင့်ထုတ်ခဲ့တဲ့ ကဗျာ)

 

“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။

ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။”

  အရိယာတို့ ရင်တွင်းက ဖွင့်ထုတ်ခဲ့တဲ့ ကဗျာ

“အဖန်ဖန် ဖြစ်ခြင်းများစွာ၊ ဒီဝဲသြဃ ဒီသံသရာထဲ၊

အဝိဇ္ဇာဇွဲ မသိဘဲ ပြေးလွှားမြဲ ပြေးလွှားခဲ့ရ၊

ဘဝတဏှာရပ်ကွက်ထဲ၊ အိမ်ဆောက်သူ

ဘဝနိကန္တိကတဏှာ လက်သ္မားကို ရှာဖွေရင်း၊

အစဉ်ဖြစ်ခြင်းတွေသာ ဖန်တစ်ရာ ဆင်းရဲမြဲ ဆင်းရဲခဲ့။

 ဟေ့ အမောင်လက်သ္မား သင့်ကို ငါမြင်ပြီ၊

သင်ကို ပြည်သစ် အိမ်သစ်ဆောက်ခွင့် မရတော့

သင့် အိမ်နံရိုး ငါရိုက်ချိုး ဖျက်ဆီးခဲ့ပြီ၊

သင့် အိမ်တဏှာအထွဋ်ကို ငါ ပယ်ချွတ် တိုက်ထုတ်ခဲ့ပြီ။

တဖန် ပြုလုပ်ခြင်း ကင်းရာဆိုက်ကပ်ခဲ့ ငါ့စိတ်၊

ဘဝတဏှာတို့ တပ်မက်မှုဆိတ်သုဉ်းရာ ငါ ရောက်ရှိခဲ့ပြီ။” (တက္ကသိုလ်မြတ်မင်း)

သာသနာတော် သက္ကရာဇ် ၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဂိမှန္တဥတု ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်တဲ့ ဒီလိုနေ့သစ်မျိုးတွင် မြတ်ဗုဒ္ဓ၏ ပုခတ်တွင်းမှာ မွေးဖွားလာကြသည့် ဗုဒ္ဓဘာသာသူတော်စဉ်တွေအတွက် အထင်ကရ အမှတ်တရ ဖြစ်ဖွယ်သွယ်သွယ်နဲ့ မြတ်ဗုဒ္ဓ ဖွားမြင်သည့်နေ့၊ မြတ်ဗုဒ္ဓ ပွင့်တော်မူသည့်နေ့၊ မဟာပရိနိဗ္ဗာန် စံမြန်းသည့်နေ့ဟူ၍ ဗုဒ္ဓဘာသာ သူတော်စဉ်တွေ သိကြမည် အမှန်ပင်ဖြစ်သည်။

အတိတ်ကာလ ဟိုသံသရာ လွင်ပြင်ထဲမှာ ကမ္ဘာအသင်္ချေများစွာက ပျောက်ကွယ်နေသော လူသုံးပါးတို့၏ ဦးခိုက်ရဖြစ်သော စကြာဝဠာပန်းတစ်ပွင့် ပွင့်ထွန်းလာဖို့ဆိုတာ အလွန်ခက်ခဲသော အရာပင်ဖြစ်ပါတယ်။ ဤကဲ့သို့ ကမ္ဘာမှာ ရှားပါးလွန်းသော စကြာဝဠာပန်းကောင်းတပွင့် ပွင့်ထွန်းဖို့ရန်အတွက် စိုက်ပျိုးရသော ယောကျာင်္းကောင်း လူစွမ်းကောင်းဆိုတာလည်း တကယ်ပင် မရှိမဖြစ် လိုအပ်သော အရာပင် ဖြစ်သည်။ ထိုတွင် ယောကျာင်္းမြတ် သုမေဓရှင်ရသေ့က သင်္ချေလေးရပ် တသိန်းထက်မှာ ဘုရားမြတ် ဒီပင်္ကရာ ထံတော်ပါးမှာ တကယ်စွမ်းအား တကယ့်လုပ်ဆောင်ချက်ကောင်းသော ကိုယ်အားတွေဖြင့် စကြာဝဠာပန်းမျိုးစေ့ကို ချခဲ့လေပြီ။

ထိုစကြာဝဠာပန်းကောင်းဖြစ်မည့် မြတ်ဗုဒ္ဓလောင်းလျသည် ဝဲသြဃမြစ်ပြင်ကျယ် ဘဝများစွာ ဟိုသံသရာတွင်း နစ်ဆင်း၍ ကျင်လည်စဉ် နုစဉ်အခါမှာ အလုံးစုံ သိမြင်နိုင်သော လေးသစ္စာကို ရရန် အလိုငှာ  ဒီပင်္ကရာမြတ်စွာဘုရား ကြွတော်မူမည့် လမ်းကို ရသေ့တပါး ဖြစ်သော်ငြားလည်း ကိုယ့်လုပ်အားနဲ့ အများမလုပ်ဆောင်နိုင်သော နေရာကို တာဝန်ယူ၍ ပါရမီဖြည့်လျက် ဒီပင်္ကရာမြတ်စွာဘုရား ထံတော်ပါးမှာ လေးသစ္စာကို ထိုးထွင်းသိမြင်နိုင်သော သဗ္ဗညုတဘုရားဆုကို ပန်ဆင်ကာ မျိုးစေ့ချခဲ့ခြင်းဖြစ်သည်။

ထို့နောက်သံသရာ လှိုင်းကြမ်းပြင်ဝယ် နိမ့်လိုက် မြင့်လိုက် လှိုင်းကြမ်းခတ်လို့ အစုံစုံ ကျင်လည်ရသော ဘဝအထွေထွေ မြစ်ပြင်ကျယ်မှာ ဆယ်ထွေပါရမီနှင့် အကျယ်သုံးဆယ် ပါရမီတော်မြတ်တွေကို ဖြည့်ကျင့်တော်မူသဖြင့် နောက်ဆုံး ဘဝ လူဌာနီတွင် ယောကျာင်္းမြတ် အင်္ဂါနှင့်အညီ သန္ဓေစွဲကပ်၍ မင်းမြတ်သုဒ္ဓေါဒနနှင့် မဟာမာယာဒေဝီတို့ ၏ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော မြေကွက်ထဲ မျိုးစေ့ကောင်း စကြာဝဠာပန်းတပွင့် ပန်းထွန်းခဲ့လေပြီ…။

ထိုစကြာဝဠာပန်းကောင်းတပွင့်၏ ရနံ့သည် ဤဘဒ္ဒကမ္ဘာ များသံသရာတွင်း သက်ဆင်းလေသည့် သတ္တဝါဝေနေ များဗိုလ်တို့၏ နှလုံသားတခွင်ဝယ် မွှေးကြိုင်လန်းဆန်း အရိယာမဂ္ဂင်လမ်းကို ပို့ဆောင်တော်မူခဲ့ချေပြီ။ အကယ်၍သာ စကြာဝဠာပန်း တစ်ပွင့် တဏှာလွှမ်းသော ဤကမ္ဘာကြီးမှာ မပွင့်ထွန်းခဲ့ဘူးဆိုရင် သတ္တဝါဝေနေ များသင်္ချေတို့ ကိလေသာအပူတွေ ပင်လယ်ဝေလို့ ဒုက္ခအထွေထွေနဲ့ ခေါင်းမဖော်နိုင်အောင် သံသရာဝဲသြဃအတွင်း မျက်စိတွေလည်အုန်းမည် အမှန်တကယ်ပင် ဖြစ်သည်။

ထူးခြားလွန်းသော အချက်မှာ သုဒ္ဓေါဒနမင်းကြီး၏ မဟာမာယာဒေဝီ မိဖုရားခေါင်ကြီးပင်ဖြစ်သည်။ နှစ်ပရိစ္ဆေဒကြာညောင်းလို့  အများက တမျိုးထင်၍ အမျိုးမျိုး တွေးထင်ခဲ့တဲ့ မဟာမာယာဒေဝီဟာ အကျင့်အားဖြင့် မိန်းမမြတ်ဖြစ်လို့ ငါးပါးသီလနှင့်လည်း ပြည့်စုံသဖြင့် စင်ကြယ်သော မဟာမာယာဒေဝီသည် တော်ဝင်မင်းမြတ်အတွက် သားသမီး ရတနာကို မွေးဖွားပေးနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် နှစ်ပရိစ္ဆေဒ ဖြိုကျလို့ ကာလအပိုင်းအခြားတစ်ခုမှာ မဟာမာယာဒေဝီ မိဖုရားခေါင်ကြီးသည် ထူးခြားတဲ့ ဝါဆိုလပြည့် ကြာသပတေးနေ့ သန္ဓေစွဲကပ်လို့ သားမြတ်ရတနာကို ရရှိခဲ့လေတယ်။

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့် သောကြာနေ့မှာ သိဒ္ဓတ္ထကုမာရဆိုသော စကြာဝဠာပန်းကောင်းတစ်ပွင့်သည် လုမ္ဗိနီသာမော အင်ကြင်းတောမှာ မဟာမာယာစိုက်ပျိုးထားသော လယ်ကွက်ထဲတွင် ပွင့်ထွန်းခဲ့လေပြီ။ သိဒ္ဓတ္ထကုမာရဆိုသော စကြာဝဠာပန်းကလေးတစ်ပွင့် ပွင့်လျှင် ပွင့်ခြင်းမှာပင် ဥဒါန်းကျူးခဲ့ပါတယ်… အဂ္ဂေါ ဟမသ္မိ လောကဿ၊ ဇေဋ္ဌော ဟမသ္မိ လောကဿ၊ သေဋ္ဌော ဟမသ္မိ လောကဿ၊ အယမန္တိမာ ဇာတိ နတ္ထိ ဒါနိ ပုန ဘဝေါ.. ဆိုသော စကားတော်ပင်တည်း…။

ထူးခြားသောအခြင်းမှာ သိဒ္ဓတ္ထကုမာရကို မွေးဖွားပြီးနောက် မိခင် မဟာမာယာဒေဝီ မိဖုရားကြီး နတ်ရွာစံမြန်းခဲ့ရပါတယ်။ ထို့အတွက်ကြောင့် သိဒ္ဓတ္ထကုမာရ မင်းသားလေးကို ပဇာပတိ ဂေါတမီ မိဖုရားကြီးက ရင်နဲ့လွယ်မွေးသော သားတယောက်ပမာ စောင့်ရှောက်ခဲ့တယ်။ သိဒ္ဓတ္ထကုမာရမင်းသားလေးသည် ၁၆ နှစ်မှ ၂၉ နှစ်အထိ နွေအခါ သုံးဆောင်သော နန်းအဆောင်အယောင်၊ မိုးအခါ သုံးဆောင်သော နန်းအဆောင်အယောင်၊ ဆောင်းအခါ သုံးဆောင်သော နန်းအဆောင်အယောင်စသည် ရွှေနန်းကြီး သုံးဆောင်တို့ကို အသုံးပြု၍ ကာမဂုဏ်၏ ယစ်မူးခြင်းဖြစ်သော နန်းစည်းစိမ်းကို ခံစားတော်မူခဲ့ပြီး အိုခြင်း၊ နာခြင်း၊ သေခြင်း စသည်တို့၏ အကြောင်းတရားတွေကို သိတော်မြင်တော်မူသဖြင့် အိမ်ရာတည်ထောင် လူတို့ဘောင်မှ ရှောင်ခွာလို့ အနော်မာသောင်သို့ ရောက်ခဲ့ပါတယ်။

အနော်မာသောင်ယံမှာ ဆံကေသာကို ပယ် သင်္ကန်းဝတ်လို့ လောကုတ္တရာတရား ရှာထွက်ခဲ့တာ ဥရုဝေလသို့ ရောက်ရှိခဲ့ပါတယ်။ ဥရုဝေလရောက်ရှိတော့ ဥဒက ရသေ့ဆရာကြီးနဲ့ အာဠဒ ရသေ့ဆရာကြီး နှစ်ဦးတို့ဆီ ကမ္မဋ္ဌာန်း စီးဖြန်းနည်းတွေကို သင်ကြားခဲ့တယ်။ နောက်ပိုင်း ဥရုဝေလမှာ ခြောက်နှစ်ကြာ ဒုက္ကရစရိယာဆိုတဲ့ ကိုယ်ကို ဆင်းရဲစေတတ်သော အစွန်းတဖက်သို့ ရောက်စေတတ်သော အတ္တကိလမထနုယောဂ ကျင့်ခြင်းက မြတ်မြင့်သော လမ်းစဉ်မဟုတ်ကြောင်းကို သိရှိ၍ လမ်းစဉ်သစ်ဖြစ်သော အလယ်အလတ် ကျင့်စဉ်ဖြစ်သော သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရွေးချယ်သဖြင့် သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မှာ မဟာဗောဓိပင်အောက် ရွှေပလ္လင်ပေါက်လို့ လောကသုံးပါးတို့၏ ဦးခိုက်ရာဖြစ်သော စကြာဝတေးမင်းတို့ ထက် မြတ်မြင့်သော ကမ္ဘာအသင်္ချေက ပျောက်ကွယ်နေသော အရိယာ စကြာဝဠာပန်း တစ်ပွင့်သည် ပွင့်ထွန်းလာခဲချေပြီတကား..။

အရိယာတို့၏ ကျူးရင်းခဲ့သောဥဒါန်းကဗျာ

  ဒါကတော့ ဆရာမင်းသုဝဏ် ရေးစပ်ခဲ့တဲ့ ကဗျာပါ။
—–***—–

အိမ်ဆောက်သမား သင်ယောက်ျားကို

ဘဝများစွာ သံသရာတွင်

ငါသည် လှည့်ပတ် ရှာဖွေခဲ့။

 မတွေ့ရဘဲ ဇာတိထဲတွင်

ဆင်းရဲခဲ့ရ အကြိမ်ကြိမ်။

 အိမ်ဆောက်သမား အို ယောက်ျား

ခုကား သင့်ကို ငါ တွေ့ပြီ။

 
နောင်ခါတဖန် အိမ်ဆောက်ရန်ကို

မကြံစည်နှင့် မရတော့။

 ခေါင်လျောက် ရက်မ ဟူသမျှကို

ဖြိုချ ဖျက်ချိုး ပစ်လိုက်ပြီ။

 ငါ၏ စိတ်လျှင်

ပြုပြင် ကင်းရာ ရောက်ခဲ့ပါ၍

တဏှာ ကုန်ခမ်းပြီတကား။

 

မြတ်ဗုဒ္ဓ၏ ဥဒါန်းကဗျာ

 

အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။

ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊

သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။

ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ။

၁။ ပုနပ္ပုနံ-ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ၊ ဇာတိ- ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်၊ ဒုက္ခာ-သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်ဆက် ၀င်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်ရဲလှဘိ၏။ (တသ္မာ-ထို့ကြောင့်) အဟံ-ဘုရားအလျာ သူမြတ်ငါသည်၊ ဂဟကာရံ – ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား လက်သမားကို၊ ဂဝေသန္တော -လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်၊ (၀ါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်၊ အနိဗ္ဗိသံ-အနိဗ္ဗိသန္တော-တဏှာယောက်ျား လက်သမားကို ပိုင်ခြား ထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေးသည်ဖြစ်၍ (၀ါ) ငါမရသေးသောကြောင့်၊ အနေကဇာတိ သံသာရံ-ဘ၀များစွာ သံသရာကာလပတ်လုံး၊ သန္ဓာဝိဿံ-ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွားကျင်လည်ခဲ့ရလေပြီ။

၂။ ဂဟကာရက-ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ် သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ်… လက်သမား၊ ဣဒါနိ- ဘုရားဖြစ်လာ ယခုအခါ၌၊ တွံ-သင် တဏှာယောက်ျား လက်သမားကို၊ ဒိဋ္ဌော- သဗ္ဗညုတ ဥာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်၊ အသိ-ဖြစ်ပေ၏၊ တွံ-သင်တဏှာယောက်ျား လက် သမားသည်၊ ဂေဟံ-ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသောအိမ်ကို၊ ပုန န ကာဟသိ-နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင်ဆောက်လုပ်နိုင်တော့မည် မဟုတ်ချေ။ တေ-သင် တဏှာယောက်ျား လက်သမား၏၊ သဗ္ဗာ-တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော၊ ဖာသုကာ-အခိုင်အမာ တည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာအခြင်ရနယ်တရားတို့ကို၊ ဘဂ္ဂါ-၀ါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်လေပြီ၊ ဂဟကူဋံ-သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အ၀ိဇ္ဇာ တည်းဟူသော အိမ်၏အထွတ်ကို၊ ၀ိသင်္ခတံ-မုန့်မုန့်ကြေမွ ငါဖျက်ချအပ်လေပြီ၊ စိတ္တံ-ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်၊ ၀ိသင်္ခါရံ-သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့၊ ဂတံ-အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ၊ အဟံ-သုံးလောကထွတ်ထား ငါဘုရားသည်၊ တဏှာနံ ခယံ-တဏှာတရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့၊ အဇ္ဈဂါ-စက္က၀ါရိုက်ခြောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်ခဲ့လေပြီတကား။

 

ဘဝတွေအခါခါ အထပ်ထပ်နဲ့ ပင်ပန်းမှုတွေနဲ့ ကိုယ်စိတ်တွေ ညောင်းညာသွားတဲ့အခါ ကဗျာကို ဖတ်တယ်။ 

မလိုလားသော ဆင်းရဲမှုတွေကို ဖြေဆေးတစ်ခုအနေနဲ့ မိမိတို့၏ ကိုယ်စိတ်တွေ လွတ်လပ် ပေါ့ပါးသွားတဲ့ အခါမှာတော့ ကဗျာကို ရွတ်လိုက်တယ်။ လောကီမဟုတ်  လောကုတ္တရာပါရမီနယ်ထဲက ရဟန်းတစ်ပါး အတွက်တော့ ကဗျာဟာ အရေးကြီးတဲ့ ဘာသာ စကားဖြစ်ပါရဲ့။

 ဘုရားရဟန္တာအရှင်မြတ်တွေဟာ ကိလေသာအပူတွေ ပြည့်လျှမ်းနေတဲ့ လောကီကို လွန်မြောက်သွားတာနဲ့ ကဗျာတစ်ပုဒ်ကို ချက်ချင်း ကောက်ရွတ် လေ့ရှိကြတယ်။ ဗုဒ္ဓသာဝကအရှင်တွေရဲ့ နှလုံးသားတွေပေါ်မှာ သန္တိသုခအရိပ်ထိုးကျပြီး ဓမ္မသိင်္ဂါရရသတွေ မြူးကြွသွားတဲ့အခါ ထေရဂါထာ၊ ထေရီဂါထာဆိုတဲ့ အကောင်းဆုံးဖြစ်သော မြတ်ကဗျာတွေ ထွန်းတောက်ခဲ့ပါတယ်။ ဗုဒ္ဓအရှင် ကိုယ်တော်တိုင်လည်း မဟာဗောဓိပင်မြတ်အောက်မှာ သဗ္ဗညုတဉာဏ်အလင်းပွင့်သွားတဲ့အခိုက် ကဗျာဗေဒနဲ့ ဒီလိုကျူးရင့်ခဲ့ တယ်။

အရိယာတို့ ရင်တွင်းက ဖွင့်ထုတ်ခဲ့တဲ့ ကဗျာ

 
“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။

ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။” 

 

အရိယာတို့ ရင်တွင်းက ဖွင့်ထုတ်ခဲ့တဲ့ ကဗျာ

“အဖန်ဖန် ဖြစ်ခြင်းများစွာ၊ ဒီဝဲသြဃ ဒီသံသရာထဲ၊

အဝိဇ္ဇာဇွဲ မသိဘဲ ပြေးလွှားမြဲ ပြေးလွှားခဲ့ရ၊

ဘဝတဏှာရပ်ကွက်ထဲ၊ အိမ်ဆောက်သူ

ဘဝနိကန္တိကတဏှာ လက်သ္မားကို ရှာဖွေရင်း၊

အစဉ်ဖြစ်ခြင်းတွေသာ ဖန်တစ်ရာ ဆင်းရဲမြဲ ဆင်းရဲခဲ့။

 ဟေ့ အမောင်လက်သ္မား သင့်ကို ငါမြင်ပြီ၊

သင်ကို ပြည်သစ် အိမ်သစ်ဆောက်ခွင့် မရတော့

သင့် အိမ်နံရိုး ငါရိုက်ချိုး ဖျက်ဆီးခဲ့ပြီ၊

သင့် အိမ်တဏှာအထွဋ်ကို ငါ ပယ်ချွတ် တိုက်ထုတ်ခဲ့ပြီ။

တဖန် ပြုလုပ်ခြင်း ကင်းရာဆိုက်ကပ်ခဲ့ ငါ့စိတ်၊

ဘဝတဏှာတို့ တပ်မက်မှုဆိတ်သုဉ်းရာ ငါ ရောက်ရှိခဲ့ပြီ။” (တက္ကသိုလ်မြတ်မင်း)

 

မြတ်ဗုဒ္ဓအရှင်ကတော့ နက်ရှိုင်းသိပ်သည်းတဲ အရိယာဝေါဟာရတွေနဲ့ ရိုးရိုးလေးကျူးရင့်ခဲ့တာပါ။ ဗုဒ္ဓရှင်တော် သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်လျှင် ဖြစ်ခြင်း ရွတ်ဆိုခဲ့တဲ့ အရိယာဥဒါန်းဖြစ်သလို မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ နောက်ဆုံး မြတ်ဗုဒ္ဓ ဝစနအနေဖြင့်လည်း (ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ၊ ဝယဓမ္မ သင်္ခါရာ၊ အပ္ပဒေန သမ္ပဒေထ) မြတ်ဗုဒ္ဓ၏ လမ်းစဉ်ကို လျှောက်လှမ်း ကြသော တပည့်သာဝက ပရိသတ်လေးပါးတို့ကို မမေ့မလျော့သော တရားရေစင်ဖြင့် တိုက်ကျွေးခဲ့လေပြီ။

 

ဒီလို ကဆုန်လပြည့်ကို ရောက်တိုင်းလည်း မြတ်ဗုဒ္ဓ၏ ပုခတ်တွင်းမှာ မွေးဖွားကြသော ဗုဒ္ဓဘာသာဝင်တို့က အစဉ်အမှတ်ရစေသော နည်းလမ်းကောင်းတွေနဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ အားလုံးသော သာသနာ့နွယ်ဝင်တို့၏ စိတ်တွင်း နှလုံးသားအတွင်းမှာ မြတ်ဗုဒ္ဓရှင်တော်ကို ကြည်ညိုလို့ မဆုံး သဖြင့် မိမိတို့ ရွတ်ဆိုနိုင်သော တရားဓမ္မတို့ဖြင့် ရွတ်ဆိုကြတယ်။ ပြီးတော့လည်း ကဆုန်ညောင်ရေသွန်း ပွဲတော်ကိုလည်း အစဉ်အလာမပျက် ပြုလုပ်ကြတယ်။ ဒါတွေကို ထိန်းသိမ်း၍ မြတ်ဗုဒ္ဓ၏ သာသနာ ရောင်ဝါ ကမ္ဘာနေလတို့ကဲ့သို့ ထွန်းလင်းပါစေလို့ ဆုတောင်းပတ္တနာပြုလိုက်ပါတယ်။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: May 5, 2012
Comment #1

nice

commentinfo By: ei lay at May 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment