Professional Authors

တစ်ကယ်ဆို…. (သက်ထွေး)

(၁)
တစ်ကယ်ဆို
ဒီလို ဇာတ်သိမ်းတွေက
စာတမ်း ထိုးနေဖို့တောင်
မလိုပါဘူး …

သစ္စာမဲ့လေပွေ
တစ်ချက် ဖျက်တိုက်သွားပြီးကထဲက
ဒီသံယောဇဉ်တွေပဲ တဲထိုးပြီး
ငါနေခဲ့ရတာ။ ။

(၂)
တစ်ကယ်ဆို
မင်းသိဖို့ ကောင်းတယ်
မျက်ရည် မည်သည်
လက်မဖြန့်ပါပဲနဲ့
တောင်းဆို တတ်တဲ့အရာတစ်ခုဆိုတာ …

မျက်ဝန်းထဲ
ဒီဖုန်ဝင်မှုတွေသာ
မရှိခဲ့ရင်လေ
တခုတ်တရ ငါသိမ်းထားတတ်တဲ့
တစ်ရှူးတွေထဲ
ငါ့ခံစားချက်တွေ
ကမ္ဘာတည်ပါ့မလား။ ။

(၃)
တစ်ကယ်ဆို
ငါ့အတွက်
မနက်တိုင်းက ကျီးမသာရင်တောင်မှ
မိုးချည်းပဲတော့မရွာသင့်ဘူး …

ကွက်ကြားမိုး မို့ပဲ
ငါဂုဏ်ယူနေရမလား
အမိုးရယ်လို့ မယ်မယ်ရရ
မရှိတဲ့ ငါ့ဘဝထဲ
ငါကိုယ်တိုင်တောင်မှ မခိုလှုံသင့်ဘူး ။ ။

(၄)
တစ်ကယ်ဆို
မျက်လုံးမှိတ်ယုံနဲ့
စိတ်ကူးယဉ်လို့ ရရဲ့သားနဲ့များ
မတူညီ လက်ဆယ်ချောင်းထပ်လို့
ငါတို့ အိပ်မက်တွေ မက်ခဲ့ကြတာ …

မျက်နှာမလိုက်တတ်တဲ့
ဆောင်းအိပ်မက်မှာ
ငါ နွေကန္တာရကြီးလဲ
မအေးခဲသွားခဲ့ဘူး ။ ။

(၅)
တစ်ကယ်ဆို
အေးခဲပြီးမှ
အရည်ပျော်ကျ သွားတဲ့
ငါတို့ချစ်ခြင်းကို
ဘယ်သူမှ မသိလိုက်ပေမဲ့
ဟိုး … ချောင်းကြည့်နေတဲ့
မိုးပေါ်က
ဖိုးလမင်း သိသွားခဲ့တယ်။

သက်ထွေး
ဇန်နဝါရီလ ၄ရက် ညနေ ၅း၁၁ ၂ဝဝ၈

In: ကဗျာ Posted By: Date: May 21, 2010
Comment #1

ကဗျာကောင်းလေးတပုဒ်ဖတ်လိုက်ရတယ်..အကိုရေ…

commentinfo By: အမရာ at May 21, 2010
Comment #2

ကိုယ့်လူကတော့ လုပ်ချလိုက်ပြန်ပါပြီ…။ ကျုပ်တောင် အချစ် ကဗျာတွေဖက်ပြန်တူးဖော်ချင်လာပြီဗျ..။
ခင်ဗျား ကဗျာတိုင်း စောင့်ဖတ်လျက်ပါ..။

commentinfo By: Angwei at May 21, 2010
Comment #3

ကိုအငွေ့ရေ ..

ကျေးဇူးပါ။ ဒါ ကျွန်တော့်ကဗျာဟောင်းတွေခင်ဗျ။ ကျွန်တော်တော့ ဖတ်ပြီး သိပ် အကြိုက်မတွေ့လှဘူး။ အနုပညာ လောဘထင်ပါရဲ့ဗျာ။ ဘယ်တော့မှ ကိုယ့်ကိုကိုယ် အားရတယ်လို့မရှိဘူး။ အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ။ အကို့ကဗျာတွေလဲ အမှန်အကန် ကောင်းပါတယ်။ အားပေးလျှက်ပါ။

commentinfo By: Thet Twe at May 21, 2010
Comment #4

ကောင်းတယ်ဗျာ၊ကြိုက်တယ်
အရင်က တင်ရတာနဲနဲခက်လို. မ၀င်တာ
အခုစိတ်ပါလာပီ
အစစ ကူညီပေးတာကျေးဇူးပါပဲဗျာ

commentinfo By: mawni at May 24, 2010
Comment #5

ဒီကဗျာကိုအခုမှတွေ့တယ်ကိုသက်ထွေးရေ..။မိုက်တယ်ဗျာ..။တော်တော်
ကောင်းတယ်ဗျ..။သူကြီးတို့ကတော့လုပ်လိုက်ရင်အလန်းကြီးပဲ…။ကြိုက်
လို့ကူးသွားတယ်ဗျာ…။ကဗျာတွေတင်ဦးလေဗျာ..။ကျွန်တော်စောင့်ဖတ်နေ
ပါတယ်…။

commentinfo By: naynyo23 at Jun 17, 2010
Comment #6

ကိုနေညို

အားပေးတာကျေးဇူးဗျ။ ကျွန်တော် ဒီနေ့ကဗျာအသစ်တစ်ပုဒ်ရေးထားတယ်။ ညကျတင်မယ်ဗျ။ အားရင် လာအားပေးဦး။ ပြီးတော့ ကျွန်တော် ၂ဝ၁ဝ မှ နောက်ဆုံးရေးထားတဲ့ ကဗျာနှစ်ပုဒ်က မနက်ဖြန်ရဲ့ လက်ကျန် နဲ့ တိမ်းစောင်းရင်း ရိုးသားခြင်း ။ အဲဒါတွေ အကိုဖတ်ပြီးသွားပြီ မဟုတ်လား။ ကျွန်တော်ညကျရင် ကဗျာအချောသတ်ပြီး တင်လိုက်မယ်ဗျ။ အကိုလည်း အကို့ကဗျာဟောင်းတွေ တင်ဦး။ ကျွန်တော် အခုတင်ထားတာတွေ အကုန်ဖတ်ပြီးသွားပြီ။

commentinfo By: သက်ထွေး at Jun 17, 2010
Comment #7

အင်းလာအားပေးမှာပါကိုသက်ထွေး..။မြန်မြန်တင်ပါဗျာ…။ပျင်းနေတာဗျ…။
အစ်ကို့ရဲ.မနက်ဖြန်ရဲ့လက်ကျန်နဲ့ တိမ်းစောင်းခြင်းရိုးသားခြင်းတွေလဲ ဖတ်
ပြီးပြီးကြိုက်တယ်ဗျာ…။အစ်ကို့ကဗျာတွေကို..။ကျွန်တော်လဲကဗျာတစ်ပုဒ်
တော့ရေးနေတယ်…။တင်ပြီးရင်အားပေးဦးနော်…။အစ်ကို့ကဗျာတွေကို
တော့အကုန်ခိုက်တယ်ဗျာ…။

commentinfo By: naynyo23 at Jun 17, 2010
Comment #8

ကိုနေညိုရေ .. တင်သာတယ်။ အားပေးဖို့က စောင့်နေတာ။ အင်းဗျ ကျွန်တော်လည်း တင်မယ်။ တင်ပြီးသွားရင် အကြောင်းကြားလိုက်မယ်ဗျ။ ကျွန်တော့်ကဗျာတွေ ကြိုက်တယ်ဆိုတဲ့အတွက်တော့ ကျေးဇူးဗျာ။ ကျွန်တော့်အတွက် အားတွေပါပဲ။

commentinfo By: သက်ထွေး at Jun 17, 2010
Comment #9

တစ်ကယ်ဆို
ငါ့အတွက်
မနက်တိုင်းက ကျီးမသာရင်တောင်မှ
မိုးချည်းပဲတော့မရွာသင့်ဘူး …

ကွက်ကြားမိုး မို့ပဲ
ငါဂုဏ်ယူနေရမလား
အမိုးရယ်လို့ မယ်မယ်ရရ
မရှိတဲ့ ငါ့ဘဝထဲ
ငါကိုယ်တိုင်တောင်မှ မခိုလှုံသင့်ဘူး ။ ။

မျက်နှာမလိုက်တတ်တဲ့
ဆောင်းအိပ်မက်မှာ
ငါ နွေကန္တာရကြီးလဲ
မအေးခဲသွားခဲ့ဘူး ။ ။

တစ်ကယ်ဆို … ဒီကဗျာလေးက အတည်ကို အများကြီးကောင်းတယ်..
cellent cellent excellent …. (:

commentinfo By: ဖြိုးဖြိုး at Apr 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment