Professional Authors

ကြယ်စုံည အိမ်လွမ်းချိန် – နရီထက်

ကြယ်တွေ စုံပြီးလား
ငေးကြည့်စရာ ပြတင်းပေါက်နားဘေး
ပြာပြာလဲ့လဲ့ ဟင်းလင်းပြင်ကြီးထဲမှာ
နေရာယူလောက်ကြပြီးရဲ့
အလှစီခြယ် သည်ကောင်းကင်ကြီးရယ်
စကားပြောတတ်ပြီးလား

အက္ခရာအစဉ်တွေနှင့်
အဓိပ္ပာယ်တွေ ဖော်ဆောင်နေသလား
တစ်ချို့က ပြောလိုက်သေးတယ်
အစိုင်အခဲတစ်ခုလား
တစ်နေ့ကျရင် ပြေးလွင့်စင့်မယ့်
ဥက္ကာပျံအလွတ်ကျလေးလား
တည်မြဲခြင်းကို ဖော်ဆောင်ပေးမယ့်
နံပါတ်လေးတွေတော့ မဟုတ်ခဲ့ပါဘူး

ဆေးစက်ကျရာ အရုပ်ထင်ခံနေကြတဲ့ဘ၀မှာ
ဘယ်သူကမှ ဆေးအပေမခံကြဘူးလေး
ဖဲချပ်ပေါ်က နံပါတ်လေးတွေကိုချစ်ခဲ့ပေမဲ့
တာရော့ဗေဒင် ဖဲချပ်လေးတွေကိုတော့
ငါ မချစ်တတ်ခဲ့ပါဘူး
စစ်တုရင် ကစားတဲ့ အဖြူအမည်းကွက်ကြားတွေကို
မုန်းတီးနေမိပေမဲ့
အနိုင်ရဘူးထားတဲ့ စစ်တုရင်ရုပ်ကလေးတွေကိုတော့
တိတ်တခိုးလေး မြတ်နိုးမိနေတယ်

အရိပ်တစ်ခုကို ၀ိုင်းဖက်တွဲငြိနေစဉ်မှာပဲ
ငါ့တို့ရဲ့စိတ်တွေက….
တစ်ယောက်ပြီးတစ်ယောက် အရိပ်တွေ
ပြောင်းခဲ့တာ ဝေးမှ သိသလိုပဲ
ပစ်လိုက်တိုင် ထောင် ပစ်တိုင်ထောင်
တကယ့်တမ်းကျ အားယူအစပျိုးခဲ့တဲ့
အချိန်တွေလည်း မနည်းပါဘူး
စမ်းကျသံကို ၀ိုင်း နားထောင်ချင်ပေတဲ့
ငါ့တို့တစ်တွေ…
တစ်ခါတစ်လေကျတော့လည်း
ငိုသံပါးပါးလေး ရယ်သံခပ်ကျဲကျဲလေးတွေကိုလည်း
ခံစားတတ်လာကြပါပြီး

အလင်းတွေက နေရာယူတဲ့အခါ
ကြယ်လေးတွေက မှေးစက်အိပ်ပျော်သွားကြသလား
ကွယ်ပျောက် ပုန်းလျှိုး နေတတ်ခဲ့ကြသလား
တစ်နေရာရာမှာ
ညအတွက် အလှပဆုံးဖြစ်အောင်
ကိုယ်ရောင်တွေကို သွေးနေကြသလား

အပြုံးတွေကြားမှာ ဟန်ဆောင်အပြုံးက
အလှပဆုံးဆိုရင်….
ငါ ကြယ်တွေ ကြွေရင် ၀မ်းနည်းမနေတော့ဘူး။     ။

နရီထက်
( ၂၆ ၊ မတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Mar 26, 2011
Comment #1

(ဆေးစက်ကျရာ အရုပ်ထင်ခံနေကြတဲ့ဘ၀မှာ
ဘယ်သူကမှ ဆေးအပေမခံကြဘူးလေး)
အရမ်းမှန်တဲ့စကားလုံးလေးပါ
(အပြုံးတွေကြားမှာ ဟန်ဆောင်အပြုံးက
အလှပဆုံးဆိုရင်……………………………………………..
……………………………………)တကယ်ကြိုက်တယ်။

commentinfo By: myintmo at Mar 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment