Professional Authors

ကစဥ့်ကလျား အိပ်ရာ – ချီရွန် ( ပုလဲ )

တခါတခါ စိတ်ပျက်မိပါရဲ့
မျက်ဝန်းပိတ်ထားလဲ မြင်ရတဲ့အရုပ်ရယ်
မျက်ဝန်းဖွင့်ကြားက ပိတ်မရတဲ့အရုပ်ရယ်
အဲဒီ အိပ်ဆောင်အိပ်မက်ကိုပဲ
နဘေထပ် မက် မက်နေမိတဲ့ ကိုယ်တိုင်ရယ်
ကောင်မလေးရယ်
ငါဟာ ဘယ်လို အရူးတယောက်ပါလဲ
ဖြေပါ … …. ..
ဖြေတယ်လို့ သဘောမထားဘဲ ဖြေပေးပါ

” ငါ၏ နှလုံးမျက်ဝန်းထဲ
ချစ်သူ့ ပုံရိပ်သာ ပျံဝဲစေအံ့ “
ငါ သန့်သန့်စင်စင် ဆုပန်ခဲ့ဖူးပါပြီ
ထိုသို့ဖြင့် နွေသည် ချိုမြမွှေးရီ

ဆောင်းတွေ တတောလုံး ဝေခဲ့ပြီလား
ငါဆိုတဲ့ ပိတောက်ပင်ခြောက်
အရိုးငေါက်ငေါက်ဖြင့် ကျန်ခဲ့ပါမည်

နွေကို မိုးသော လမ်းပူပူအား
လရောင်ဖြူတလက် ကမ်းပေးခဲ့၏
လရောင်သည် သွေးတို့ဖြင့် ထုံလွှမ်း
ဖိနပ်မပါသော ကောင်လေးကို
ခပ်ကြမ်းကြမ်း ဖက်ပွေ့
ဒီခင်တန်းမှာ စကားသံ မဲ့စေ

မင်း ပျိုးကြဲခဲ့သော ဒီမြေတလင်းမှာ
ငါနဲ့ ငါ စစ်ခင်းရဦးမည်လား
မသေချာတော့ … … … …
ဝေးလိုက်ကြတာပဲ ကောင်းပါမည်
ဆက်လျှောက်လျှင်လည်း ဒီလမ်းပဲ ရောက်
( ဖောက်ထွက်သော်လည်း ကောက်နေလိမ့်မည် )
ထပ်ပြောလျှင်လည်း ဒီစကားပါပဲ
ဝေးလိုက်ကြတာပဲ ကောင်းပါမည်

ယဉ်ကျေးမှု မရှိသော အချစ်ကို
ငါ ရိုကျိုးခဲ့ဖူး
ကျေးဇူးပြုပြီး မဲ့ပြပါ
တခါတလေ အတုဟာ အစစ်ထက်
စွဲမက်ဖွယ် ကောင်းတတ်တယ် မဟုတ်လား

ဒိုင်ယာရီတလျှောက် ခုတ်မောင်းသွားတဲ့ ရထား
ဘယ်သောင်မှာ နားမလဲ
ငါ့ကိုယ်ငါပဲ ပစ်ပစ်နှစ်နှစ် ဆဲနေလိုက်တယ်
ကဲ ငါ ဘယ်လောက် တော်သလဲကွယ်

ကိုယ်တိုင် မရိတ်သိမ်းချင်လို့
ကိုယ်တိုင် မစိုက်ပျိုးခဲ့ဘူး ကောင်မလေးရယ်
ငါ့ တောင်ယာမှာ ဘာအပင်မှ မဖွံ့ဖြိုးဘူး
ဘာအပင်မှာလဲ သေဆုံးမသွားဖူးဘူး
အစကတည်းက ဝတ်စုံမှားခဲ့တာပါ
ဇာတ်လမ်းဆုံးမှ ကိုယ့်ကိုကိုယ် ပြန်မေးရ
ကန့်လန့်ကာချတာကိုက စောလွန်းတယ်

ပြတင်းပေါက်မှာ နက်မှောင်နေတာကိုကြည့်ရင်း
ညရောက်ပြီလားလို့ အမေက မေးတယ်
အရုဏ်ဦးဟာ အလင်းတွေနဲ့ မှောင်တတ်တယ် အမေ
ပြတင်းတံခါးတွေကို ငါပိတ်မိသလား
အပြင်မှာတော့ မှောင်နေဆဲ
အရုဏ်မိုးတွေ သည်းလွန်းလှချည့်

ချစ်သူကို လွမ်းစိတ်ဖြင့်
နပိုလီယံသည် ငိုကြွေးခဲ့ဖူးပါသလော
ရာဇဝင်ထဲက သူရဲကောင်းလောက်တောင်
ငါ မကြောက်တတ်ခဲ့ပါ
မင်းသာ အနားရှိမယ်ဆိုရင်ပေါ့လေ

ကတိစကား အထပ်ထပ်တို့ ပျက်ပြိုကွဲအက်
ရင်ကိုယ် ရင်ချင်း သတ်တဲ့ကြိုးဝိုင်း
ကိုယ့်အတ္တနဲ့ကိုယ် အနိုင်ပိုင်းလိုက်တယ်
အသည်းကွဲသူ ရှုံးစတမ်း

အရက်ဆိုင်က ပြန်တော့
မူးနေတဲ့ ဓာတ်တိုင်ကြီးက ငုံ့ကိုင်းပြောတယ်
မီးပွင့်ကို ဆောင်းထားရတာ ပူလာပြီတဲ့
ကိုယ်ကတော့ ရယ်ရယ်မောမော ပြန်ဖြေမိ
ကြိုးတွေ မပြေခင်တော့ သည်းခံပေါ့ဗျာလို့

ဟိုး … .. အဝေးဆီက အော်သံကြား
ငါ့အတိတ်က ငါ့ကိုထားသွားပြီတဲ့
ခေါင်းလောင်းသံနက်နက် ခေါ်ဆောင်ရာလိုက်
ကိုယ့်ကိုကိုယ် ထိုးစိုက်မိတဲ့ လှံတစင်းဟာ ငါပါပဲ

ကိုယ့်အခွံနဲ့ကိုယ် ပြန်မထနိုင်တဲ့ လိပ်
ပက်လက်လေးပဲ အိပ်လိုက်တော့ကွယ်
ကြယ်တွေကို ငေးငေးရီရီ ကြည့်ရင်း
ကောင်းသောညပါလို့
ခပ်တိုးတိုး နှုတ်ဆက်လိုက်ရုံပါပဲ

ချစ်သူသည် အဘယ်အကြောင်းကြောင့်
မြှားအစင်းစင်းကို ပိုင်စိုးသနည်း
သူ့နှုတ်ခမ်းထောင့်ချိုးပေါ်
လေးသည်တော်တို့ လေးငင်ကြလေပြီ

လာသာလာပါတော့ လူသတ်မလေးရယ်
မင်း ထိုးစိုက်ခွဲမဲ့ ငါ့ရင်အုံဟာ
ပန်းတပွင့်စာတောင် မမာခဲ့ပါဘူး

ချစ်သူက ကမ်းသော ဓားဦး
အပြုံးမူးမူးတို့ဖြင့် နမ်းခြွေ
ထိုဓားဖြင့်ပင် ငါ သေခဲ့ပြီ
အို … … လူသားအပေါင်းတို့
ကိုယ့်အုတ်ဂူကို ကိုယ်တိုင်ဆောက်ကြ
လှလှပပ ညစ်ထေးလိုက်စို့ရဲ့

ပြန်လမ်းမဲ့သော ဆုံရပ်သို့
၃၄ မောင်းပြီး ပို့ပါလေ
ပြန်လည်မနိုးထသော နှလုံးသားဖြင့်
ငါ ခပ်ရင့်ရင့် ကြေကွဲ
ဒီတစ်ညတော့
ကိုယ့်ရင်ခွင်ထဲကိုယ် လဲလျောင်းနေတော့မယ်။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 19, 2010  
Comment #1

ချစ်သူကို လွမ်းစိတ်ဖြင့်
နပိုလီယံသည် ငိုကြွေးခဲ့ဖူးပါသည်..ယုံလား..မယုံရင်..

commentinfo By: laypyay at May 24, 2010
Comment #2

( ဖောက်ထွက်သော်လည်း ကောက်နေလိမ့်မည် )

commentinfo By: puhtuzin at Jun 1, 2010
Comment #3

ကိုယ်တိုင် မရိတ်သိမ်းချင်လို့
ကိုယ်တိုင် မစိုက်ပျိုးခဲ့ဘူး ကောင်မလေးရယ်
ငါ့ တောင်ယာမှာ ဘာအပင်မှ မဖွံ့ဖြိုးဘူး
ဘာအပင်မှာလဲ သေဆုံးမသွားဖူးဘူး
အစကတည်းက ဝတ်စုံမှားခဲ့တာပါ
ဇာတ်လမ်းဆုံးမှ ကိုယ့်ကိုကိုယ် ပြန်မေးရ
ကန့်လန့်ကာချတာကိုက စောလွန်းတယ်

ဒိနေရာလေး ကြိုက်လို့ ယူမယ်နော်

commentinfo By: favourite2me at Jun 14, 2010
Comment #4

ကြိုက်လို့ ယူတာက ယူလို့ရပါတယ် ခင်ဗျာ။ ကဗျာကို လေးစားသောအားဖြင့် ကဗျာရေးသူရဲ့ နာမည်နဲ့ ကဗျာရေးသူရဲ့ စကားလုံးကိုတော့ မပြုမပြင်ဘဲ ထည့်စေချင်ပါတယ်။ ဒါကလည်း တချို့သော ကဗျာမချစ်သူတွေရဲ့ လုပ်ရပ်တွေကို ခံရဖူးတာကြောင့် ပြောရခြင်း ဖြစ်ပါတယ်။ နားလည်ပေးစေချင်ပါတယ်။

commentinfo By: chiron at Jun 14, 2010
Comment #5

ဟုတ်ကဲ့ပါ။

commentinfo By: favourite2me at Jun 14, 2010
Comment #6

ဒီကဗျာလည်း ကြိုက်တယ်..

commentinfo By: cho at Aug 15, 2010
Comment #7

အရက်ဆိုင်က ပြန်တော့
မူးနေတဲ့ ဓာတ်တိုင်ကြီးက ငုံ့ကိုင်းပြောတယ်
မီးပွင့်ကို ဆောင်းထားရတာ ပူလာပြီတဲ့
ကိုယ်ကတော့ ရယ်ရယ်မောမော ပြန်ဖြေမိ
ကြိုးတွေ မပြေခင်တော့ သည်းခံပေါ့ဗျာလို့

ဟိုး … .. အဝေးဆီက အော်သံကြား
ငါ့အတိတ်က ငါ့ကိုထားသွားပြီတဲ့
ခေါင်းလောင်းသံနက်နက် ခေါ်ဆောင်ရာလိုက်
ကိုယ့်ကိုကိုယ် ထိုးစိုက်မိတဲ့ လှံတစင်းဟာ ငါပါပဲ
….
heart ထိသွားတယ်..ဗျာ

commentinfo By: အသဲကွဲမိုး at Dec 9, 2011
Comment #8

ကျွန်တော်လည်း heart ထိတယ်ဗျာ ကိုယ့်ကဗျာ ကိုယ်ပြန်ဖတ်ပြီးတော့။ 😛

commentinfo By: ChIr0N at Dec 9, 2011
Comment #9

nice both title & poem.

commentinfo By: ei lay at Sep 19, 2012
Comment #10

လာသာလာပါတော့ လူသတ်မလေးရယ်
မင်း ထိုးစိုက်ခွဲမဲ့ ငါ့ရင်အုံဟာ
ပန်းတပွင့်စာတောင် မမာခဲ့ပါဘူး

နောက်တခေါက်ပါ

commentinfo By: အသဲကွဲမိုး at Oct 18, 2012
Comment #11

(*_*)
(^_^)

commentinfo By: ei lay at Oct 18, 2012
Comment #12

မနေနိုင်တော့ဘူးဗျာ ကျွန်တော် ကူးလိုက်ပြီ….အထပ်ထပ် အခါခါပြန်ဖတ်ပြီး အထပ်ထပ် အခါခါ နာကျင်ရဦးမယ်ထင်ပါတယ်…

လေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Jan 9, 2013
Comment #13

လမ်းမပေါ် လျှောက် မယ်ဆို …. .လမ်း မ ရဲ့ အကြောင်း အရင် သိအောင် လုပ် ….

အရမ်း လှတဲ့ဆော် ကို ကြိုက် ရင် ….. အရမ်းလှတဲ့ အိမ်ရှိအောင် လုပ် ….

commentinfo By: ငစား at Jan 9, 2013
Comment #14

ကတိစကား အထပ်ထပ်တို့ ပျက်ပြိုကွဲအက်
ရင်ကိုယ် ရင်ချင်း သတ်တဲ့ကြိုးဝိုင်း
ကိုယ့်အတ္တနဲ့ကိုယ် အနိုင်ပိုင်းလိုက်တယ်
အသည်းကွဲသူ ရှုံးစတမ်း

အရက်ဆိုင်က ပြန်တော့
မူးနေတဲ့ ဓာတ်တိုင်ကြီးက ငုံ့ကိုင်းပြောတယ်
မီးပွင့်ကို ဆောင်းထားရတာ ပူလာပြီတဲ့
ကိုယ်ကတော့ ရယ်ရယ်မောမော ပြန်ဖြေမိ
ကြိုးတွေ မပြေခင်တော့ သည်းခံပေါ့ဗျာလို့

ဟိုး … .. အဝေးဆီက အော်သံကြား
ငါ့အတိတ်က ငါ့ကိုထားသွားပြီတဲ့
ခေါင်းလောင်းသံနက်နက် ခေါ်ဆောင်ရာလိုက်
ကိုယ့်ကိုကိုယ် ထိုးစိုက်မိတဲ့ လှံတစင်းဟာ ငါပါပဲ

ကိုယ့်အခွံနဲ့ကိုယ် ပြန်မထနိုင်တဲ့ လိပ်
ပက်လက်လေးပဲ အိပ်လိုက်တော့ကွယ်
ကြယ်တွေကို ငေးငေးရီရီ ကြည့်ရင်း
ကောင်းသောညပါလို့
ခပ်တိုးတိုး နှုတ်ဆက်လိုက်ရုံပါပဲ

ချစ်သူသည် အဘယ်အကြောင်းကြောင့်
မြှားအစင်းစင်းကို ပိုင်စိုးသနည်း
သူ့နှုတ်ခမ်းထောင့်ချိုးပေါ်
လေးသည်တော်တို့ လေးငင်ကြလေပြီ

လာသာလာပါတော့ လူသတ်မလေးရယ်
မင်း ထိုးစိုက်ခွဲမဲ့ ငါ့ရင်အုံဟာ
ပန်းတပွင့်စာတောင် မမာခဲ့ပါဘူး

(သိပ်ကောင်းပါတယ် ဗျာ…)

commentinfo By: နိုးဆက် နေ့ at Jan 9, 2013
Comment #15

<3
<3
<3

commentinfo By: ei lay at Jan 18, 2013
Comment #16

ဒီကဗျာက တခါဖတ်ရင် တမျိုး ကျနော့်ကို ရသပြန်ပေးနိုင်တဲ့ ကဗျာတပုဒ်ပါ။ ကျနော် ရေးခဲ့တဲ့ထဲက သဘောအကျဆုံး ၁၀ ပုဒ်စာရင်းမှာ ပါတယ်။ ကျေးဇူးတင်ပါတယ် ညီလေး နိုးဆက်နေ့။ အိလေးကတော့ ကျနော့်ကို ၃ မှတ်အောက် ပေးသွားတယ် ထင်ရဲ့။ =) .. စတာပါ ကျေးဇူးတင်ပါတယ်။

commentinfo By: ChIr0N at Jan 18, 2013
Comment #17

အားပေးခဲ့ပါတယ် ကို ပုလဲရေ…၊ ကဗျာလေးကောင်းတယ်ဗျာ…..။

commentinfo By: zawthetoo at Jan 18, 2013
Comment #18

ကျေးဇူးပါ ကို ဇော်သက်ဦး .. အားပေးသွားတဲ့အတွက် ( တကယ်က ကွန်မန့်တွေများပြီး လူအထင်ကြီးအောင် လျှောက်လိုက်ရေးနေတာ ) 😛 ။ ကျနော် အရင်ကဆို ပြန် မရေးတတ်ဘူးဗျ။ ရိုင်းတယ်လို့ ထင်မလား ကြီးကျယ်တယ် ထင်မလားတော့ မသိဘူး။ ဒါပေမဲ့ ဘာကြောင့်မှ မဟုတ်ပါဘူး ပျင်းလို့ စာပြန်မရေးတာပါ။ 😀

commentinfo By: ChIr0N at Jan 18, 2013
Comment #19

ဟုတ်တယ် ဟုတ်တယ် ပြန်ရေးတော့ ကွန်မန့်တွေတက်တာပေါ့ဗျာ… ဟဲဟဲ ကျွန်တော်ကတော့ ဘာဘဲဖြစ်ဖြစ် ကိုယ့်ကဗျာကွန်မန့်များအောင် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို ကျက်ထားတယ် 😀

commentinfo By: n$n at Jan 18, 2013
Comment #20

Respect pay Dar phyit de a twat ei ka dot kyike de. 🙂
No reply so yin feeling out de. 🙁
“Msg” poh tar “no reply” so yae yae le le tinn de. 😛

commentinfo By: ei lay at Jan 19, 2013
Comment #21

အရမ်းကောင်းတဲ့ စာသားတွေနဲ့ ကဗျာလေးတစ်ပုဒ်ပါလား. ဆရာတာရာမင်းဝေကဗျာတွေကို ပြန်လွမ်းမိသွားတယ်ရှင်…

ကဗျာဆရာ… တော်တော်လေးကြိုက်လို့ ကွန်မန့်ပေးတာပါ. များလာအောင်လုပ်တာ မဟုတ်ပါဘူးနော်

commentinfo By: ရင်ဝှက်ပန်း at Jan 19, 2013
Comment #22

ကွန်မန့် ပေးတဲ့သူတွေကို ပြောတာ မဟုတ်ပါဘူးဗျာ … ကျနော် စာပြန်လိုက်ရေးနေတာကို များလာအောင် တမင်လိုက်လုပ်နေတယ်လို့ နောက်တာပါ။ အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ရင်ဝှက်ပန်း

commentinfo By: ChIr0N at Jan 20, 2013
Comment #23

အားပေးသွားပါတယ် နောင်ချီ
ပိုအားပေးရာ ရောက်အောင် ဖွပစ်ပါမည် 😀

commentinfo By: မေပျို at Nov 13, 2013
Comment #24

ဟုတ်ကဲ့ပါ ခင်ညာ .. ရပါတယ် ကလေးမရယ် ဒီလူနဲ့ ဒီလူ .. ဖွပေးတော့လည်း ကျေးဇူး ပိုတင်ရမှာပေါ့။ =)

commentinfo By: ChIr0N at Nov 14, 2013
Comment #25

ကဗျာက သေချာဖတ်လေ တကယ့် အဖြစ်အပျက်ကို အခြေခံထားပြီး ရေးထားလေ ဆိုသလိုဖြစ်နေပြီး ကိုချီရွန်….ကိုယ်တွေ့ဖြစ်ဖို့များတယ်ထင်တယ်…..:)

commentinfo By: ap at Nov 14, 2013
Comment #26

မနေ့ကပဲ Facebook ထဲမှာ ရှင်းပြထားတယ်လေကွာ .. ရေးတုန်းကတော့ အာရုံရတာ ရေးခဲ့တာပဲ။ ဘာရယ် ညာရယ် မဟုတ် စိတ်ထဲ ပေါ်လာတာလေး ရေးထားတာပါ။ နောက်တော့လည်း ကြီးကြီးကျယ်ကျယ် ရွှီးပြနေသလို ဖြစ်နေတယ်။ တကယ့်အဖြစ်အပျက် ဟုတ်တာ မဟုတ်တာထက် ငါ့ စိတ်ထဲ တကယ်ရှိတဲ့ဟာ ရေးထားတယ်ဆိုတာတော့ အာမခံပါတယ်။ 🙂

commentinfo By: ChIr0N at Nov 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment