Professional Authors

တံတွေးတစ်စက် အံထုတ်ခြင်းဝေဒနာ

 

တံတွေးတစ်စက် အံထုတ်ခြင်းဝေဒနာ

 

ဒါ နွေပူပြင်းပြင်း အကြွင်းမဲ့ရာသီ သိမ်ငယ်စိတ်

ငယ်ဖော်တချို့ ကြွေ … လွင့် … စော ချန် ခြားတစ်ဘက်

ကံတစ်ရာခေခြေရာ ပုံစံခွက်ပြောင်းဆန်

ဝိညာဉ်တချို့ အရောင်အဆင်း လေအပင့်ပြေးဆင်း

 

ဖန်တရာတေ စကားအခွန်းများစွာ

လူရာဝင်အတင်းအဖျင်း မက်မက်မောမောဂုဏ်သွေး

ဓာတ်တူနာမ်တူ သူ့အကြောင်း သူများအကြောင်း တဖောင်ဖောင်တငင်ငင်

 

ရယ်မောသံတွေကြားရ၏ … ဘယ်လိုရယ်မောသံတွေပါလိမ့်

အဖြေရှာဖို့ မှတ်ကျောက်လိုလိုပိုပို အသွေးအသား ပဲ့တင်သံအလှည့်

အိုက်စပ်စပ်ပူလောင်ကျွမ်းဦးနှောက် အမာရွတ်ဒဏ်ရာ အထိအရှ

 

ကိုယ့်နာမည်ပြန်ခေါ် မသူတော်နာမည်ဝှက် အတတ်ပညာ

ခြေနှစ်ချောင်းအတုတစ်စုံ လည်တိုင်ချိတ်ဆွဲထားပုံ နယ်လွန်ဝေဒနာ

 

ခွေးဟောင်သံတွေ ဆူညံလှချည်လား

အမဲရိုးအတင်းလုနေကြတာလား သူခိုးအလစ်ဝင်ဆွဲတာလား

 

ရိုးရိုးအအ နေထိုင်တတ်သူကို လူနုလူအ ဆိုကြတယ်

ရယ်စရာကောင်းတဲ့ ဟာလာဟင်းလင်း ပြဇာတ်အဆန်းအပြား

 

အမေ

ပျင်းစရာကောင်းတဲ့ မြေသားကျစ်ကျစ်ပေါ်

သား လူလုံးမလှသေးတာလား အမောမဖောက်သေးတာလား

မနက်ဖြန်ကျရောက်မယ့် နေ့သစ်တစ်ကွေ့အတွက် အပြင်အင်တစ်ခု လိုလိမ့်မယ်။

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 19, 2011
Comment #1

ရိုးရိုးအအ နေထိုင်တတ်သူကို လူနုလူအ ဆိုကြတယ်

commentinfo By: May Kha at Sep 19, 2011
Comment #2

ကဗျာမိုက်တယ်ပုံစံဆန်းတယ် အတွေးဆန်းတယ် အားပေးသွားပါတယ်

commentinfo By: ဧရာဝတီသားး at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment