ဝိဉာဉ်ကြွေ ……………… ( ချီရွန် ( ပုလဲ ) )
“ ဝိဉာဉ်ကြွေ ”
ခက်တာပဲ ..
ရင်ခုန်သံချင်း မယုံလို့တဲ့
ကဗျာတွေက …..
သက်သေလိုက်ပေးရတယ်
မျက်ရည် နည်းနည်း ရောင်းပါ
တလောက
အိပ်မက်လေး အပျိုရည် ပျက်သွားတယ်
သစ္စာတရားက မီးစာကုန်ဆီခမ်း
ကယောင်ကတန်းနဲ့
အိပ်ရာဘေးက ကဗျာလေး
လက်နဲ့စမ်းစမ်းပြီး …… လွမ်းရတယ်
ဟောဒီကောင် အမိုက်အမဲပေါ့
လိပ်ပြာသန့်သန့် လွဲလို့ ကောင်းတုန်း …..
နာမည်လေး တခုရယ် ….
ဒဏ်ရာလေး တချက်ရယ် …
တခုချင်းစီ လိုက်ကောက်ခဲ့ဖူးတယ် …..
အငွေ့ပျံဖူးရဲ့
ကိုယ့်ကိုကိုယ် မပြုစားနိုင်တဲ့ စုန်းလို
အုံ့အုံ့ပြက်ပြက် ..
အရိပ်ကို ကိုက်သတ်နေရတယ်
သေအံ့မူးမူး အမုန်းကို အသက်သွင်းကြစို့
မျောနေတဲ့ မျက်မှန်လေးဟာ ကိုယ်ပါ
သူကတော့ ….
ယပ်တောင်တချပ်မှာ
ကိုယ့်နာမည်ကို သပ်သပ်ခတ်ခတ် ရေးလိမ့်မယ်
သူ့ကိုတွေ့မဲ့ နောက်ဆုံးလိပ်စာ ရေစိုသွားတယ်
ကိုယ့်ကဗျာကိုယ် ပြန်ဖာထေးနေရတာနဲ့ တင်
မီးခိုးငွေ့ရည်ဖွဲ့ပြီး ရွာတယ်
တချိန်က လက်သန်းလေးနှစ်ချောင်းဟာ
ငြိမ်းချမ်းရေးမဲ့ရပ်ဝန်းမှာ ကိုယ်စီစစ်ပြင်ကြ
ဟော … ဟိုမှာ
ငါ့ အိပ်တန်းဝင်ချိန် ချီတက်လာပြီ
နှုတ်ခမ်းထက်က အစွယ်တဖွေးဖွေးနဲ့ ဖဲ့ခြွေလိုက်ပါတော့
ဝိဉာဉ်ဖြူသက်သက် ငါ ပေးဆပ်ပစ်လိုက်ချင်လို့
ချီရွန် ( ပုလဲ )
မရေးတော့ဘူး ဆုံးဖြတ်ထားပြီးမှ လက်က အကျင့်မကောင်းဘဲ ထွက်လာတဲ့ ကဗျာ …
Comment #2
အရမ်းကြိုက်တယ်
super like.
so much touching.
this is my very first time writing in myanmar.
By: ei lay at Feb 5, 2013
Comment #3
ဟုတ်ကဲ့ …. အားပေးသွားတဲ့ အိလေးနဲ့ မိုးထက်အောင် ကို ကျေးဇူးတင်ပါတယ်ဗျာ။
By: ChIr0N at Feb 5, 2013
Comment #4
မရေးဘဲတော့ မနေပါနဲ့ အကိုချီ ဆက်ပြီး တော့ လက်ကို အကျင့်မကောင်းအောင် မွေးမြူထားပါဦးလို့ တောင်းဆိုတယ်ဗျာ..
လေးစားလျက်
By: noe sat nay at Feb 5, 2013
Comment #5
ငါ မရေးဘူးဆိုတာက အသည်းကွဲကဗျာတွေ မရေးတော့ဘူးလို့ ပြောတာပါ။ ခံလည်း မခံစားချင်တော့ဘူး။ ရေးလည်း မရေးချင်တော့ပါဘူး။ ဒါပေမဲ့ ဒီကဗျာလည်း မရေးဘူးဆုံးဖြတ်ထားတဲ့ကြားက လက်က ရေးဖြစ်သွားတယ်။ စပြီး တည်တုန်းက ဒီဖရိမ်ချထားတာ မဟုတ်ပါဘူး တခြားကိစ္စပါ။ ဒါပေမဲ့ ဘယ်လိုဖြစ်လို့ ဒီစကားလုံးတွေထွက်သွားလဲမသိဘူး။ ငါ ညံ့တယ်။
By: ChIr0N at Feb 6, 2013




Comment #1
ကဗျာလေးကောင်းတယ်ဗျာ….