Professional Authors

စာမျက်နှာအသစ် ၂၀၁၂

 

မီးပန်းတွေ မီးပုံတွေက
ကောင်းကင်ပေါ်မှာ ခရီးသွား တိုးဝှေ့ခဲ့ကြ
ငါကတော့ ကိုယ်သမိုင်း ကိုယ်ရေးတဲ့
လူ့ဘဝထဲ တိုးဝှေ့ခဲ့လို့
ခုနှစ်တခုတောင် တိုက်စားသွားရင်း
စာမျက်နှာ အသစ်တခုကို
ထက်လှန်နေဆဲ….။ 

 

လူ့ဘဝ ဖြတ်သန်းခြင်းဆိုတာ
ကဗျာတစ်ပုဒ်ရေးဖို့ မူကြမ်းရေးစာမျက်နှာပါ
ကာရံမဲ့ လောကဓံက စည်းကမ်းမရှိသလောက်
ဘဝဇာတ်ခုံ ဖြစ်သလို ရေးဆွဲရင်း
အပြုံးအမုန်းမသုဉ်းတဲ့ လောကဓံကို
ကြုံရာကြုံရာ ဇာတ်လမ်း က ခုန်ရင်း
ဇာတ်ဝင်ခန်း အသစ်တခု ဝင်ရောက်ခဲ့ပြန်ပြီ…။ 

 

လူ့ဘဝသမိုင်း နွံအိုင်ထဲ
စိုက်ပျိုးခဲ့တဲ့ အလှတစ်ပွင့်က
ပင်ယံထက်မှာ တင့်တယ်သော်လည်း
သစ်ရွက်တွေ ကြွေကျတိုင်း
ကြွေကျတိုင်း လေရိုင်းများအောက်
ပန်းတစ်ပွင့် မြေခမှာလည်း ကြောက်မိခဲ့
အခုတော့လည်း ရနံ့သင်းကြူးတဲ့
ပန်းတစ်ပွင့် ဖူးငုံခဲ့ပြန်ပြီ…..။ 

 

သစ်ရွက်လေးတွေ ကြွေကျလာတိုင်း
လူ့ဘဝသမိုင်းတွေ ကဗျာရေးစပ်ခဲ့
နှလုံးသားစာလုံးပေါင်း မတတ်သေးတဲ့
ငါ့အတွက်တော့ သစ်ရွက်ကြွေတိုင်း
နှင်းခ လာတဲ့ ဒီဇင်ဘာက
ပန်းကလေးတွေကို အခါတော်ပေးလို့
သတင်းစကား ပြောကြားခဲ့ပါရဲ့
Date ကုန်သွားတဲ့ သက္ကရာဇ်တခုက
တိုက်စားသွားလို့ အခုတော့ မြေခခဲ့ရပြန်ပြီ….။ 

 

တိုက်စားသွားတဲ့ ခုနှစ်တွေက
မဟူရာညအမှောင်ယံ ကားမရလို့
ကြုံရာ ကားတွေ တားရင်း
အချိန်တွေသာ ကုန်ဆုံးခဲ့
မနှစ်မြို့တဲ့ စောင့်ဆိုင်းခြင်းကို
ရပ်တန့်လို့ ကိုယ်ပိုင်အမှတ် ၉၆၃၉နဲ့
ခရီးဆက်ခဲ့တာ အခုတော့လည်း
၂၀၁၁ သက္ကရာဇ်တခု ပြိုလဲကျခဲ့လို့
နှစ်သစ်တခုရဲ့ ၂၀၁၂ကိုရောက်ခဲ့ပြန်ပြီ…။ 

 

ပြိုလဲသွားတဲ့ သက္ကရာဇ်တွေက
ဝါရင့်လက်ဝှေ့သမားလို့ တိုက်ခိုက်ခဲ့
ကျိန်ဒဏ်သင့်တဲ့ နေ့ရက်တွေထဲ
မြောလွင့်ရင်းနဲ့ ပျော်ရွှင်ခြင်းတွေကို
လူ့ဘဝအဘိဓာန်မှာ ဖန်တီး သရုပ်ဖော်ခဲ့
မကြေညာခဲ့တဲ့ ကြော်ငြာတခုက
ရင်မှာတိုးဝှေ့လို့ နှစ်သစ်ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပြီ..။ 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Jan 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment