မာရီယာ ၃
မင်းဘ၀ကို မင်းပိုင်ပါတယ်၊ ငါ့ဘ၀ကိုလည်း မင်းပိုင်ပါတယ်
မင်းပိုင်တဲ့မင်းဘ၀ ငါမပိုင်ခဲ့ရသလို ငါပိုင်တဲ့ငါ့ဘ၀ဆိုတာလည်း
ငါနဲ့မဆိုင်တော့သလိုပါပဲမာရီယာ
မြစ်တစ်စင်းလို မကွေ့ကောက်ဘဲ မြစ်တစ်စင်းလို စီးဆင်းတတ်တဲ့မင်းရဲ့ရှင်သန်မှုက
ငါ့အဖြစ်ကို တိုက်စားလွန်းတယ်
ငါဟာ မင်းရှိရာအရောက်လာခွင့်မရှိတော့တဲ့ချောင်းကောလေးပါကွာ
မင်းရဲ့ရင်ငွေ့ကိုလှုံပြီး ငါ့စိတ်ကူးစိတ်သန်းတွေ လုံခြုံနွေးထွေးခဲ့ဖူးတယ်
မင်းရဲ့တယုတယဖေးမမှုမှာ ငါ့အရိုင်းစိတ်တွေ ယဉ်ယဉ်ကျေးကျေး သိမ်မွေ့ခဲ့ဖူးတယ်
ငါ့ဘ၀ဟာ မင်းခြေမင်းလက်ပါ
ငါကိုယ်တိုင်ဟာလည်း မင်းစိတ်ရဲ့အစေအပါးပဲမဟုတ်လား
မီးခိုလို မျောလွင့်ဝေးကွာခဲ့ရသမျှ တိမ်စိုင်လို လေးလံညွှတ်ကျနေရပေါ့
တစ်ဖက်သတ်ချုပ်ဆိုမိတဲ့စာချုပ်ဟာ အလွမ်းပဲ
အခုချိန် ငါသေသွားခဲ့ရင်တောင် မင်းကိုလွမ်းလို့ပဲဖြစ်မှာပါ
မင်းနဲ့ငါ့ကြားမှာ နေ့ရက်တွေ ခါးခါးလာတယ်
ငါ့မှာ စီးကရက်အစီခံတွေနဲ့အရက်ပုလင်းခွံတွေ များများလာတယ်
ဘယ်သူ့ဆီရည်ရွယ်ရမယ်မသိတဲ့မင်းနာကျည်းချက်တွေ ငါ့ကို ထိုးစိုက်ပါ
ဘယ်သူ့ဆီရည်ရွယ်ရမယ်သိတဲ့ငါ့စာပို့ခိုလေး အတောင်ပံနှစ်ဖက်စလုံး မင်းချိုးပါ
တကယ်ကို ရင်နာစရာအကောင်းဆုံးသစ္စာတရားနဲ့
အချစ်သမိုင်းမှာ အရိုင်းဆုံး ရှုံနိမ့်ခဲ့ရပေါ့
ဆွေးမြေ့ဆေးကို ငါ့သွေးကြောထဲ တစ်စက်ချင်း ထိုးသွင်းပေးနေတာလား
ရင်ပွင့်ပေါက်မတတ် အော်ခေါ်နေတာတောင် မင်း ကျောခိုင်းပြေးရက်တယ်
အဘယ်ဘုရားရှင်မှ ချေချွတ်လို့မရတဲ့ အစွဲအလန်းနဲ့
မင်းကိုတမ်းတစိတ်မှာ ငါဟာ မကျွတ်နိုင်မလွတ်နိုင် နာတာရှည်လို့
အာရုံအလုံးစုံ မိုးမွှန်အောင် မှောင်မိုက်ခဲ့ပါပြီမာရီယာ
ဟန်ဆောင်ရယ်မောနေတဲ့ငါ့ရင်အူသံမှာ မျက်ရည်ငွေ့တွေ ရွှဲရွှဲစိုနေရဦးမှာလား
ဒီတောဒီတောင်ရဲ့အမြင့်မားဆုံးသစ်ပင်ထိပ်ဖျားကို သွေးရူးသွေးတန်း တက်ပြီး
ငါ မင်းနာမည်ကို တစ်နေ့သုံးကြိမ် အော်ခေါ်နေတုန်းပဲ
ကိုသျှား
Comment #3
မာရီယာ နဲ့အစဉ်ပြေပါစေ
By: May Kha at Apr 14, 2012
Comment #4
ကြားအောင်ခေါ်လိုက်ပေါ့ ကိုသျှားရယ် . . 🙂
By: နတ်သမီး at Apr 16, 2012
Comment #6
ကိုသျှား…
အရေးအသေားကိုတော့တော်.တော်.ကြိုက်တယ်ဗျာ..
By: poem.poem28 at Apr 30, 2012
Comment #7
really really nice
By: ei lay at May 28, 2012
Comment #8
read again & feel again.
never change,
same feeling,,,i like it so much.
By: ei lay at Jun 17, 2012




Comment #1
အမည်စွဲ လွမ်းချင်း ဆိုပေမယ့်.. ဒါက.. အများဆိုင် နာမ်တစ်ခုလိုပဲ.. မျှဝေခံစားပစ်လိုက်လို့ရတယ်ဗျာ…
မာရီယာ… မာရီယာ…မာရီယာ………..