Professional Authors

We live there!

ပါးစပ်ပါလို့လည်း ရွာမရောက်ဖူး
လူမသန်တွေကလည်း စကားသိပ်ပြောတယ်
ဆိတ်ဆိတ်နေမိရင်လည်း ထိတ်ထိတ်ပြီးပဲကျန်တယ်
ဒီကွေ့ကို ဒီတက်နဲ့လှော်လိုက်၊ ဟိုကွေ့ကို ဟိုတက်နဲ့လှော်လိုက်
စိန်နားကပ်အရောင်တစ်ချို့က တဖျက်ဖျက်တောက်
နေ့တဒူဝ အမှုတစ်ရာနဲ့
လမ်းဆုံးလို့လည်း ရွာမတွေ့တော့…။

ရေတစ်ချို့က နိမ့်ရာဆို မစီးပေမယ့်
မီးတွေက အောက်ထိဆင်းလောင်ချင် လောင်လိမ့်မယ်
မလျော့မတင်း စောင်းကြိုးညင်းကိုပဲ လိုက်နာရတယ်
နေ့ပြောလို့ နောက်ကြည့်စရာမလို ညပြောလို့ အောက်ကြည့်စရာမလို
ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်လူနဲ့
သီလစောင့်ရင်း အူမမတောင့်တဲ့လူနဲ့
တစ်တက် နှစ်တက် ကြက်သွန်လိုက်စားတဲ့လူနဲ့
အသက်ရှုခြင်းကွဲတာနဲ့ လူချင်းမတူဖူးတဲ့…။

နွံနစ်နေတဲ့ ပတ္တမြားတွေ များမယ်
မဏ္ဍပ်တိုင်တက်ချင်တဲ့ အလှူရှင်တွေများမယ်
မျောက်ပြလို့ ဆန်တောင်းတဲ့သူတွေများမယ်
ကျည်ထောက်စွပ် ဖြောင့်ချင်ယောင်ဆောင်တဲ့ ခွေးမြီးတိုတွေများမယ်
အသံကြောင့်လည်း ဖားမသေတော့ဖူး
ကိုယ်ကောင်းရင် ခေါင်းမရွှေ့တဲ့သူနဲ့
အလုပ်မရှိ ကြောင်ရေချိုးတဲ့သူနဲ့
သူတော်ချင်းချင်း ပေါင်းဖက်တွေ့တာပါပဲ…။

ခဲမှန်ဖူးတဲ့ စာသူငယ်နဲ့
ဆန်ပိုရချင်တဲ့ မျက်စိလည် ဖိုးသူတော်နဲ့
ဆင်သွားလို့လည်း လမ်းမဖြစ်တော့ဖူး
ငါးခုံးမလည်း သူ့ဟာသူနေ
ကျန်တဲ့ငါးလည်း ကိုယ့်ဟာကိုယ်နေ
ဒါကိုက
ပတ်ဝန်းကျင်ပါပဲ
ပိုးဖလံမျိုး မီးကိုတိုးသလို
ရဲရဲကြီး တိုးပြီး ပျော်ဝင်လိုက်ရုံ။

-ဂျွန်မိုးအိမ်-
၂၄ စက်တင်ဘာ ၂၀၁၁

စကားချပ်။  ။
ကို သက်ထွေးရဲ့ “သို့ …. မိုးခါးရေသောက်သူများ (၂)” ကဗျာလေးကိုဖတ်ပြီး အမြင်အသစ်နဲ့ ပတ်ဝန်းကျင်ကို ကြည့်မိတာပါ..။ 🙂

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

စကားလုံးတွေ သုံးထားလေး တွေ သဘောကျတယ်ဗျ..
ကောင်းတယ်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment