Professional Authors
အန္တိမ မေးခွန်းတစ်ခု
အန္တိမ မေးခွန်းတစ်ခု
အုတ်တစ်ချပ် သဲတစ်ပွင့်
လမ်းမဖြစ်ခဲ့ဘူး
(မလျှောက်နဲ့ ……..)။
ဒီဆောင်းကို နေ ကနှင်တယ်
ဒီ နေကို ဘယ်သူနှင်ခဲ့သလဲ
ကျွန်တော်ပြန်သွားခဲ့ပါပြီ………။
အိမ်မက်တွေ တာကျိုးပြီ
မိုး……ရွာဖို့ မလိုတော့ဘူး
စက်ရုပ်တစ်ကောင်ရဲ့တေးသွားမှာ
(ဘယ်သံစဉ်မှ မပါရ……)။
ကိုယ့်နံရိုး ကိုယ်ချိုးရင်း
ကိုယ့်ရင်ဘတ် ကိုယ်ကာ
ကိုယ့်အထာနဲ့  ကိုယ်လွမ်း
(ဘယ်အနမ်းမှ မတောင့်တဘူး)။
ဒီမြစ်ကိုမြတ်နိုးလို့  ဒီမိုးကိုမျှော်
ဒီကမ်းနားက ဒီသစ်ပင်
(အခု…….)
နေ၀င်သွားခဲ့ပြီ
(အိပ်တော့…………)။
ကိုယ့်နှုတ်ခမ်း ကိုယ်ကိုက်ရင်း
ကိုယ့်အလွမ်း ကိုယ်နှိုက်
အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့တယ်
(မဆိုင်သူ မကောက်ရ)
ဆိုင်သူလည်း ကောက်မနေစမ်းပါနဲ့ တော့
(ရှုပ်တယ်………)။
အုတ်တစ်ချပ် သဲတစ်ပွင့်
လမ်းမဖြစ်ခဲ့ဘူး……………..
စက်ရုပ်တစ်ကောင်ရဲ့တေးသွားမှာ
ဘယ်သံစဉ်မှ မပါရ………….
ဒီဆောင်းကို နေ ကနှင်တယ်
ဒီနေကို ဘယ်သူနှင်ခဲ့သလဲ………..
(ကဲ……ပြော)
ဒီနေကို ဘယ်သူနှင်ခဲ့တာလဲ………..
(အခု……ပြော)
ဒီနေကို ဘယ်သူနှင်ထုတ်ပစ်ခဲ့တာလဲ………
…………………………………………………………..။                  ။
                                                                     မိုးထက်အောင်
In: ကဗျာ Posted By: Date: Apr 5, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment