Professional Authors

“မနေ့ကလို …”

မနေ့က စုပ်ခဲ့တဲ့
သကြားလုံး ဒီနေ့ပြန်စုပ်ဖို့ရာ …
(ကြွက်ကိုက်နေတော့)
ချိုမြိန်သန့်ရှင်းခြင်းကို မနေ့ကလို
သူပေးနိုင်တော့မလား ….

မနေ့ညက စပ်ခဲ့တဲ့ကဗျာ
ဒီနေ့ပြန်စပ်ဖွဲ့ဆို သီကုံးဖို့ရာ …
ဆူပွက်နေတဲ့ သွေးရူးသွေးတန်းခံစားချက်မျိုး
မနေ့ကလို သူပေးနိုင်တော့မှာလား …
လရောင်လေးကို ပွေ့ထူရင်း ၊
ကြယ်စင်တစ်လက်အကြောင်း သံစဉ်တစ်ပုဒ်သာ …
ဖွဲ့ဆိုရင်း …
“မနေ့က …” ဆိုတဲ့ နေရောင်ခြည်ဟောင်းတွေနဲ့
ထပ်မံကခုန်ဖို့ ဆိုတာ …ဆုလေးတစ်ခုအဖြစ်တောင်းပေမဲ့ …
သီသီလေးလွဲချော်ခြင်းပေါ်မှာ
ချော်လဲရောထိုင်လိုက်မိတဲ့ကောင်ပါ …

မနေ့က ဖန်တီးခဲ့တဲ့
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာ …
ရှေ့ဆက် ဘယ်လို ခင်းရပါ့မလဲ …
“နေမင်းကြီးရယ် …
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာသက်တမ်းရှည်ဖို့
သင့်ကို တစ်ပတ်လောက်
ကောင်းကင်ကြီးပေါ်မှာ ဆင်ကော်ထက်ပြင်းတဲ့
ကော်ပြင်းတစ်မျိုးနဲ့ ကပ်ထားချင်ပါဘိ …”
…………………………..
ဩော် …မနေ့ကအချိန် …
မနေ့ကအချိန် …
မနေ့က ငါ့ကောင်မလေးမျက်နှာ …
မနေ့က ငါ့ကောင်မလေးခင်မင်မှု …
မနေ့က ငါ့ကောင်မလေးအပြုံး …
မနေ့က ငါဆုပ်ကိုင်ခဲ့တဲ့ ငါ့ကောင်မလေးပျော်ရွှင်မှု …
မနေ့က ဟက်ဟက်ပက်ပက်ရယ်မောခဲ့တဲ့ ငါ့ရင်ခုန်သံ …
မနေ့က …
မနေ့က …
မနေ့က …ပါပဲ …
မနေ့ဆိုတဲ့ နေ့တစ်နေ့က ငါပိုင်ဆိုင်သမျှ …
ဒြပ်ရှိဒြပ်မဲ့အရာအားလုံး
ရင်ခွင်ကို နင်းဖြတ်ပြီး …
တစ်ယောက်တစ်ပေါက်နဲ့ …
ကိုယ်စီညမင်းဆီကို ငါ့ဆီ လက်သုတ်တစ်ဆောင်ပေးခဲ့ပြီး
ထွက်ခွာနှုတ်ဆက်သွားကြပြီ …
ငါ့မှာတော့ မျက်ရည်စမ်းစမ်း…စမ်းစမ်းနဲ့ပေါ့ …
အိပ်မက်တွေနဲ့ လှမ်းခေါ်ပါတယ် …
သူတို့ မကြားနိုင်တာ ခက်တယ် …

မနေ့က …နေဟာ
ဒီနေ့ပြန်သာခွင့်ရရင် …
သူ့လက်ကိုပဲ မလွတ်တမ်းဆုပ်ကိုင်ထားမိမှာ …

ဒီနေ့မှာ …
ရယ်မောသံမရှိဘူး …
ဝိဥာဉ်မရှိဘူး …
အလင်းရောင်မရှိဘူး …
စိမ်းစိုတဲ့ အတွေးတွေမရှိဘူး …
တိုးတက်ခြင်းမရှိဘူး …
မိုးမရွာဘူး …
နေမသာဘူး …
ကဗျာတွေ စာရွက်တွေပေါ် ထွက်မလည်ဘူး …
အတွေးတွေမှာပဲ မျက်ရည်မိုးအေးလေးလေးနဲ့
ကွေးနေကြရဲ့ …
လက်တွေမှာ သွေးတွေ မရှိဘူး …
ဦးဏှောက်တွေ ဖုန်တက်နေတယ် …
ကန္တာရထဲက သစ်ရွက်ကိုပဲ ကြိုးစားစိုက်နေတယ် …
ခြောက်သွေ့ခြင်းနေတွေ ပျိုးဖို့ …
မျက်လုံးဖွင့်လိုက်ရင် မထွက်ဖူးတာ ကြာနေပြီဖြစ်တဲ့ …
အထီးကျန်တံခါးရွက်မကြီးက …
သွေ့ခြောက်ခြောက်အကြည့်တွေနဲ့ မျက်စောင်းထိုးတယ် …
ဒီနေ့နဲ့ ပတ်သက်ပြီး …
ဒါဘယ်သူထွင်းခဲ့တဲ့ ရာဇဝင်လဲ …
“ချစ်စရာသွားတက်လေးနဲ့
ဝက်ခြံနီတွတ်လေးနှစ်ခု ပါးပြင်မှာ ရေမလောင်းဘဲ
စိုက်ကြဲထားတဲ့ ကောင်မလေး …
ကိုယ့်အာရုံမှာ အခုထိ ရနံ့တွေတောင်
ဆော့ကစားပြေးလွှားနေကြသေး …
မင်းနဲ့ ပြန်တွေ့မယ့် မနက်ဖြန်တွေကို
မျှော်လင့်ရင်း …
တွေးရင်း …
ပျော်ရင်း …
မြူးရင်း …
ငါပိုင်တဲ့ ဒီနေ့ကြီးလေ …
ခက်ဆစ်မရှိတော့ဘူး …” …။

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

မခွဲနိုင်ရက်တဲ့ ချစ်သူချင်း ခွဲခွာရရင် ဒီလိုပဲနာကျင်ရမှာလား
ကျွန်မ ဘယ်လိုဆုံးဖြတ်ရမလဲ
ဒီကဗျာထဲကလိုပဲ ဘ၀က အဓိပ္ပာယ်မဲ့သွားမှာလား

commentinfo By: winpapasan at May 18, 2010
Comment #2

ဖြစ်နိုင်ပါတယ် …ဒီကဗျာထဲကလိုပဲ ဘ၀က အဓိပ္ပာယ်မဲ့သွားနိုင်ပါတယ် …အဲ..အကြာကြီးတော့မဖြစ်နိုင်ဘူး..

commentinfo By: laypyay at May 21, 2010
Comment #3

ဒီကဗျာ ထဲမှာပုံးနေတဲ့ အချစ်ကဘ၀ဆိုတဲ့အရာကိုလက်မခံချင်ပါဘူး…

commentinfo By: chitkonaing at May 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment