Professional Authors

အချစ်ဆိုတာ ကိုယ့်ကိုယ်ကို အလှပဆုံးသေကြောင်းကြံစည်မှုပဲမိသူဇာ

ငါ ချစ်တယ် အဲဒါကြောင့် ငါ ရှုံးတယ်
ထပ်ပြောမယ်
ငါ ချစ်တယ် အဲဒါကြောင့် ငါ ရှုံးတယ်

ငါဟာ အရူးမကြီးတစ်ယောက်လို
မင်းရှေ့မှာ ခေါင်းငုံ့လိုက်ရ ဒူးထောက်လိုက်ရ
မင်းအတွက် ကြေကွဲလိုက်ရ ငိုကြွေးလိုက်ရ
မင်းကြောင့် နာကျင်လိုက်ရ ဆို့နင့်လိုက်ရ

ငါ့ဘ၀ အရှင်လတ်လတ်ကြီး အစိမ်းချုပ်ခဲ့ရ
ငါ့ရင် လတ်လတ်ဆတ်ဆတ်ကြီး ဟက်တက်ကွဲခဲ့ရ
ငါ လူမိုက်တစ်ယောက်လို မူးခဲ့ရ ရူးခဲ့ရ
အချစ်နာတွေကျပေါ့

ငါ့အချစ်ဟာ ဆေးခါးကို မြိုရသလိုလား
အအိပ်ပျက်အစားပျက် စေတနာထားမိတာတွေ
အလကားပဲမိသူဇာ
မင်းဟာ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တယ်

ဘယ်သူတွေ ဘာပြောပြော
အချစ်ဆိုတာ ကြေးကြီးတဲ့လောင်းကစားတစ်ခု
မင်းလည်း မင်းချစ်သူအတွက်
ဘ၀တစ်ခုလုံး ပုံအောလောင်းခဲ့တာပဲ
ငါလည်း မင်းအတွက်
ဘ၀တစ်ခုလုံး ပုံအောလောင်းခဲ့တာပဲ
မင်းချစ်သူကို မင်း ရှုံးခဲ့သလို
ငါလည်း မင်းကို ရှုံးခဲ့တယ်

အတောမသတ်နာကျင်မှုနဲ့
`အမာရွတ်´ကို ငါ့ရင်ဘတ်ပေါ်
ငါကိုယ်တိုင် ဓားမြှောင်နဲ့ ထိုးစိုက်ရေးခြစ်ပစ်မိရဲ့
ငါ့ကို မင်းရှို့ခဲ့တဲ့မီးက
တစ်ဘ၀စာ အလင်းပြန်ဖို့တော့ ခက်မယ်
 
ငါ့ရင်ခွင်ထဲမှာနေပြီး
မင်းချစ်သူကို တမ်းတတာဟာ ငါ့ကို လုပ်ကြံတာပဲ
ငါ့လက်ကိုဆုပ်ကိုင်ပြီး
မင်းချစ်သူရှိရာ သွားချင်တာဟာ ငါ့ကို ငရဲဆီခေါ်တာပဲ

ဘုံခုနှစ်ဆင့်မှာ စံမြန်းနေတဲ့ တော်ဝင်ထိပ်ထားလေးကို
ငယ်ကျွန်ကြီးတစ်ယောက်က ချစ်နေရသလိုမျိုး
မင်းကို ငါ ချစ်ခဲ့ပါတယ်
မင်းချစ်သူဖြစ်နေရက်နဲ့ မင်းချစ်သူဖြစ်ခွင့်မရတာဟာ
ချစ်ခြင်းမေတ္တာမှာ သေမိန့်ချခံရတာနဲ့ အတူတူပါပဲကွာ

                                             ကိုသျှား

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

ကိုသျှား…စာလုံးတွေက အလန်စားတွေပဲ…ဗျ
ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 2, 2012
Comment #2

ငါ ချစ်တယ် အဲဒါကြောင့် ငါ ရှုံးတယ်

commentinfo By: kantkawmg at Feb 2, 2012
Comment #3

ငါ ချစ်တယ် အဲဒါကြောင့် ငါ ရှုံးတယ်
ထပ်ပြောမယ်
ငါ ချစ်တယ် အဲဒါကြောင့် ငါ ရှုံးတယ်
အကိုရေ…
အဲ့အပိုဒ်လေးမှာတင် စွေ့စွေ့ခုန်အောင်
ကြိုက်သွားတယ် အကို

ငါဟာ အရူးမကြီးတစ်ယောက်လို
မင်းရှေ့မှာ ခေါင်းငုံ့လိုက်ရ ဒူးထောက်လိုက်ရ
မင်းအတွက် ကြေကွဲလိုက်ရ ငိုကြွေးလိုက်ရ
မင်းကြောင့် နာကျင်လိုက်ရ ဆို့နင့်လိုက်ရ

ဒီအပိုဒ်လေးကတော့ တကယ့်ကို ညီခံစားခဲ့ရတော့
အရမ်းကို…ကြေကွဲခံစားရတယ်အကိုရေ…

ငါ့အချစ်ဟာ ဆေးခါးကို မြိုရသလိုလား
အအိပ်ပျက်အစားပျက် စေတနာထားမိတာတွေ
အလကားပဲမိသူဇာ
မင်းဟာ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တယ်

ဒီအပိုဒ်ကျပြန်တော့ ပိုလို့တောင် အဖြစ်ပျက်ခြင်းတူခဲ့တယ်လို့တောင် ခံစားရတယ် အကို

အတောမသတ်နာကျင်မှုနဲ့
`အမာရွတ်´ကို ငါ့ရင်ဘတ်ပေါ်
ငါကိုယ်တိုင် ဓားမြှောင်နဲ့ ထိုးစိုက်ရေးခြစ်ပစ်မိရဲ့
ငါ့ကို မင်းရှို့ခဲ့တဲ့မီးက
တစ်ဘ၀စာ အလင်းပြန်ဖို့တော့ ခက်မယ်

ဟောဒီအပိုဒ် တကယ့်ကို ကောင်းမှကောင်းပဲ
ကြညိ့ရတာ ဒီတစ်ပုဒ်လုံးညီခံစားသမျှတွေနဲ့တူတယ်ထင်ရဲ့

ဟော…ဟုတ်ပဗျာ ဟုတ်ပ ကြည့်ပါဦး
ဟောဒီအပိုဒ်…….

ငါ့ရင်ခွင်ထဲမှာနေပြီး
မင်းချစ်သူကို တမ်းတတာဟာ ငါ့ကို လုပ်ကြံတာပဲ
ငါ့လက်ကိုဆုပ်ကိုင်ပြီး
မင်းချစ်သူရှိရာ သွားချင်တာဟာ ငါ့ကို ငရဲဆီခေါ်တာပဲ

လုံးဝကိုတိုက်ဆိုင်စွာတူနေတယ် အကိုသျှားရေ…

ဟောဒီနောက်ဆုံးပိုဒ် အားမနာတမ်းကို ၀မ်းပန်းတနဲ
ခံစားပစ်လိုက်တယ် အကိုရေ

ဘုံခုနှစ်ဆင့်မှာ စံမြန်းနေတဲ့ တော်ဝင်ထိပ်ထားလေးကို
ငယ်ကျွန်ကြီးတစ်ယောက်က ချစ်နေရသလိုမျိုး
မင်းကို ငါ ချစ်ခဲ့ပါတယ်
မင်းချစ်သူဖြစ်နေရက်နဲ့ မင်းချစ်သူဖြစ်ခွင့်မရတာဟာ
ချစ်ခြင်းမေတ္တာမှာ သေမိန့်ချခံရတာနဲ့ အတူတူပါပဲကွာ

တကယ်ပါ…အကို ………ဒီကဗျာလေး ညီလုံးဝကြိုက်နှစ်
သက်စွာအားပေးသွားပါတယ် အကို……………

commentinfo By: ရွှေကြယ်မိုး at Feb 2, 2012
Comment #4

ထပ်တူခံစားသွားပါတယ်

commentinfo By: Mickey at Feb 2, 2012
Comment #5

ဖတ်ရတာအားမရလို့
ထပ်တစ်ခေါက်ဝင်လာတာဗျို့
ဖျားနေတာဆိုတော့
စောနဖတ်တာ သိပ်ပြီး အားမရဘူးဖြစ်နေတယ်
အကိုရေ
ဒီကဗျာလေး ညီယူသွားပြီ
ညီ့ဆိုက်မှာတင်ဖို့လေ

commentinfo By: ရွှေကြယ်မိုး at Feb 2, 2012
Comment #6

ကိုသျှားရဲ့အရေးအသားတွေက တခါတလေကျွန်မသဘောကျတဲ့ကဗျာဆရာတစ်ယောက်နဲ့ ဆင်တယ် 🙂
ဒီကဗျာလေးကိုကြိုက်တယ်

commentinfo By: နတ်သမီး at Feb 3, 2012
Comment #7

အတောမသတ်နာကျင်မှုနဲ့
`အမာရွတ်´ကို ငါ့ရင်ဘတ်ပေါ်
ငါကိုယ်တိုင် ဓားမြှောင်နဲ့ ထိုးစိုက်ရေးခြစ်ပစ်မိရဲ့
ငါ့ကို မင်းရှို့ခဲ့တဲ့မီးက
တစ်ဘ၀စာ အလင်းပြန်ဖို့တော့ ခက်မယ်

commentinfo By: zawthetoo at Feb 3, 2012
Comment #8

မနတ်သမီးရေ . . .
ဘယ်ကဗျာဆရာနဲ့ဆင်နေတာလဲဗျာ
ပြောပြပေးပါလား

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 3, 2012
Comment #9

I like “ငါ့ရင်ခွင်ထဲမှာနေပြီး
မင်းချစ်သူကို တမ်းတတာဟာ ငါ့ကို လုပ်ကြံတာပဲ
ငါ့လက်ကိုဆုပ်ကိုင်ပြီး
မင်းချစ်သူရှိရာ သွားချင်တာဟာ ငါ့ကို ငရဲဆီခေါ်တာပဲ”

commentinfo By: mikyae at Feb 3, 2012
Comment #10

ငါ ချစ်တယ် အဲဒါကြောင့် ငါ ရှုံးတယ်
ထပ်ပြောမယ်
ငါ ချစ်တယ် အဲဒါကြောင့် ငါ ရှုံးတယ်
အားပေးသွားပါတယ်။

commentinfo By: ကတုံးလေး at Feb 3, 2012
Comment #11

အားပေးပါတယ်…

commentinfo By: SoFarAwayFromU at Feb 4, 2012
Comment #12

ဘယ်သူတွေ ဘာပြောပြော
အချစ်ဆိုတာ ကြေးကြီးတဲ့လောင်းကစားတစ်ခု
မင်းလည်း မင်းချစ်သူအတွက်
ဘ၀တစ်ခုလုံး ပုံအောလောင်းခဲ့တာပဲ
ငါလည်း မင်းအတွက်
ဘ၀တစ်ခုလုံး ပုံအောလောင်းခဲ့တာပဲ
မင်းချစ်သူကို မင်း ရှုံးခဲ့သလို
ငါလည်း မင်းကို ရှုံးခဲ့တယ်

commentinfo By: May Kha at Feb 6, 2012
Comment #13

ခံစားချက်ပြင်းပြင်းနဲ့ လက်ကုန်တင်ထားတာဘဲ
မိုက်တယ်ဗျို့
အရေးအသားတွေ လေးစားလျှက်
RAY

commentinfo By: X - ray at Feb 9, 2012
Comment #14

အင်းဗျ ကောင်းတယ်ဗျ မိုက်တယ်ဗျ ဂွဒ်ရှယ် ကျွတ်တယ်
အလန်းကြီး မိုက်လိုက်တာ တော်ထှာ အမိုက်စားပဲ
ရေးတတ်လိုက်တာ
ကျနော်သိတဲ့ ချီးမွှမ်းနည်းတော့ ကုန်သွားပြီ
တကယ်ကောင်းတယ်ဗျာ ကဗျာက
ကျနော်မနာလိုတောင်ဖြစ်သွားတယ် အဲ့လိုရေးတတ်ချင်လို့ 😀

commentinfo By: myatthuraaung at Feb 9, 2012
Comment #15

မင်းချစ်သူဖြစ်နေရက်နဲ့ မင်းချစ်သူဖြစ်ခွင့်မရတာဟာ ချစ်ခြင်းမေတ္တာမှာ သေမိန့်ချခံရတာနဲ့ အတူတူပါပဲကွာ
ဟာာလုံးဝကြိုက်တဲ့စာသားလေးပါကျွန်တော်အဖြစ်နဲ့တူတယ်

commentinfo By: zwezan at Jun 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment