ကိုယ့်လက်နဲ့ ရေးခဲ့တဲ့ လက္ခဏာ
” ကိုယ့်လက်နဲ့ ရေးခဲ့တဲ့ လက္ခဏာ “
သမိုင်းကို ရေးရင်း ရေးရင်း
ခြေရာတွေ ကသောင်းကနင်းရှုပ်ပွ
စာမျက်နှာတိုင်း ကြက်ခြေခတ်လှလှလေးတွေနဲ့
ဘဝဆိုတဲ့ အက္ခရာစောင်းပေါ်
ကံကြမ္မာက လက်ခမောင်းထခတ်တယ်
ကိုယ့်အကြောင်း မသိဘဲ
ကိုယ့်အကြောင်း ပြောနေကြတဲ့သူတွေလည်း
တဖြည်းဖြည်း အသက်ရှုတွေကြပ်
သူ့နှာခေါင်းပေါက်နဲ့သူ အောက်ဆီဂျင်ငတ်လို့
အနေအထိုင်မတတ်တဲ့ ကကြီးလို
ယပက်လက် ဆန်နေလေရဲ့
တခါတခါ
ဝိုင်းဖွဲ့ပြောကြတဲ့ စကားဝိုင်းမှာ
အပ်တစင်း မြေခသံ
ကျွန်တော် ကြားတယ်
လူတွေနဲ့ ဝေးရာရှောင်ရင်း
လူတွေကြားထဲ ရောက်ရောက်နေတော့
ကိုယ့်ဖိနပ်ကတောင်
ကိုယ်နဲ့ အပေါင်းအဖက်မလုပ်ချင်တော့ဘူးတဲ့
ကျွန်တော် မှားသွားလားမေမေ
တကယ်တော့ အမေ့သားက
အညတရ တစ်ယောက်ပါ
ကိုယ့်လက်ဖဝါးက လက္ခဏာကို
ကိုယ့်ဘာသာ ရေးချင်ခဲ့တာလေး တစ်ခုပါပဲ။
ချီရွန် ( ပုလဲ )
ရွာက လူဟောင်းတွေကတော့ ဖတ်ဖူးပြီးသားဖြစ်မှာပါ။ ဟို လွန်ခဲ့တဲ့ ၃ နှစ်က ရေးခဲ့တဲ့ ကဗျာလေးပါ။ ကြိုက်လို့ ပြန်တင်တာပါ။
Comment #2
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လည်း ပြန်ဖတ်မိရင်း ကြိုက်လို့ ပြန်တင်လိုက်တာပါ။
By: ChIr0N at Jul 13, 2011




Comment #1
ကိုယ့်အကြောင်း မသိဘဲ
ကိုယ့်အကြောင်း ပြောနေကြတဲ့သူတွေလည်း
တဖြည်းဖြည်း အသက်ရှုတွေကြပ်
သူ့နှာခေါင်းပေါက်နဲ့သူ အောက်ဆီဂျင်ငတ်လို့
အနေအထိုင်မတတ်တဲ့ ကကြီးလို
ယပက်လက် ဆန်နေလေရဲ့
……..ခုမှဖတ်ဖူးတယ်..ဗျ…တကယ်နှစ်သက်သွားပါတယ်