Professional Authors

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဘ၀ကို ဖော့တွေးထားရမယ်

သူတို့က ကမ္ဘာကြီး/နိုင်ငံတော် ငြိမ်းချမ်းဖို့/ကောင်းစားဖို့
အလွတ်ကျက်ထားတဲ့ဒိုင်ယာလော့(ဂ်)တွေ ပြောနေချိန်မှာ
ငါတို့က ကိုယ့်ရှိတဲ့ထွန်တုံးထယ်တုံး အကောင်းဆုံးဖြစ်အောင် သ,ရမယ်
သူတို့က တိုက်ကြီးတာကြီးတွေထဲ ဆိုဖာခုံနဲ့အဲ(ယ်)ကွန်းနဲ့ဇိမ်ကျကျ
အနာဂတ်ကို ကွန်ပျုတာခလုတ်တွေ တဂျောက်ဂျောက်နှိပ် တွက်ချက်နေချိန်မှာ
ငါတို့က ရလာမယ့်ပဲဖိုးနှမ်းဖိုး သားသမီးကျောင်းစရိတ်ကာမိအောင် ဖာရမယ်
သူတို့က ငါ မရှိရင် မဖြစ်ဘူးအတွေးနဲ့ သွေးနားထင်ရောက်နေချိန်မှာ
ငါတို့က တစ်နေ့လုပ်စာ တစ်နေ့ ထမင်းနပ်မှန်ဖို့ အင်တိုက်အားတိုက် ရုန်းရမယ်

ငါတို့ရဲ့နေ့ရက်တွေဟာ ရိုးရှင်းလွယ်ကူခဲ့ပါတယ်
ငါတို့ရဲ့စိတ်အထားအသိုက ဖြူစင်မြင့်မြတ်ခဲ့ပါတယ်
ငါတို့လောက်မှ မယဉ်ကျေးတဲ့လူတွေက
ငါတို့ကို အရိုင်းဇာတ်သွင်းတာတော့ ဘယ်ကောင်းမလဲ
ငါတို့လောက်မှ လူသားမဆန်ရဲတဲ့လူတွေက
ငါတို့ခေါင်းကို ပွတ်သပ်
စိတ်အာသာဖြေချင်တာတော့ ဘယ်ခံနိုင်မလဲ

ခေါင်ကမိုးမလုံတဲ့မိသားစုဟာ ပြေးလို့လည်း မလွတ်၊ပုန်းလို့လည်း မလုံခြုံနိုင်
လာမယ့်ဘေး တကွေ့ကွေ့ ပြေးတွေ့ရမှာပဲ
တကွေ့ကွေ့ လာမယ့်ဘေး စိတ်အေးအေးခေါင်းအေးအေး တွေးထား
အဖေက အဖေနေရာမှာ နေပြီး မူးရူးရမ်းကားနေတဲ့အခါ
သားသမီးက သားသမီးနေရာမှာ နေပြီး မပြောရဲမဆိုရဲ ရင်ကွဲအောင် မြိုသိပ်ကြရတယ်

ကလေးငယ်တွေရဲ့လွယ်အိတ်မှာ
`ရဲရင့်ပြတ်သားတဲ့ခံယူချက်´ကို လွတ်လွတ်လပ်လပ် တံဆိပ်နှိပ်ကြပါစေ
ကျောင်းသားလူငယ်လေးတွေရဲ့အဘိဓာန်မှာ
`ထိတ်လန့်ကြောက်ရွံ့မှု´ကို ထည့်သွင်းမပေးလိုက်ကြပါနဲ့
ခိုင်မာတဲ့သန္နိဋ္ဌာန်ဟာ သတ်လို့ မသေ၊ မာကျောတဲ့ခေါင်းဟာ ကျည်မတိုးဘူး

ငါတို့ရဲ့အပျိုစင်စစ်စစ်အနာဂတ်ကို သစ္စာမဲ့သူ ပန်းဦးမခြွေပါစေနဲ့ ဆုတောင်း
ငါတို့ရဲ့မျှော်လင့်ခြင်းမျက်နှာမွဲသူဆင်းရဲလေးတွေ လူတစ်လုံးသူတစ်လုံးဖြစ်လာပါစေ ဆုတောင်း
ငါတို့ရဲ့ခြံထဲကသစ်သီးတွေ ရွှေရောင်တောက်အောင် မှည့်ရမယ်

ငါတို့လျှောက်နေတဲ့လမ်းက အတက်အဆင်းများများ ကွေ့ကောက်တယ်
ငါတို့ငေးကြည့်နေရတဲ့ရှုမျှော်ခင်းတွေက သွေးစိမ်းရှင်ရှင် ဘောင်ဘင်ခတ်တယ်
ငါတို့ထမ်းပိုးထားရတဲ့ခေတ်ဟာ ရက်ရက်ရောရော မြွေပါးကင်းပါးပေါတယ်

ဘာပဲဖြစ်ဖြစ်ပါကွာ . . . . .
ငါတို့ဆီရောက်လာမယ့်ဒုတိယတန်းစားပြက်လုံးတွေကို
ဘ၀အမောပြေဆေးအဖြစ် ရယ်မောပေးလိုက်ဖို့ပဲ
တစ်နေကုန် တစ်နေခမ်း ပင်ပန်းလာသမျှ
လမ်းထိပ်ကဘုံဆိုင်မှာ အပန်းဖြေတတ်တဲ့အလုပ်သမားလို
ပေါ့ပါးပစ်လိုက်ဖို့ပဲ
ဘ၀ကို လွယ်လွယ်တွေး၊ အန္တရာယ်သတိပေးဆိုင်းဘုတ်တွေ လျှောက်မဖတ်နဲ့

                                                                                        ကိုသျှား

In: ကဗျာ Posted By: Date: Jan 11, 2012
Comment #1

ငါတို့လျှောက်နေတဲ့လမ်းက အတက်အဆင်းများများ ကွေ့ကောက်တယ်
ငါတို့ငေးကြည့်နေရတဲ့ရှုမျှော်ခင်းတွေက သွေးစိမ်းရှင်ရှင် ဘောင်ဘင်ခတ်တယ်
ငါတို့ထမ်းပိုးထားရတဲ့ခေတ်ဟာ ရက်ရက်ရောရော မြွေပါးကင်းပါးပေါတယ်

commentinfo By: May Kha at Jan 11, 2012
Comment #2

ကိုသျှား..ကောင်းတယ်ဗျ
အားပေးးသွားပါတယ်။

commentinfo By: poem.poem28 at Jan 11, 2012
Comment #3

အဖေက အဖေနေရာမှာ နေပြီး မူးရူးရမ်းကားနေတဲ့အခါ
သားသမီးက သားသမီးနေရာမှာ နေပြီး မပြောရဲမဆိုရဲ ရင်ကွဲအောင် မြိုသိပ်ကြရတယ်…….
နင့်နင့်နဲနဲခံစားရပါတယ်…………..။

commentinfo By: ngetnge at Jan 11, 2012
Comment #4

ဘာပဲဖြစ်ဖြစ်ပါကွာ . . . . .
ငါတို့ဆီရောက်လာမယ့်ဒုတိယတန်းစားပြက်လုံးတွေကို
ဘ၀အမောပြေဆေးအဖြစ် ရယ်မောပေးလိုက်ဖို့ပဲ
တစ်နေကုန် တစ်နေခမ်း ပင်ပန်းလာသမျှ
လမ်းထိပ်ကဘုံဆိုင်မှာ အပန်းဖြေတတ်တဲ့အလုပ်သမားလို
ပေါ့ပါးပစ်လိုက်ဖို့ပဲ
ဘ၀ကို လွယ်လွယ်တွေး၊ အန္တရာယ်သတိပေးဆိုင်းဘုတ်တွေ လျှောက်မဖတ်နဲ့

commentinfo By: zawthetoo at Jan 11, 2012
Comment #5

ကလေးငယ်တွေရဲ့လွယ်အိတ်မှာ
`ရဲရင့်ပြတ်သားတဲ့ခံယူချက်´ကို လွတ်လွတ်လပ်လပ် တံဆိပ်နှိပ်ကြပါစေ
ကျောင်းသားလူငယ်လေးတွေရဲ့အဘိဓာန်မှာ
`ထိတ်လန့်ကြောက်ရွံ့မှု´ကို ထည့်သွင်းမပေးလိုက်ကြပါနဲ့
ခိုင်မာတဲ့သန္နိဋ္ဌာန်ဟာ သတ်လို့ မသေ၊ မာကျောတဲ့ခေါင်းဟာ ကျည်မတိုးဘူး
အတွေး…ရော..အရေးပါ..ကောင်းမွန်ပါတယ်…
ကိုသျှား ကျွန်တော် အားပေးသွားတယ်ဗျ

commentinfo By: အသဲကွဲမိုး at Jan 11, 2012
Comment #6

အကို……………
လုံးဝလုံးဝလုံးဝ
ကောင်းတဲ့ကဗျာပါပဲအကို
တကယ်ကိုကောင်းတဲ့ကဗျာပါ
အားပေးသွားပါတယ် အကို

commentinfo By: yaewintaung at Jan 11, 2012
Comment #7

သေလို့ရတယ် စကားလုံးတွေက
အစ်ကိုရေးတဲ့ကဗျာတိုင်းက အလုံးတွေတကယ်ထက်ပါတယ်
တစ်ခါတစ်လေတော့ အရမ်းလေးတဲ့ ကဗျာမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးကဗျာလေးတွေ ဖတ်ချင်မိတယ်ဗျ
ဒါပေမယ့် လူဆိုတာလည်း ကိုယ့်ခံစားချက်နဲ့ကိုယ်မို့ ဘာကိုမှ ကျွန်တော်မတိုက်တွန်းလိုပါဘူး
အစ်ကိုရေးတဲ့ကဗျာ အကုန်လုံးနီးပါးလိုလို ဖတ်ဖြစ်ပါတယ်
ဖတ်လိုက်တဲ့ကဗျာတွေကလည်း ခံစားချက်အပြင်းတွေကို အချောကိုင်ထားသလို ဖတ်ရတာ တကယ်အသက်ဝင်ပါတယ်
အရေးအသားတွေ လေးစားလျှက်ပါ ။

commentinfo By: X - ray at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment