Professional Authors

ဘာမှမဟုတ်တဲ့ကိစ္စ

အိပ်မက်ထဲ ခန္ဓာကိုယ်ပေါ် မြွေတစ်ကောင် တွားတက်လာသလို
ထရံပေါက်ထဲတိုးဝင်နေတဲ့နေရောင်ခြည်ကို သွေးရူးသွေးတန်း ဖမ်းဆုပ်လိုက်သလို
ဘာမှမဟုတ်တဲ့ကိစ္စဟာ ကျွန်တော့်ခေါင်းကို တဆစ်ဆစ်ကိုက်ခဲနေတယ်

သူများမိန်းမရွှေတွဲလွဲငွေတွဲလွဲကိုကြည့်ရင်း အမေက အဖေ့ကို ဗျစ်တောက်ဗျစ်တောက်ဟာ
ဘာမှမဟုတ်တဲ့ကိစ္စ
သူများသားသမီးဆုရဓာတ်ပုံတွေကြည့်ရင်း အဖေက ကျွန်တော်တို့ကို ငေါက်လိုက်ခြောက်လိုက်ဟာ
ဘာမှမဟုတ်တဲ့ကိစ္စ
ဘ၀ဆိုတာ ကဗျာမရေးနိုင်ရင် ဘာမှမဖြစ်ပေမယ့် နေထိုင်မကောင်းရင် ဆေးဖိုးကုန်မယ်
ထမင်းအိုးကွဲမယ်ဆိုတဲ့မိန်းမတစ်ယောက်ရဲ့ ကဗျာဆရာအပေါ်ထားတဲ့အချစ်စိတ်ဟာ
ဘာမှမဟုတ်တဲ့ကိစ္စ
ဖျင်းတဲ့လူက ငွေရှိလို့ လူတော်ဖြစ်သွားပြီး တော်တဲ့လူက ငွေမရှိလို့ လူညံ့စာရင်းဝင်သွားတဲ့ပညာရေးဟာ
ဘာမှမဟုတ်တဲ့ကိစ္စ
ဘယ်တုန်းက ဘယ်သူကတော့ သိန်းဘယ်နှရာမပေးနိုင်လို့ အဲဒီနေရာမရခဲ့ဘူးဆိုတာ
ဘာမှမဟုတ်တဲ့ကိစ္စ
ဟိုမိန်းမတွေရဲ့ဟိုဖော်ဒီဖော်ကြောင့် သူတို့ရဲ့အနုပညာ လူကြိုက်များတာဟာ ဘာမှမဟုတ်တဲ့ကိစ္စ

ဘာမှမဟုတ်တဲ့ကိစ္စဟာ တစ်ချက်ခေါက်ခံရတာ မကျေနပ်လို့ နှစ်ချက်အခေါက်ခံပစ်လိုက်တယ်
ဘာမှမဟုတ်တဲ့ကိစ္စဟာ လက်လုပ်လက်စားဆင်းရဲသားတွေကိုမစာနာတတ်တဲ့လူကြီးလူကောင်းတွေအောက်
ရောက်နေတယ်
ဘာမှမဟုတ်တဲ့ကိစ္စဟာ လူတစ်ယောက်လို နေထိုင်ပြီး လူတစ်ယောက်လို ရှင်သန်ဖို့ တောင့်တနေတယ်

အခု . . . . .
ဘယ်လောက်တန်တယ်မသိတဲ့နှစ်ရာနဲ့ ဘာမှမရှိတဲ့ခွက်ထဲကလဘက်ရည်ကို သောက်လို့ရတယ်
ဘယ်သူမှမရှိတဲ့ခွေးခြေပေါ် ဘာကောင်မှမဟုတ်တဲ့လူတစ်ယောက် ၀င်ထိုင်ပြီး
ဘာမဟုတ်တဲ့မနက်ဖြန်ကို ငေးကြည့်တော့ ဘာကိုမှ မမြင်ရဘူး
အခု . . . . .
ဘာမဟုတ်တဲ့လူတစ်ယောက်ရေးတဲ့ ဘာမှမပါတဲ့ကဗျာကို ဘာမှမရှိတဲ့ခင်ဗျားတို့က
ဘာကြောင့်ဖတ်တော့ ဘယ်လိုဖြစ်သလဲ

                                                                                             ကိုသျှား

In: ကဗျာ Posted By: Date: Dec 28, 2011
Comment #1

ဘယ်လိုမှမဖြစ်ပါဘူး ဘာမဟုတ်တဲ့လူရေးရေး ဘာဟုတ်တဲ့လူရေးရေး ကဗျာက ကဗျာပါဘဲ ကဗျာရေးဖို့ ၊ ကဗျာကိုခံစားတတ်ဖို့က ရင်ဘတ်ရှိရင်ရပါတယ် ပိုက်ဆံမလိုဘူး ဂုာဏ်မလိုဘူး မာနမလိုပါဘူး။
ဖတ်ဖူးတဲ့အစ်ကို့ကဗျာတိုင်းလိုလိုက အနှစ်တွေချည်းဘဲဗျ အရေးအသားတွေက လေးစားစရာပါ ။

commentinfo By: X - ray at Dec 29, 2011
Comment #2

ကဗျာကိုချစ်လို့ ဖတ်တော့
အရမ်းခံစားရတာပေါ့ဗျာ….
အကိုရေ…အကို့ကဗျာတွေက ဖတ်လေတ်ေလေ
အကျိုးရှိလေပါပဲဗျာ

commentinfo By: yaewintaung at Dec 29, 2011
Comment #3

အင်း..ဘာမှမဟုတ်တဲ့ ကိစ္စတွေပဲ ကိုသျှားရေ..။ ဘာမှမပြောတော့ပါဘူးနော်..။
ခင်တဲ့ ကိုကိုဖရီး (လတ်တလောဘာမှမဟုတ်သောသူ)

commentinfo By: ကိုကိုဖရီး at Dec 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment