Professional Authors

ကမ္ဘာပေါ်မှာ နောက်ဆုံးည

(၁)

အဲဒီ ခွက်ထဲမှာ ဘာရှိမလဲ။
ငါကိုယ်တိုင် ထုဆစ်ထားတဲ့
ပုံပြင်တွေထဲမှာ
ငါတို့ ဇာတ်လမ်းတွေ ထက်ပိုင်းကြိုးကျ၊
အဲဒီ ညက မိုးသိပ်သည်း တယ် . . . မွှေး။

အရှုံး အထာနပ်ခဲ့တဲ့ လူတစ်ယောက်ရဲ့
အတိတ်နဲ့အဖြစ်ကို နင် ခေါင်းလေး ငဲ့ ကြည့်ပါ။
အဲဒီလူ ညည့်နက်သန်းခေါင် အဟောင်းတွေကို
တင်းတင်းဆုပ်လို့၊
ပြေခနဲ တိုက်လိုက်တဲ့ လေအဝှေ့ ၊
အသက်၊ အိုးအိမ်၊ စည်းစိမ်၊ နဲ့ အချစ်ဆိုတာ၊
တဒင်္ဂ တရား ပဲလားလို့၊
အထပ်ထပ်စဉ်းစား ဖူးတယ်။
မဖြစ်နိုင်ဘူး လို့ ကြောက်လန့် နာကျည်းစွာ
အော်ဟစ်လိုက်တဲ့အသံ၊
ပြေခနဲ တိုက်လိုက်တဲ့ လေအဝှေ့၊
သတိရ လိုက်မိတဲ့ အချိန်မှာ၊
ငါကိုယ်တိုင် တဒင်္ဂ တရားထဲမှာ အခိုးအငွေ့တွေနဲ့။

ကြာငုံ ဟန်ဖြင့် ယွင်းရာမဲ့ သော
ဒေလီယာ ပန်း တစ်ရွက်ပေါ် မှာ
နင့်ရဲ့ နှုတ်ခမ်း ကိုက်ဟန်တွေ၊
ပျောင်းညွတ် အိခွေ ပြီး
ငါ့ ရင်ဘတ် ပေါ် မှာ မှေးခနဲ ခွာ ပြေ ဖူးတယ်။

အချစ်နဲ့ အခြစ် ကို ခွဲလို့မရအောင်ကို
ငါ့နှလုံသားက သိပ် ချစ်ကြောင်း ကို ခြစ်ကြောင်းတွေနဲ့
သက်သေ နဲ့ သတ်သေ . . .
ရှရာ တွေမွစာကြဲ လို့ . . .
ကျေးဇူးပြုပြီး . . .
နင့် အမူအရာတွေထဲက လက်သည်း မြမြ တွေ
သိမ်းထားပေးပါလား . . . မိန်းကလေး။

ရင် . . . ပဲ့တင့် ရိုက်မျှ ရစ်ဝေ . . မှုန်မူး . . ခဲ့ ရတဲ့
(နင်တို့ရဲ့) မြရည် လျှံလျှံ ကျောင်းတော် အောက်မှာ
အနာဂတ် တွေ ပြိုးပြက် ခဲ့ရပေမဲ့
ဒါဟာ ရက်စက်စွာ နှင်းသက် ခဲ့ရတဲ့ အဖြစ် တစ်ခုရဲ့
အဆုံး မှာ သတ်ခံထိသွားတဲ့ အဆုံးသတ်တစ်ခုပါ။

ငါ့ ဆီ ၀င်လာတဲ့ ကျည်ဆံ တစ်စင်း လို၊
လေထု ရဲ့ ချဉ်စုတ်စုတ် ပွတ်သပ် မှုတွေထဲ၊
နေတို့သာ တက်ခဲ့၊ နေတို့သာ ဆင်းခဲ့၊
ငါ နဂို အတိုင်း
ညခင်းလည်း မရီ၊ နေ့ခင်း လည်း မသာ၊
လမ်းဘေး သူဖုန်းစား တို့ ရဲ့ တေးသံ အဟောင်းများကြားမှာသာ
ကြမ်းပိုးတစ်ကောင်လို
အိပ်စက်ခဲ့။

(၂)

နှောင်းလေ တွေ တိုက်ကြပေါ့။
ငါတို့ရဲ့ အနာဂတ် တစ်မျှင်နဲ့ ကျစ်ခဲ့တဲ့
(လေထဲက) စက္ကူအိမ် လေး စုတ်ပြတ်သတ် ပြီး
အစိပ်စိပ် အမွှာမွှာ တိမ်းပါး သွားခဲ့ပြီ။
ခံစားချက်တို့ က အရှုံး ပြိုင်းပြိုင်း နဲ့။
နန်းတော် မြို့ရိုး မမည် တဲ့ ခပ်မှောင်မှောင် တိုက်ခန်း တစ်ခု မှာ၊
မီးပေါက် ၊ လေး မြား တွေ အစင်းစင်း စိုက်ခံခဲ့ရတဲ့သူဟာ
ငါ . . ပါ . . မိန်းကလေး။

မေတ္တာတရားဆိုတဲ့ ကျောက်ဖြာ မှာ အရာ ထင်အောင် ကျခဲ့တဲ့
မျက်ရည် ခေတ်အဆက်ဆက် မှတ်ရည် ဆောင်နိုင်ပါစေ။
ယုတ္တိ မရှိတဲ့ သဘာဝ ကို ငါ အာဂုံ ဆောင်ခဲ့တယ်။

လမ်းကွေ့တိုင်းမှာ တွေ့ခဲ့ရတဲ့
လမ်းခွဲတွေမှာ၊
ငါ တွေဝေ စွာ ဆုံးဖြတ် မနေခဲ့ဘူး။
]]သစ္စာ}} တရားတွေ ဟာ နတ်သမီးတစ်ယောက်ရဲ့
အတောင်ပံ ကြည်ကြည် လေးတွေလို မရိုက်ခတ်နေခဲ့ဘူး။
အပြာရောင် မှိုင်းမှိုင်း ညတွေ မှာ
ယူဇနာ တွေ ထိန်နေအောင် ထွန်းထားတဲ့ ချောက် ထဲ
ဘယ်သူ့ ကို ငါ မျှော် နေခဲ့သလဲ။

အဲဒီလိုနဲ့ . . .
နဖူးပေါ်လက်မတင်ပဲ၊
စိတ် တွေကို အတိတ်ပေါ် တင်လိုက်တိုင်း၊
မဆုံးသေးခင် အတင်းဆုံးလိုက်ရတဲ့
ပြဇာတ်အို၊ နီသက်သက် အရသာနဲ့
ပြိုက်ကျ လာတဲ့ မျက်ရည်၊
အဆုံးစွန် ချခဲ့ပြီးတဲ့ ကားလိပ်၊
ဖြေဆေး (ဆိုတာ) ရှိ (ဦး) မှာလား . . . မွှေး ။

(၃)

ဆွေးဆွေးမြေ့မြေ့ အူနေတဲ့ နာရီအို၊
ဒီည ဟာ ကမ္ဘာပေါ် မှာ
အပေအတေ တစ်ယောက်ရဲ့ နောက်ဆုံး ည တဲ့။

နတ်ယောင်ဆောင်ခဲ့တဲ့ ဘီလူး ဆန်ဆန် အဖြစ် သနစ် တွေကြားက . . .
ငါ သိပ်ချစ်ရပါသော . . .
လူယောင်ဆောင်ခဲ့တဲ့ နတ်သမီး။

ဖြာဖြာလည် နေတဲ့ ပင်လယ် ဓါးသွားကို
အကြည့် ၀ိုင်းဝိုင်း တစ်စုံနဲ့ လက်နက်ချ စေခဲ့တဲ့ . . .
အဲဒီ အရူးမလေး လေး ရဲ့ မျက်ဝန်းမှာ . . .
တစ်ခါတစ်လေ ငါ့ အတွက်များ ဆွေးရိပ် သန်း နေမလား။
(တစ်ခါတစ်လေ ငါ့ ကို များ သတိရ နေ မလား)
မမျှော် အပ် တာကို မျှော် မိတဲ့ လူမိုက် . . .
နှလုံးသားကို မြားကျိုးတစ်စင်းနဲ့ ထိုးစိုက် မွှခြေ၊
ထွက်ကျလာတဲ့ နှလုံးသွေး၊
နင် ခြေ ဆေး ဖို့တောင်၊
သြော် . . . တန်ပါ့မလား . . . ။

အပြန်လမ်းဟာ ခြောက်ညှိုး ရစ်ခွေ နေခဲ့တယ်။
သစ်ရွက်တို့၏ လှုတ်ခတ်သံမျှ . . .
တိုးတိုးသဲ့သဲ့ သာ ကြားလိုက်ရ။
တိတ်တိတ်ဆိတ်ဆိတ် တိုးတိုးသာသာ ပဲ ငါ ရှုံးသွားခဲ့တယ်။
ငါ မြတ်နိုးရပါသော . . .
စုန်းအတတ် နဲ့ မိန်းကလေး . . . ။
ငါ တစ်ဖက်ကမ်းခတ်အောင် လွမ်းတတ်ခဲ့ပြီ။

တစ်ယောက်တည်းသော ည တွေမှာ၊
ဒဏ်ရာ တွေက တဆစ်ဆစ် ၊
နာကျင်မှုကို အံကြိတ် လိုက်တော့
အိမ်ရှေ့က အမှောင် နွမ်းနွမ်း တွေ ရုတ်တရက် လန့် ပြေး ကုန်တယ်။
ဒါဟာ မှန်ပါ့မလား။ ဒါ ဟာ မှား ပါ့ မလား။
မှန်၏ ။ မှား၏
အဲ့သလို နင်ပြောခဲ့စကားတွေထဲမှာ အရင်တုန်းက မိုးခြိမ်းသံ ရှိတယ်၊
မိုးခြိမ်းသံ ဆိုလို့ ၊ မကြောက်ပါနဲ့။
သူက အိုဟောင်း ရိဆွေး သွားပါပြီ။

မနှင် ပဲ ၊ မခေါ် ပဲ၊
ဖြစ်ချင်သလို ဖြစ်နေတဲ့ စက်ဝိုင်း အပဲ့ တွေနဲ့ ရှခဲ့တဲ့
ငါ့ ရင်ဘတ်က ဒဏ်ရာ
သတိထား မိ ခဲ့သလား . . . မွှေး ။

လာလာ တွယ်ပတ်နေတဲ့
ငါ့ လက်ကောင်ဝတ် က နင့် စကားသံတွေ။
ဒဏ်ရာ တွေ က နှစ်နှစ် ကာကာ နာနေ ကျင်နေ တုန်းပါပဲ။

(၄)

ငါ ကလည်း . . .
ရာဇ၀င် အနီရောင် မှာ ခေါင်းဖြတ်ပြီးသတ်ခံထိဖို့ ထက်
ချစ်သူ ကို ချစ်တယ်ပြောဖို့ ကို ကြောက်ရွံ့နေခဲ့တယ်။

ဝေးလွန် ခေါင်ဖျား တဲ့ အရပ်တစ်ခုက
အရက်မူးနေတဲ့ အဖိုးအို။
အဲဒါ နောင် အနာဂတ် က ငါ လား။

ခေတ် ရဲ့ မြား က ရင်ဘတ်မှာ ထုတ်ချင်း ခတ်ခဲ့တာ။
ထွက်ကျလာတဲ့ သွေးအစက်စက်တွေက၊
ကဗျာ တွေ အဖြစ် ရွာချ။
စစ် နတ်ဘုရား မ အသီးနား ရယ် ၊
ငါ့ရဲ့ (အချစ်) စစ် ပြာခွက်မှာ
ထင်းစတွေကို ဖယ်ပေးပါ။

ဖွင့်အပ်ဖို့ ရာ မ၀ံ့ခဲ့တဲ့ နှလုံးမိုက်
သံစို့ နဲ့ ထိုးပြီး ဖေါက်ပစ်လိုက်။
စိမ်းခက် လက်မြ နေတဲ့ နင့်ပါးပြင်ပေါ်က
သွေးကြော တွေ ရဲ့ သမိုင်းကြောင်း၊
နင်တို့အိမ်ရှေ့က လမ်းမ မှာ
အနှစ်မရှိတဲ့ ဖုန် မှုန့်တစ်မှုန့် အဖြစ်
ကမ္ဘာဦးတိုင်အောင် ငါ လိုက်ရှာ ခဲ့တာပေါ့။

မတန်မရာ အိမ်မက် တွေကို လက်ခုပ်နဲ့ သယ်ချင်တဲ့ကောင် . . .
ပြန်လာခဲ့ရင် . . . ပြုံးဦးမှာလား မိန်းကလေး။

(၅)

သံလွင်မှာ လွင့်တဲ့ လှိုင်းတွေ၊
နင့် ခြေထောက်ကို လာ ဦးခိုက်ရင် . . .
အစိုးမရတဲ့ မုတ်သုန် ငိုတတ်လွန်းလို့ပါ။

ဒီဘ၀ မှာ မမက်ခဲ့ရတဲ့ အိမ်မက်။
ရင်ဘတ်ကို အရေဆုတ် ပြီးး
မြစ်ပြင်မှာ မျှောပစ်မယ်။

အိုး . . . သံလွင်
မိုးဖျားစိုက်သည့် လှိုင်းတံပိုးတွေနဲ့။
ဤ လူ ၏ မိုက်ဖျား မှုတွေကို ဆေးကြောပေးပါ။

အဆိပ် သင့်ခဲ့တဲ့ လေပြေ၊
ခါးသက်တဲ့ ရနံ့ တွေနဲ့ လွမ်းခွေ ညိုမည်းနေတဲ့
ခံစားချက်တို့ လွင့်ထွက်သွားရုံ၊
မုန်တိုင်း အဖြစ် ဟန်ဆောင်ပေးပါ။

နင့် မျက်လုံး ၀ိုင်းစက်စက် နောက်မှာ၊
ဘာမှ မရှိဘူး။
ကြည်လင်မှု တစ်ခုတည်းရယ်။
အဲဒါကို နင်သိသလား . . . မွှေး ။

ငါသေလွန် ပြီးလို့ အနှစ်ငါးဆယ်ကြာတဲ့အခါ၊
ငါ့ အုတ်ဂူရဲ့ အင်္ဂတေ ကိုဖဲ့ခွာ ကြည့်လိုက်၊
ငါရဲ့ အရိုးဆွေးဆွေး ရင်ဘတ် ရဲ့ အထဲမှာ
ဘာမှ မရှိဘူး။
ကြည်လင်မှုတစ်ခုတည်းရယ်။
အဲဒါကို နင်သိသလား . . . မွှေး ။

ငါ့အရှေ့ ကပ်လျက်မှာ ကပ်လွတ်လိုက်တဲ့ မြားတစ်စင်း၊
ရလဒ်က အဆိပ် အနေနဲ့ ဆို သွေးစက်လက်ကျအောင် မှန် ခဲ့ပါတယ်။
(၆)

ငါသွားတော့မယ် မိန်းကလေး။
ငါသွားတော့မယ် မိန်း . . က . . လေး . . ။

လမိုက်ည မှာ အူ လိုက်တဲ့ နာဖျားနေတဲ့ ခွေးတစ်ကောင်ရဲ့ အသံလို၊
ငါ ဆွဲဆွဲ ငင်ငင် ဆွေးမြေ့မြေ့ သွားရတော့မယ်။
မြတ်နိုးခဲ့ရတဲ့ နင့်ရဲ့ ပါးပြင်ထက်
လက်နက်နိုင်ငံကြီး ထူထောင် ဖို့အထိ
ငါ မမိုက်မဲခဲ့ပါဘူး။
အဲဒီ မမိုက်မဲ ခဲ့တဲ့ လူငယ် . . .
သွေးစက်လက်ကျတဲ့ ဒိုင်ယာရီ တစ်အုပ်ကို ကိုင်လို့ . . . ။
အဲဒီ မရဏ နိုင်ငံမှာ ဘယ်လိုလုပ်ပြီး
လမင်းကလေး သာ နေမလဲ . . . မွှေး ။

နောင် ဘ၀ ဆိုတာ ရှိခဲ့ရင်
ဆွတ်ပျံ့ နေတဲ့ ၀န်းကျင်မှာ ငါတို့တွေ စကားတွေ
အများကြီး ပြောကြမယ်။
အခုလောလောဆယ်တော့၊
နတ်သမီးရယ် . . .
ငါ့ရဲ့ အခြားတစ်ဘက်ကို လှည့်ပြီး ပြုံးနေပေးပါ။

စိမ့်နေအောင် ချမ်းမဲ့ ညတွေကြား၊
နှောင်းလေ ကို ငါစီးလို့ ထွက်ခဲ့ပြီ။
ဖြစ်နိုင်ရင် မင်းလက် ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားချင်ပေမဲ့ . . .
လက်ဖြန့်ကြည့်တော့ ပူနွေးနေတဲ့ မျက်ရည်တွေ။
ဒီက ညီမ . . .
ကိုယ် . . .
လက် ဗလာနဲ့ ခရီး ဗလာ ကို ထွက်ခဲ့ပြီ ။ ။ ။

လင်းနီညို ရေးသားသည်

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

အရမ်းပဲနှစ်သက်မိပါတယ်။ အခါလို share ပေးတဲ့ အတွက် ကျေးဇူးပါ။

commentinfo By: Number1Princess at May 19, 2010
Comment #2

အချစ်နဲ့ အခြစ် ကို ခွဲလို့မရအောင်ကို
ငါ့နှလုံသားက သိပ် ချစ်ကြောင်း ကို ခြစ်ကြောင်းတွေနဲ့
သက်သေ နဲ့ သတ်သေ . . .
ရှရာ တွေမွစာကြဲ လို့ . .

commentinfo By: အမရာ at May 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment