Professional Authors

သရေနဲ့ရှုံးတဲ့နေ့က

သစ္စာတရားမှာ
ကွင်းဝင်ကြေးရှိသလား..။

မင်းနဲ့ ငါ…
အနှောင်အဖွဲ့ကင်းကင်း ချစ်နိုင်ဖို့
ကြားကွင်းကို စိတ်ကြိုက်ရွေးချယ်ခဲ့ကြ
အကြိတ်အနယ်ပါပဲ…။

ကွင်းလယ်ကစားသမားလည်း ငါ
တိုက်စစ်မှူးကလည်း ငါ
မင်းက
လှလှပပ ယိမ်းနွဲ့ ကစားပြတတ်သူ
ငါကလည်း
အလိမ်အခေါက်မှန်သမျှ အမိဖမ်းပြီးဖျက်ချင်သူ
ကွင်းထဲမှာ ခရာမှုတ်သံတွေများသလောက်
ကစားပုံကလည်း သည်းထိတ်ရင်ဖိမပါဘူး…။
ဂိုးထဲကို ကန်သွင်းပြန်တော့လည်း
ဒိုင်လူကြီးက လူကျွံဘောသတ်မှတ်တယ်…။

နောက်ဆုံး…….
(လူမသိသူမသိ)
အတ္တတွေအကြိမ်ကြိမ် ခေါင်းတိုက်သွင်းပြီး
အနိုင်မရခဲ့တာလည်း ငါပါ…။

အခုတော့…
ကိုယ့်ရောဂါနဲ့ကိုယ်
လေတိုက်လို့ သစ်ရွက်လှုပ်တာတောင်
လိပ်ပြာလန့်တယ်…………။   ။

In: ကဗျာ,Others Posted By: Date: Jun 7, 2011
Comment #1

အခုတော့…
ကိုယ့်ရောဂါနဲ့ကိုယ်
လေတိုက်လို့ သစ်ရွက်လှုပ်တာတောင်
လိပ်ပြာလန့်တယ်…………။ ။

commentinfo By: poem.poem28 at Jun 8, 2011
Comment #2

ွှThanks

Leave Comments

Name*

Email*
Website
Email me whenever there is new comment