Professional Authors

ရင်ကွဲမြစ်

သူ့အရိပ်ကို ခို သူ့ကိုင်းကို ချိုးယူမီးစိုက်ပြီး သူ့ကို ခုတ်လှဲကြတော့မလား
သူ့သွေးကို သောက် သူ့အသားကို စားပြီး သူ့ဘ၀ကို ခါးပြကြတော့မလား
လမ်းဘေးစင်ပေါ်က ရေအိုးထဲ ၀င်ပုန်းရလောက်အောင် သူ အထည်ကြီးပျက်ခဲ့ရ
ကယ်သူမဲ့နေ့ရက်တွေမှာ မိစ္ဆာတို့ရဲ့အောင်ပွဲ သူ့ဘ၀ထဲ သောင်ထွန်းခဲ့ရ
ငါတို့ကို ငြိမ်းချမ်းရေးတေးသီပြတဲ့ သူ့တသွင်သွင်စီးဆင်းသံ ဘယ်ဆီဘယ်ဝယ်
သူ့ပုခုံးပေါ် ဦးလည်မသုန် ထမ်းပိုးလာခဲ့တဲ့သမိုင်းစာမျက်နှာတွေ ဘယ်ဆီဘယ်ဝယ်
အဝေးကငှက်ဆိုးတွေ ငါတို့ရင်ကို ကုတ်ခြစ် ငါတို့ရဲ့အသည်းနှလုံးကို ထုတ်ယူလိုက်သလိုမျိုး
ယဇ်ပလ္လင်ကို သူ့သွေးနဲ့ ဆေးကြောကြတော့မယ်
ငါတို့သာ ဆန်တစ်ပြည်ပေးခဲ့ရရင် ဆီတစ်ပုလင်းတော့ ပြန်ယူချင်မှာပဲ
ငါတို့သာ ပါးတစ်ဖက်အရိုက်ခံရရင် နားတစ်ဖက်ကိုတော့ ပြန်ကိုက်မိမှာပဲ
ငါတို့အတွက် သစ္စာသိကျွန်ယုံတစ်ယောက်လို သူ ပေးဆပ်ခဲ့သမျှတွေ ဘယ်မလဲ
ငါတို့အပေါ် လူမျိုးဘာသာမရွေး သူ နားလည်ခွင့်လွှတ်ပေးခဲ့သမျှတွေ ဘယ်မလဲ
ငါတို့ဟာ မိခင်ရဲ့သားမြတ်ကိုမှ ရက်ရက်စက်စက် ကိုက်ဖြတ်ချင်ခဲ့တာလား
ခေတ်အဆက်ဆက်သမိုင်းပေးတာဝန်တိုင်းကို ကျေပွန်ခဲ့တဲ့ ငါတို့ရဲ့ရဲဘော်ရဲဘက်
လူသားပေါင်းသန်းခြောက်ဆယ်ကျော်ကို အခိုင်မာဆုံးချည်နှောင်ထားတဲ့ကြိုးတစ်ချောင်း
သွေးဆာနေတဲ့ဓားချက်တွေအောက်မှာ သူ့အသက်သူ မချိမဆံ့ ပြန်လုနေရရှာပေါ့
ဧရာဝတီ . . .

                                                                                               ကိုသျှား

In: ကဗျာ Posted By: Date: Apr 24, 2012
Comment #1

အရမ်းကောင်းတာပဲ ကိုသျှားရယ် . . . ကွက်တိ ထိအိ

commentinfo By: နတ်သမီး at Apr 24, 2012
Comment #2

အကို
ဧရာဝတီရဲ့ ထွက်လုဆဲဆဲ အသက်
တွေကို
ဒီကဗျာလေးထဲမှာ တွေ့ရှိရမိတယ် အကို
အကို့ကဗျာတွေ ရှင်သန်သလို
ကျွန်တော်တို့ရှင်သန်သလို
သူ့ကိုရှင်သန်စေချင်တယ်
အာဏာရှင်လူရမ်းကားတွေလက်က သူလွတ်ပါ့မလား
တရုတ်တွေက မျက်စောင်းထိုးနေ…
သူ့ကို ကျွန်တော်တို့ ဒီကဗျာလေးနဲ့ ပွေ့ပိုက်ထားရအောင် အကို
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Apr 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment