Professional Authors

…..တလွဲ

စိတ်ထွက်ပေါက်ပေးကြပါ

မွန်းကြပ်လွန်းလို့

ငါမသိတဲ့ သီချင်းတွေညည်း

ငါသတိမထားမိတဲ့ မျက်ရည်တွေစီး

နာကျင်မှုဆိုတာ ဒီလိုမျိုးတဲ့လား

ခဏလောက်ဆိုရင်တော့ ထွေးပွေ့ထားနိုင်ပါသေးရဲ့

 

မမျှော်လင့်ပါဘူး

မကြေကွဲ မလွမ်းဆွတ်ဘူး

ချစ်သူရဲ့ မချစ်မှုတွေကိုမသိဘူး

သန်းခေါင်ကျော်မှ ဖုန်းမဆက်ဘူး

ငါလွန်ခဲ့တာရှိလိမ့်မယ်

ဒါပေမဲ့ မတောင်းပန်ဘူး

 

တွန့်ကြေနေတဲ့ အိပ်မက်အစစ်တွေတော့ရှိတယ်

ထုတ်ထုတ်မကြည့်ချင်ဘူး

ခေါက်ရိုးကျိုးနေကြတယ်

ဒီတော့…ချောင်ထိုးထားလိုက်မယ်

အိပ်မက်အတုတွေပဲ ဖောဖောသီသီမက်

ဒါတွေကိုပဲ တမေ့တမောနဲ့

လွင့်မျောနေလိုက်တော့မယ်

 

ကောင်လေးရေ…

ငါကိုယ်တိုင်က စပြီးလွဲမှားနေတာပါ

ဒီတော့ ဘယ်လိုမှ နင့်ကိုအပြစ်မဆိုပါဘူး

တစ်ခါ တစ်ခါ ယောင်ဝါးမယ်

တစ်ခါ တစ်ခါ ပေါက်ကွဲမယ်

အဲဒီ့ အကျိုးအကြေ ဒဿနတွေနဲ့ပဲ

ငါ နင့် အ နား မှာ ရှိနေဦးမယ်

နင်မငြိုငြင် စိတ်မပျက်ဘူးဆိုရင်ပေါ့

 

ရီသံတွေကိုက လှောင်သံဆန်နေခဲ့တာပါ

ငါကိုယ်တိုင်ကလဲ နားရွက်တွေကိုပိတ်ချင်စိတ်မရှိခဲ့ဘူး

မာနကြီးဖို့ မာနအရင်ရှိပေးရမှာလား

ဒါတွေလဲ ငါသိပ်နားမလည်ဘူး

အရိပ်လိုလို့ နေပူက ရပ်စောင့်နေခဲ့တာပဲ

ဒီဆောင်းကိုက နွေရာသီဆန်လွန်းနေတာ

တစ်ခါတစ်လေတော့လည်း

ပန်းပျိုးလက်နဲ့ပဲ ဒီဥယျာဉ်ကိုဖျက်ဆီးပစ်လိုက်ချင်သား

 

ကြက်ခြေခတ်X

Monday 7.3.2011

In: ကဗျာ Posted By: Date: Jul 24, 2011
Comment #1

မမျှော်လင့်ပါဘူး

မကြေကွဲ မလွမ်းဆွတ်ဘူး

ချစ်သူရဲ့ မချစ်မှုတွေကိုမသိဘူး

သန်းခေါင်ကျော်မှ ဖုန်းမဆက်ဘူး

ငါလွန်ခဲ့တာရှိလိမ့်မယ်

ဒါပေမဲ့ မတောင်းပန်ဘူး.
လက်ကမကျဘူး…..သဘောကျတယ်

commentinfo By: အသဲကွဲမိုး at Jul 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment