Professional Authors

နှင်းစက်ရက်လွန်(မနော်ဟရီ)

ရှုံးနိမ့်ခဲ့ရတဲ့ တောင်ကုန်းလေးရဲ့ခံတပ်စောင့်ဟာ… ငါပါ
ငါ့ရဲ့မြစ်ပြင်ကျယ်ကလေးကတော့… ဟိုးအဝေးမှာ
ဗေဒါတချို့ မြစ်ကျဉ်းတချို့နဲ့… ခပ်တိုးတိုးလေးစီးဆင်းလို့
တကယ်တော့…
လွင်ပြင်တွေဘယ်လောက်ပဲ ကာဆီးကာဆီး
ငါတို့ရဲ့ကောင်းကင်ပြာကတော့… တစ်ခုတည်းပါပဲ။
လရောင်ဖြာကျနေပုံကအစ အထီးကျန်ဆန်လှတဲ့ညတွေ
…….
အများကြီးပါ
တကယ်ဆိုရင်…
ပန်းရနံ့လေးပဲဖြစ်ဖြစ် သာသာယာယာကြားချင်မိတာပေါ့
အာရုံတွေကန်းနေတဲ့လူတစ်ယောက်ဖြစ်ခဲ့ရင်တော့ အကောင်းသား
ခုတော့လည်း…
လောကရဲ့ဆွံ့အမှုတွေကိုအဓိပ္ပာယ်ရှာ… သည်းခံတတ်ခဲ့ပါပြီ။
ငှက်ကလေးရေ…
နာကျင်နေတဲ့တေးတွေကို အလိုမကျစွာ သီဆိုနေတုန်းလား
သံစဉ်တစ်ခုရဲ့ ဂီတကို စည်းဝါးကျကျ မခံစားတတ်သူရယ်လို့ မရှိပါဘူး
တစ်ခါတစ်ခါတော့လည်း…
ကံကြမ္မာပတ်မသံဟာရင်ကွဲမတတ် ကျယ်လောင်လွန်းလှပါတယ်
ငါကတော့… ဆောင်းခိုငှက်ကလေးတစ်ကောင်ရဲ့ ဘဝဂီတကို
ဟိုအဝေးကနေစိတ်နဲ့
ကြားနာချင်နေမိတာတစ်ခုပါပဲ။
ပန်းချီကားတစ်ချပ်ရဲ့ သက်ဝင်မှုမျိုးလောက်နဲ့တော့
ငါ့ကိုမဖြားယောင်းပါနဲ့တော့…
ငြိမ်းအေးခြင်းတွေ ခုန်ဆင်းထွက်ကျမလာမယ့်အတူတူ
အဖြူရောင်တွေ အိပ်စက်နေပါစေလေ…
(မေမေ…အိပ်ရာဝင်ပုံပြင်တွေထဲက နတ်ဆိုးတစ်ပါးပါးများ
ခရီးထွက်ခဲ့သေးသလား… )
သံယောဇဉ် ဆိုတာ
တကယ်တော့ ရာသီဥတုလေးတစ်ခုသက်သက်ပါ
ဘုရားသခင်က တိတ်တဆိတ်ဖန်ဆင်းခဲ့တဲ့အရာပေါ့…
အရာရာအစစ မိုင်ပေါင်း(၅၀ဝ)မက ဝေးကွာသွားကြတဲ့အခါ
မရိတ်သိမ်းလိုက်ရတဲ့ ပျိုးခင်းဝါဝါတွေ…
ငါတို့ရဲ့တစ်ခုတည်း ကောင်းကင်ပြင်ကြီးအောက်မှာ…
ဒဏ္ဍာရီဂီတတွေနဲ့
ပင့်သက်လွင့်ဝေနေဦးမလား… ။
ညရေ…
အမှောင်ကဝေတွေ သေဆုံးသွားတော့မှာလား…
ဆောင်းညတွေရဲ့အမှားတွေ…
ငါ့ခံတပ်ကလေးမှာ… ကဗျာမဆန်စွာ… အတုံးအရုံးစုပုံလို့
ငါတို့…
ဘာလို့… နှင်းကျခဲ့ကြတာပါလိမ့်… ။

မနော်ဟရီ

——————–

Comment #1

နှင်းကျခဲ့တယ်…………

commentinfo By: lwantaycho at Jun 29, 2010
Comment #2

သံယောဇဉ် ဆိုတာ
တကယ်တော့ ရာသီဥတုလေးတစ်ခုသက်သက်ပါ..။
မနော်ဟရီရဲရကဗျာတွေတင်ပေးလို့ ကျေးဇူးတင်ပါတယ် ဖြိုးဖြိုး…

commentinfo By: Shwe Ngar at Apr 27, 2011
Comment #3

ဘဝကို နှင်းက ဆောင့်နေခဲ့တာလား။
နှင်းတွေကို ဘဝက ဆောင့်နေခဲ့တာလား။
တို့နှစ်ဦးကြားက ကြားလူဟာ
သံယောဇဉ်ကို ဖဲ့ယူကြော်လှော်ခဲ့ပြီ…..
လမ်းကျဉ်းလည်း လမ်းကျဉ်းအတိုင်း၊
မြစ်ကျဉ်းလည်း မြစ်ကျဉ်းအတိုင်း၊
အလွမ်းကြေးဆိုပေမယ့်………….
ငါတို့ ခပ်ရိုင်းရိုင်းဘဲ ဝေးကြပါစို့….။
(စိမ်းခက်စိုး)

commentinfo By: စိမ်းခက်စိုး at Apr 27, 2011
Comment #4

ညရေ…
အမှောင်ကဝေတွေ သေဆုံးသွားတော့မှာလား…
ဆောင်းညတွေရဲ့အမှားတွေ…
ငါ့ခံတပ်ကလေးမှာ… ကဗျာမဆန်စွာ… အတုံးအရုံးစုပုံလို့
ငါတို့…
ဘာလို့… နှင်းကျခဲ့ကြတာပါလိမ့်… ။

commentinfo By: yaewintaung at Oct 30, 2011
Comment #5

လွင်ပြင်တွေဘယ်လောက်ပဲ ကာဆီးကာဆီး
ငါတို့ရဲ့ကောင်းကင်ပြာကတော့… တစ်ခုတည်းပါပဲ။
လရောင်ဖြာကျနေပုံကအစ အထီးကျန်ဆန်လှတဲ့ညတွေ
…….
အများကြီးပါ

commentinfo By: မီးမီး at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment