Professional Authors

ခံစားချက် … ၂

နေ့သစ်တစ်နေ့ရဲ့တောက်ပတဲ့အလင်းရောင်အောက်မှာ ကို့ မျက်ဝန်းတွေကို မဖွင့်ချင်ပဲ ဖွင့်ခဲ့ရပြန်ပြီ.. တကယ်တော့ ကို မနိုးထချင်သေးဘူး…မနက်မိုးလင်းလို့ အသိအာရုံတွေ ၀င်ရောက်လာတာနဲ့ ကို ပထမဆုံးသတိရမိတာက နိုး လို့ နာမ်စားသုံးပြီးပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ပဲ…နာရီကို ကြည့်မိတော့ မနက် ၇ နာရီ ကျော်ရုံပဲရှိသေးတယ်.. ဒီအချိန်မှာ နိုးကတော့ အိပ်စက်နေတုန်းဖြစ်မှာပါ…နိုး ရှိနေတဲ့ နေရာမှာဆိုရင် မနက် ၅ နာရီခွဲလောက်ပဲ ရှိဦးမှာလေ..ညဥ့်နက်တဲ့အထိ online ပေါ်မှာ ရှိနေတတ်တဲ့ နိုးက မနက် ၈ နာရီကျော်မှ အိပ်ယာထတတ်တာ ကို သိနေပြီလေ..အရင်ကဆို ကိုလည်း အိပ်ယာထနောက်ကျတယ်.. နိုးနဲ့ စကားတွေပြောရင်း ညဥ့်နက်တဲ့အထိ အချိန်ဖြုန်းခဲ့ဖူးတယ်..ခုတော့  အစောကြီးနိုးနေပြီး ဘာလုပ်ရမှန်းမသိပဲ လူက အူကြောင်ကြောင်ဖြစ်နေတယ် နိုး…….ကို နေသားမကျသေးဘူးကောင်မလေးရေ…
ကွန်ပျူတာကို ဖွင့်မိပြန်တော့လည်း ” ကိုသား.. နိုးပြီလား ” လို့မေးတတ်တဲ့ နှတ်ဆက်စကားကို တောင့်တမိပြန်တယ်..ဒီနေ့ ကို့ဂျူတီက ညနေပိုင်းဆိုတော့ နေ့လည် ၁ နာရီမှ ကို ဆေးရုံကို သွားရမှာ.. ကို့အတွက် အချိန်တွေအများကြီးပိုနေတယ်.. ကို ဘာလုပ်ရမလဲကောင်မလေးရယ်…မနက်စာအတွက် ကော်ဖီနှပ်ဖို့ ပြင်တဲ့အချိန်မှာ ” နိုးကလေ..ကော်ဖီ ခါးခါးနဲ့ ချိစ်ဘာဂါ ကိုသိပ်ကြိုက်တာ ” လို့ပြောခဲ့ဖူးတာကို သတိရမိပြန်တယ်..ဘာကြောင့်များကို့ကို ဒီလောက် တွယ်တာစေရတာလဲ.. စွဲလန်းစေရတာလဲ..ပျော်ရွှင်စေရတာလဲ..ကောင်မလေးရယ်…တကယ်ဆို တစ်ယောက်တည်း ဘ၀ မှာ ကိုနေသားကျနေပြီးသားပါ. မထင်မှတ်ပဲ မင်းနဲ့ ခင်မင်ပြီးတဲ့နောက်ပိုင်းမှာ ကို့ အတွက် ဘ၀မှာ အားပေးဖော် ဆိုတာ အရေးတကြီးလိုအပ်လာခဲ့တယ်… “နိုးရေ .. မင်းတကယ်တော်တယ်ကွာ ” ခုတော့ မင်းမရှိတဲ့ဘ၀မှာ ကိုမနေတတ်တော့ဘူး.. အရင်ကဆို မနက်စာကိုတောင် နိုးနဲ့စကားပြောရင်း စားဖြစ်တာ.. မင်းကလေ လူတစ်ယောက်ကို စိတ်ပျော်ရွှင်လာအောင် သိပ်ပြောတတ်တယ်နော်..နိုး သိပ်ကြိုက်တဲ့ သီချင်းတွေအကြောင်း.. နိုး သဘောကျတဲ့ ဘောလုံးသမားတွေအကြောင်း.. ကျောင်းတုန်းကပျော်ခဲ့ကြတဲ့အကြောင်းတွေ.. နိုး ကိုယ်တိုင်ရေးတဲ့ ကဗျာတွေ… ကားသစ်လဲတိုင်း ကြည့်ဖြစ်တဲ့ရုပ်ရှင်တွေအကြောင်း စုံနေအောင်ကို ပြောတတ်တာ.. ပြီးတော့ အချစ်နဲ့ပတ်သက်တဲ့ အကြောင်းတွေ ကို ပြောမိတဲ့အခါတိုင်း ဘာမှမသိနားမလည်သေးတဲ့ ကလေးတစ်ယောက်လို ဟာသဆန်ဆန်ထင်မြင်ချက်တွေ…. ကိုလေ  နိုး ကိုတကယ်ကိုမြတ်နိုးသွားခဲ့မိတာပါကွာ… ” GOOD NIGHT ” လို့နှတ်ဆက်ပြီး online ပေါ်က နိုး ပျောက်ကွယ်သွားတဲ့ အချိန်ဟာ ကို့ရဲ့ အိပ်ယာဝင်ချိန်ပဲ နိုး.. အိပ်မပျော်သေးတဲ့ အချိန်တိုင်း နိုးရဲ့ ပုံရိပ်ကို စိတ်ကူးပုံဖော်ရတာလည်း ညတိုင်းပဲ.. ကို က နိုးရဲ့ ခပ်ဝေးဝေးက ရိုက်ထားတဲ့ ဓါတ်ပုံကိုပဲ မြင်ဖူးထားတာလေ… ကိုက ဓါတ်ပုံတောင်းတိုင်းလဲ ” ကိုသား ဒီဇင်ဘာမှာပြန်လာမှာမဟုတ်လား.. အဲဒီတော့မှ လူချင်းတွေ့တာပေါ့.. စိတ်မပူပါနဲ့ နိုးကကြောက်စရာကောင်းလောက်အောင် ရုပ်မဆိုးပါဘူး..” တဲ့… ကိုယုံပါတယ်. နိုးကသိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်မှာပါ… ဒါပေမယ့် ဒါတွေက ကို့အတွက် အရေးမကြီးတော့ဘူး နိုး….. ကို့ဘေးမှာ နိုးရှိနေဖို့ပဲလိုတာပါကွာ..
ကျောင်းတုန်းကတော့ ကို ရည်းစားများခဲ့တယ်နိုး.. ကိုတွဲခဲ့ဖူးတဲ့မိန်းကလေးတွေ အများကြီးပါ.. နိုး လောက်ဘယ်သူ့ကိုမှ မစွဲလန်းခဲ့ဖူးဘူး.. တစ်ယောက်မဟုတ် တစ်ယောက် ကို့အနားမှာရှိနေတော့ အချစ်ဆိုတာကို ကိုအလေးအနက်မထားခဲ့ဘူး.. ခုတော့ အသက်အရွယ်အရရော အလုပ်အကိုင်အရပါ ကို့စိတ်တွေအနည်ထိုင်ပြီး ရင့်ကျက်နေပါပြီ.. ကိုယ့်မြေကိုယ့်ရေ မဟုတ်တဲ့ နေရာတစ်ခုမှာ အသားအရောင်မတူတဲ့လူတွေကြားမှာ ကို့ဘ၀အတွက် အလုပ်တစ်ဖက်နဲ့ ပညာဆက်သင်နေရင်း အထီးကျန်ဆိုတဲ့ ခံစားချက်ကို စတင်ခံစားမိချိန်မှာ ကို့ဘ၀ထဲကို နိုးက၀င်ရောက်လာခဲ့တာပဲ..ကို့အတွက် နိုးဆိုတဲ့ကောင်မလေးဟာ အရာအားလုံးထက်အရေးပါနေခဲ့ပြီဆိုတာ ကို ၀န်ခံဖြစ်ခဲ့ပါတယ်.. ကိုတို့ တစ်ယောက်နဲ့ တစ်ယောက် အတွေးနဲ့ ပုံဖော်ကြတုန်းကပေါ့.. ” နိုးမှာ သွားတက်ကလေးရှိမယ်လို့ ကိုထင်တယ်'” ဆိုတော့ ” မှန်လိုက်တာ နိုးမှာ တကယ်ပါတယ်”  ” ပြီးတော့ အသားဖြူတယ်..ဆံပင်က ခါးလောက်ဆိုရင်တော့ ကို သိပ်သဘောကျမှာပဲ” ဆိုတော့ “ဘာလို့ဒီလောက်သိနေရထာလဲ” တဲ့.. နိုးအလှည့်ကျတော့ ” ကိုသား အသားနည်းနည်းညိုသလား” ” အင်း နည်းနည်းတော့ ညိုတယ်” ” ယောက်ျားပီသပြီး ရင်အုပ်ကျယ်ကျယ်” ” မှန်နေပြန်ပြီ”  … ” တကယ်လား.. ကိုသားက သိပ်စကားတတ်တော့ နှတ်ခမ်းပေါ်မှာ မှဲ့ကလေးများပါနေသလား” တဲ့.. ကို တကယ်ကိုအံ့သြသွားခဲ့ မိတာပါ.. ဟုတ်တယ်နိုး.. ကို့နှတိခမ်းအထက်က ချိုင့်ကလေးထဲမှာ မှဲ့နက်ကလေးတစ်လုံးရှိနေခဲ့တယ်… ကိုတို့ စိတ်ချင်းသိပ်နီးစပ်ကြတယ်လို့ ကို ထင်ခဲ့တာ… ညဘက် ဂျူတီပြီးလို့ ဆေးရုံက ပြန်ရောက်တာနဲ့ online ပေါ်မှာ နိုးရှိနေရဲ့လားလို့ ကြည့်ရတာအမောပဲ.. အရမ်းနောက်ကျလို့ နိုးမရှိတော့ရင်တောင် ” ကိုသားပြန်လာပြီလား.. ပင်ပန်းနေလားဟင်” လို့ message ထားခဲ့တတ်တဲ့ ကို့ ရဲ့ကောင်မလေးပါ… ဒါတွေကြောင့်ပဲ ကိုမင်းကို ပိုချစ်လာခဲ့တာ.. ခုတော့ ကိုပြန်လာမှာကို ကြိုသူမဲ့နေခဲ့ပြီကောင်မလေ့းရယ်.. ကိုဒီဇင်ဘာမှာ ပြန်ရောက်တာနဲ့ နိုးကို အရင်ဦးဆုံးသွားတွေ့မယ်.. နိုးနဲ့အတူ မြို့မရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်မယ်.. ပြင်ဦးလွင်သွားမယ်.. ညနေခင်းတွေဆိုရင် ၇၈ လမ်းမှာ အသစ်ဖွင့်ထားတယ်လို့ ပြောတဲ့ နိုးထိုင်နေကျ  jj မှာ နိုးသိပ်ကြိုက်တဲ့  iced mocha နဲ့ Cheese Burger ကို အတူစားရင်း အချိန်ဖြုန်းကြမယ်လေ.. ကို့အတွေးတွေပေါ့ …. ဒါပေမယ့် ဒါတွေဟာခုတော့ ဟာသတစ်ခုလိုပဲ…… ” ကို လေ.. နိုးအတွက် လက်ပတ်နာရီတစ်လုံး ၀ယ်ထားတယ်.. ပြီးတော့ နိုးရဲ့ လက်သူကြွယ် အတိုင်းကို ကိုသိပါရစေလား.. စင်တီမီတာနဲ့ပေါ့.. ကို့တို့ရဲ့ ချစ်ခြင်း အမှတ်တရအဖြစ် ကို နိုးကို လက်ဆောင် ပေးချင်တယ် နိုး” ….. ဒီစကားဟာ ကို နိုးကို နောက်ဆုံးပြောခွင့်ရခဲ့တဲ့ စကားပဲ….. အဲဒီနေ့က စပြီး နိုးပျောက်ကွယ်သွားခဲ့တာ… အစကတော့ နိုး တခုခုများဖြစ်သလားလို့ ကို စိတ်ပူမိသေးတယ်… အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကြာလာမှ နိုးကို့ ကို ထားခဲ့ပြီဆိုတာ ကိုနားလည်လာရတယ်.. ကို နားမလည်နိုင်ဘူး.. ကို့မှာ ငြင်းပယ်လောက်စရာ ဘာအကြောင်းများရှိလို့လဲ ကောင်မလေးရယ်… ကို မင်းကို အရမ်းသတိရတယ်နိုး… ကိုမင်းကို မျှော်လင့်နေမိတုန်းပဲ…..
                                                          XXXXX                              XXXXX
ဒီနေ့ည ကိုပြန်ရောက်တော့ ည ၁၁ နာရီထိုးတော့မယ်…ခြောက်သွေ့နေတဲ့ ဒီအခန်းထဲကို ကိုမ၀င်ချင်ဘူး.. ကောင်မလေးရယ် ကိုမင်းကို အရမ်းတမ်းတတယ်ကွာ… ကို့ကို ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်လေးတောင် ပေးမသွားပါလားကွာ…ကွန်ပျူတာကို ဖွင့်ကြည့်မိတော့ ကို့စိတ်တွေ အရမ်းလှုပ်ရှားသွားတယ်… နိုးပါ.. ဟုတ်ပါတယ်.. နိုး ကို့ကို စာတစ်စောင်ပို့ထားခဲ့တာပဲ…

” ကိုရဲခေါင်လတ်.. ဒီနာမည်ကရှင့်ရဲ့ နာမည်ရင်းနော်… သိနေလို့ မအံ့သြလိုက်ပါနဲ့ .. ကျမဘယ်တော့မှ မေ့မရခဲ့တဲ့ နာမည်ပါ.. သိပ်ပွေသိပ်ရှုပ်ခဲ့တဲ့ ရှင့်အတွက်တော့ ဘာမှမဟုတ်ခဲ့ပေမယ့် သိပ်ချစ်တတ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အတွက်တော့ ချစ်သူရဲ့ စွန့်ခွါမှုဟာ တစ်သက်စာ နာကျင်ခံစားရတာပါ..အသက် ၁၉ နှစ်ဆိုတဲ့ အရွယ်ကနေ ၂၈ ဆိုတဲ့အရွယ်အထိ ဆယ်နှစ်နီးပါး ကျမခံစားခဲ့ရတဲ့ နာကျင်မှုအတွက် ရှင်နည်းနည်းတော့ ကိုယ်ချင်းစာနိုင်ပြီဆိုရင် ကျမ ၆လလောက် အချိန်ပေးခဲ့ရတာတန်ပါတယ်..”

သြော်.. နိုးရယ်..ကို နာကျင်ရပါတယ်… ခံစားရပါတယ်.. ကို့ကြောင့် မင်းဒီလောက်ခံစားခဲ့ရသလား.. မင်းကို့ကိုသိပ်ချစ်ခဲ့တာပေါ့နော်.. သိပ်ချစ်ခဲ့လို့ ဒီချိန်ထိမင်းခံစားနေရတာပေါ့နော်.. ကိုလည်းမင်းနဲ့ထပ်တူပါပဲ..မင်းကို ကိုပိုပြီးချစ်သွားမိပြီကောင်မလေးရယ်..ပိုပြီးတောင့်တမိပြီ..ဒုတိယအကြိမ်ဆိုတဲ့ အခွင့်အရေးသာရှိမယ်ဆိုရင်လေ..ကိုမင်းကို ပိုပြီးမြတ်နိုးမှာပါ.. တန်ဖိုးထားမှာပါ.. ကိုတို့နှစ်ယောက်လုံးရဲ့ နာကျင်မှုတွေကို အဆုံးသတ်ဖို့ ကို့ကို အခွင့်အရေးပေးပါဦးလား.. မိန်းကလေးရယ်….

In: ဝတ္ထု Posted By: Date: Jul 24, 2010
Comment #1

ဘယ်လိုလဲ အခွင့်အရေးပေးမှာလား ။ မပေးဘူးလားဟင်။ သိချင်လို့ပါ။

commentinfo By: raingirl at Jul 25, 2010
Comment #2

ဒါကတော့ ဒီဇင်ဘာမှာ ရဲခေါင်လတ် singapore ကပြန်လာမှပဲ သိရမှာ rain ရဲ့… လောလောဆယ်တော့ မပြောတတ်သေးဘူး…… ဟီးးးး

commentinfo By: နှိုင်းခ at Jul 26, 2010
Comment #3

i like ur dream

commentinfo By: phyo phyo at Jul 26, 2010
Comment #4

ကျေးဇူးပဲ….

commentinfo By: နှိုင်းခ at Aug 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment