Professional Authors

ဏကြီးအတွက် ဒုတိယမြောက် အနုပညာ

 

 ရက်သတ္တတစ်ပတ် ကုန်လွန်တိုင်

  ငါ မင်းအိမ်ကိုရောက်လေ့ရှိတယ် ဏကြီး

  သော့ချိတ်ထားတဲ့တံခါးနဲ့

  ခပ်မှောင်မှောင်အခန်းငယ်လေးက

  အဲဒီနေ့ရက်တစ်ချို့ရဲ့ ညကိုးနာရီဆိုသောအချိန်ဖြစ်တယ်

  လူလတ်တန်းစားရပ်ကွက်ရဲ့

  မောင်းသူမဲ့ ညလမ်းကျယ်ထဲမှာ

  ငါ့ဆိုင်ကယ်စက်သံကပဲ ခပ်တိုးတိုးအသက်ဝင်လှုပ်ရှားနေခဲ့တယ်

  စိတ်ကူးယဉ်မဆန်တတ်တဲ့ မင်းရဲ့ စိတ်ကူးယဉ်စကားတစ်ခွန်းလိုပေါ့

  နွမ်းလျမောပန်းချိန်တစ်ချို့ရဲ့ညဆိုတာ အိပ်မက်တစ်ပုဒ်ဖြစ်တယ်ဆိုရင်

  မင်းကို ငါ သတိရတယ် ဏကြီး ။

 

– မှတ်မိသေးတယ် ဏကြီး

  မင်းနဲ့ငါ စခင်တုန်းက

  မန္တလေးမြို့မှာ ကောင်မလေးတွေ စတော့ကင် ဘောင်းဘီဝတ်ပြီးမလန်းကြသေးဘူး

  လူအများစုငါးသိန်းတန်ဟန်းဖုန်းနဲ့ စတိုင်လ်မထုတ်တတ်သေးဘူး

  ပေါင်လယ်ထိသာရှိတဲ့တိုနံ့နံ့ဂါဝန်နဲ့ အမျိုးသမီးတွေ ပွဲမတက်ကြသေးဘူး

  ကောင်လေးတစ်ချို့ ဆံပင်ကောက်၊ဖြောင့်လုပ်ပြီး ကိုရီးယားဒီဇိုင်းနဲ့ အရူးမထတတ်သေးဘူး

  တက္ကသိုလ်ကျောင်းသားတွေကြား Tricker Motorcycle ခေတ်မစားသေးဘူး

  Auto Tone သုံးထားတဲ့လူငယ်ကြိုက် R&B သီချင်းတွေ

  အင်တာနက်မှာလွယ်လွယ်ကူ ဒေါင်းလုပ်မချနိုင်သေးဘူး

  ဒါပေမယ့် မင်းနဲ့ငါ အကြိုက်တူတဲ့နက်စ်ပလိန်းကော်ဖီ ယဉ်ကျေးမှုက

  အခုထိ လူတွေကြားမှာ ရေပန်းစားနေတုန်းပဲ ဏကြီးရေ ။

 – မင်း မှတ်ချက်ချသလိုပါပဲ

  ငါဆိုတဲ့ကောင်က

  ဘာမဟုတ်တဲ့အကြောင်းအရာတစ်ခုအတွက် ခံစားထိရှလွယ်တယ်

  အချို့လူတွေအတွက် အားနာတတ်မှုကိုအခွင့်ကောင်းယူပြီး အသုံးချခံသတ္တ၀ါတစ်ကောင်ဖြစ်တယ်

  တစ်ချို့တစ်ဝက်အတွက်တော့ အပေါက်ဆိုးဆိုးခပ်ချာချာ ကောက်ကြောင်းတစ်ခုဖြစ်မယ်

  ကဗျာတွေ၊ စာတွေယဉ်ပါးရူးသွပ်တဲ့ ငါ့ကို

  မင်းအကြိမ်ကြိမ်အားပေးခဲ့ဖူးတယ်

  စာမူတစ်ပုဒ်၊ တစ်ပုဒ်ရေးပြီးတိုင်း မင်းတိုက်တဲ့နက်စ်ကော်ဖီသောက်ပြီး

  ငါ့ရဲ့လက်ရေးစာမူတွေ မင်းကိုပေးဖတ်ခဲ့ဖူးတာ

  မန္တလေးမြို့ရဲ့ Friends လက်ဖက်ရည်ဆိုင်ကသိတယ်

  Dynasty ရဲ့ အစွန်ကျကျထောင့်စားပွဲဝိုင်းလေးသိတယ်

  နန်းတော်ရှေ့ Cafe’ Blue ရဲ့ ခပ်ငယ်ငယ်စားပွဲထိုးလေးတစ်ယောက်သိတယ်

  အွန်လိုင်းတစ်ခေတ်မှာ Chatting တွေစွဲလမ်းစဉ်က

  တစ်နေ့နှစ်ခေါက်ရောက်ဖြစ်တဲ့ လမ်း ( 40 ) BJ Complex လည်းသိတယ် ။

 

– ငွေရေး၊ကြေးရေး စိစစ်သုံးစွဲရတဲ့ငါ့ဘ၀မှာ

  မင်းလောက်တော့ အပေါင်းအသင်းသိပ်မများခဲ့ဘူး ဏကြီး

  အခက်အခဲတစ်ချို့ကြုံချိန်မှာ ကူညီဖေးမခဲ့ဖူးတဲ့ မင်းဆိုတာ

  ငါ့ရဲ့တစ်ယောက်တည်းသောအချစ်ဆုံး သူငယ်ချင်း

  မင်းကပဲငါ့ကို ပျော်ရွှင်မှုတစ်ချို့ပေးဖူး

  မင်းကြောင့်ပဲ အ၀တ်အစားသပ်သပ်ရပ်ရပ်ဖြစ်အောင်ဝတ်ဆင်တတ်ခဲ့ဖူး

  မင်းနဲ့အတူပဲ တစ်ချို့နေရာတွေရောက်ဖူး

  အရာရာသွေးဆူလွယ်တဲ့ မင်းလုပ်ရပ်တစ်ခုကပဲ

  ငါ့ကို စူးနစ်နာကျင်စေဖူး

  နေရာဒေသတစ်ခုစီဝေးကွာခဲ့ပြီး၊ ရုတ်တရက်ပြန်ဆုံချိန်မှာလည်း

  လှိုက်လှိုက်လှဲလှဲ ၀မ်းသာပျော်ရွှင်ဖူး

  မင်းကပဲ ငါ့ကို ခံစားချက်အမျိုးမျိုးဖြစ်ပေါ်စေခဲ့တယ် ဏကြီး ။ 

 

– တစ်ကယ်တော့ မင်းဆိုတာ ငါ့အတွက် ဘယ်တော့မှပျောက်မသွားတော့မယ့်အိပ်မက်

  ဘယ်တော့ဖတ်ဖတ်မရိုးနိုင်တဲ့ အက်ဆေးတစ်ပုဒ်ဖြစ်တယ် ဏကြီး

  အပြစ်ကင်းကင်းပြုံးလိုက်တိုင်း ထွက်ကျလာတတ်တဲ့

  မင်းရဲ့ခပ်လက်လက်မျက်ဝန်းတွေမှာ အခုတော့

  ဘ၀ရဲ့သောကအမောတွေနဲ့ ကူးလူးယှက်နွယ်နေပြီ

  အစ်ကိုကြီးတော့ အဖအရာဆိုတဲ့ဆောင်ပုဒ်အတိုင်း

  မိသားစုရဲ့သားကြီးတာဝန်ကို မင်း ကျေပွန်အောင်ထမ်းဆောင်နိုင်ပြီ

  ဘ၀အတွက်အတည်တကျရွေးချယ်ထားတဲ့ချစ်သူတစ်ယောက်နဲ့ မင်းပျော်ရွှင်နေပြီ

  မင်းပြောဖူးသလိုပေါ့

  ရည်ရွယ်ချက်မဲ့သလိုဖြစ်နေတဲ့ နေ့ရက်တွေ ဖြတ်သန်းရတာအဓိပ္ပာယ်မရှိဘူးတဲ့

  အဲဒီအတွက် မင်းစိတ်ဝင်စားမယ့် ငါတို့နှစ်ယောက်ရဲ့အားလပ်ရက် တစ်နေ့နေ့မှာပေါ့

  ဘ၀ဆိုတာဂိမ်းတစ်ပွဲလောက်မမြန်တဲ့အတွက်

  အရာရာကိုအားနာပါးနာ အရှူံးမပေးဘို့

  ငါ မင်းနဲ့ အေးအေးဆေးဆေး ဆွေးနွေးချင်သေးတယ် ဏကြီး ။

 

         ရွှေကိုယ်နတ်(UCSM)

  [ 18.03.2012 ( 12:25 AM ) ]

   [ ယခင်အချိန်က ဏကြီးအတွက် ကဗျာတစ်ပုဒ်ရေးဖွဲ့ခဲ့ဖူးသောကြောင့်

     ကဗျာခေါင်းစဉ်အား အထက်ပါအတိုင်း အမည်ပေးအပ်ပါသည်။ ] !

In: ကဗျာ Posted By: Date: Mar 25, 2012
Comment #1

ရည်ရွယ်ချက်မဲ့သလိုဖြစ်နေတဲ့ နေ့ရက်တွေ ဖြတ်သန်းရတာအဓိပ္ပာယ်မရှိဘူးတဲ့

အဲဒီအတွက် မင်းစိတ်ဝင်စားမယ့် ငါတို့နှစ်ယောက်ရဲ့အားလပ်ရက် တစ်နေ့နေ့မှာပေါ့

ဘ၀ဆိုတာဂိမ်းတစ်ပွဲလောက်မမြန်တဲ့အတွက်

အရာရာကိုအားနာပါးနာ အရှူံးမပေးဘို့

ငါ မင်းနဲ့ အေးအေးဆေးဆေး ဆွေးနွေးချင်သေးတယ် ဏကြီး ။ xo good !
အားပေးသွးတယ်ဗျ .. စကားလုံးလေးတွေသုံးထားတာကြိုက်တယ်

commentinfo By: sharon myorr myor at Mar 25, 2012
Comment #2

တစ်ကယ်တော့ မင်းဆိုတာ ငါ့အတွက် ဘယ်တော့မှပျောက်မသွားတော့မယ့်အိပ်မက်
ဘယ်တော့ဖတ်ဖတ်မရိုးနိုင်တဲ့ အက်ဆေးတစ်ပုဒ်ဖြစ်တယ် ဏကြီး
အပြစ်ကင်းကင်းပြုံးလိုက်တိုင်း ထွက်ကျလာတတ်တဲ့ မင်းရဲ့ခပ်လက်လက်မျက်ဝန်းတွေ
ရည်ရွယ်ချက်မဲ့သလိုဖြစ်နေတဲ့ နေ့ရက်တွေ ဖြတ်သန်းရတာအဓိပ္ပာယ်မရှိဘူးတဲ့
အဲဒီအတွက် မင်းစိတ်ဝင်စားမယ့် ငါတို့နှစ်ယောက်ရဲ့အားလပ်ရက် တစ်နေ့နေ့မှာပေါ့ ဘ၀ဆိုတာဂိမ်းတစ်ပွဲလောက်မမြန်တဲ့အတွက်
အရာရာကိုအားနာပါးနာ အရှူံးမပေးဘို့
ငါ မင်းနဲ့ အေးအေးဆေးဆေး ဆွေးနွေးချင်သေးတယ် ဏကြီး ။

commentinfo By: poohmay at Mar 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment