Professional Authors

ခံစားချက်လက်ကျန်

ခံစားချက်လက်ကျန်   

   လောကကြီးမှာ …. ယောက်ျားတစ်ယောက်ဟာ အောင်မြင်မှုတွေရရှိလာပြီဆိုရင် အရင့်အရင်က ရှိခဲ့ဖူးတဲ့ အချစ်ကို လွယ်လင့်တကူ ချေမွပစ်ရက်သတဲ့လား……??? တစ်ခါက လ၀န်းကို  ချစ်ပါတယ်လို့ တဖွဖွပြောခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက်က အခု အောင်မြင်သွားတဲ့အခါ လမ်းခွဲကြစို့ လို့ ပေါ့ပေါ့ပါးပါးလေး ပြောရက်နိုင်ခြင်းဟာ ဘယ်လိုအသိဥာဏ်တွေရဲ့ စေစားမှုကြောင့်လဲဆိုတာ လ၀န်း အဖြေရှာမရအောင်ဘဲ ရင်ခွင်တို့နာကျဉ် ကြေမွနေရပါတယ်….။ မေ့လို့မဖြစ် ဖျောက်ဖျက်လိုက်ဖို့မသင့်တဲ့ အတိတ်က ချစ်သူအကြောင်း အကြိမ်ကြိမ် ပြန်လည်တွေးမိတိုင်း လ၀န်းရဲ့ မျက်အိမ်ထဲမှာ သွန်းဖြိုးလို့ မကုန်တဲ့ မျက်ရည်တွေသိပ်သည်းနေဆဲပါ……။


     လ၀န်းသူ့ကို “မောင်” လို့မြတ်မြတ်နိုးနိုးခေါ်ခဲ့ဖူးတယ်….။တစ်ယောက်တည်း ရှင်သန်နေရတဲ့ လ၀န်းရဲ့ဘ၀မှာ မောင်က လ၀န်းအတွက် တစ်ဦးတည်းသော အားကိုးရာပါပဲ….။ လ၀န်းရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ဖြစ်ခဲ့သလို လ၀န်းရဲ့ မနက်ဖြန်တွေတိုင်း မောင်နဲ့တွေ့ရဖို့အတွက် နိုးထစေခဲ့တဲ့ သူပါ။လ၀န်း မောင့်ကို ချစ်တယ်ဆိုတာထက် ပိုသာစွာ ချစ်မြတ်နိုးခဲ့ပါတယ်….။မောင့်အတွက် လ၀န်းဟာ ချစ်သူတစ်ယောက်ရဲ့တာဝန်တွေ ကျေပွန်လွန်ခဲ့တာမို့ မောင်တစ်ယောက် လ၀န်းရဲ့အချစ်တွေမှာ ပျော်ပိုက်ခဲ့လိမ့်မယ်လို့ လည်း လ၀န်းထင်ပါတယ်….။လ၀န်းရဲ့ ချစ်သူ မောင်ကလည်း “လ၀န်းငယ်” ဆိုတဲ့ နာမည်လေးသုံးလုံးထဲက “ငယ်” ဆိုတဲ့ နာမ်စားလေးကို ခေါ်ဝေါ်သုံးစွဲရင်း ၃နှစ်၃မိုး လုံးလုံး ကြည်နူးမှုတွေတည်ခင်း နူးနူးညံ့ညံ့ကဗျာတစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ဆန် လ၀န်းရဲ့ဘေးမှာ ရပ်တည်ပေးခဲ့ဖူးပါတယ်….။

မောင်နဲ့လ၀န်းတို့ရဲ့ချစ်သူ ဘ၀မှာ…..အလှအပဆိုတာကို သိပ်မသိခဲ့ပါဘူး….ပြီးတော့ အချစ်စစ်တွေနဲ့ မောင့်အတွက် ဖြစ်တည်နေခဲ့တဲ့ ….လ၀န်းကဲ့သို့ မောင်လည်း ထပ်တူကျနေလိမ့်မယ်ဆိုတဲ့ အတွေးတွေနဲ့ လ၀န်းတို့ရဲ့ အချစ်ဆိုတာကို ရိုးရှင်းစွာ ဂုဏ်ယူခဲ့ဖူးတယ်….။အသားဖြူ ဖြူ …အရပ်မြင့်မြင့်… ယောက်ျားပီပီသသ ရုပ်ရည်ဖြောင့်တဲ့ မောင့်ကို စိတ်မချမှုတွေလည်း မဖြစ်ခဲ့ပါဘူး.…။ လ၀န်းမှာ ရှိနေတဲ့ သစ္စာတွေက အချိုးညီညီနဲ့ မောင့်ဆီရိုက်ခတ်နေမှာပဲလို့ ခံယူထားပြီး အချစ်ဆိုတာရဲ့ တစ်ဖက်တစ်ချက်မှာ မောင့်ကို အချုပ်အနှောင်မဲ့စွာဖြင့် သီးသန့်…ရှင်သန်စေခဲ့ဖူးတယ်….။ မောင်ကတော့ လ၀န်းလို မဟုတ်ခဲ့ပါဘူး….

“မောင် ငယ် ဆံပင်ညှပ်ပြီး အရောင်ဆိုးရင် ကောင်းမလားလို့…ပြီးတော့ ဆံပင်လည်း ကောက်ချင်တယ် “လို့ လ၀န်းက မောင့်ကို ဖွင့်ဟတိုင်ပင်တဲ့အခါတိုင်း…..

 

“ဘာလုပ်မှာလဲ ငယ်ရယ် ဒီပုံစံလေးနဲ့လည်း လှပါတယ် ငယ့်ဆံပင်ရှည်ရှည်တွေကို မောင်ကချစ်တာ ဆံပင်မညှပ်နဲ့နော် ” လို့ ချိုချိုသာသာလေး တားမြစ်ခဲ့ဖူးပါတယ်….။

“မောင် ငယ့်သူငယ်ချင်းတွေကပြောတယ်…မောင်က တအားကြည့်ကောင်းနေပြီး ငယ့်ရဲ့စတိုင်က ပဲ့နေတယ်တဲ့ အဲ့ဒါ ခပ်လန်းလန်းလေးဖြစ်သွားအောင် ဒီဇိုင်းပြောင်းကြည့်ပါလားတဲ”့ လို့ လ၀န်းကို အကြံဥာဏ်ပေးခြင်းတွေအား မကွယ်မ၀ှက် ပြောပြတဲ့အခါ….  မောင်က ခပ်ဟဟလေးပြုံးရင်း….

“အချစ်မှာ ဒါတွေ လိုလို့လား ငယ်ရယ်…”လို့ မောင်က လ၀န်းကို ပြန်မေးခဲ့ဖူးတယ်……….

 

နောက်ပြီးတော့ လ၀န်းရဲ့လက်ကို ဖွဖွလေး ဆုပ်ကိုင်လျှက် ရင်ခွင်ထဲ ဆွဲသွင်းပြီး “ငယ့်ကို ငယ်ဖြစ်နေလို့ မောင်က ချစ်နေတာ မဆီမဆိုင် အတွေးတွေတွေးပြီး ဦးနှောက်သေးသေးလေးထဲ မထည့်ထားပါနဲ့ကွာ ဟုတ်ပြီလား” ဆိုတဲ့ မောင့်ဆီက ဒီလိုစကားမျိုးကြားရရင်ဖြင့်…. လ၀န်းလေ ဘယ်လိုပြောရမလဲ….ဒီလိုချစ်သူကောင်လေးမျိုး ပိုင်ဆိုင်ထားရလို့ လ၀န်းကိုယ် လ၀န်း ကံအကောင်းဆုံး မိန်းကလေးလို့တောင် သတ်မှတ်ခဲ့ဖူးတာ…. မောင့်ရဲ့လက်ကို တွဲထားရခြင်းအတွက် ပီတိတွေတန်ဆာဆင်ရင်း မောင်ရှိနေခြင်းအတွက်နဲ့….ရွှင်ရွှင်ပြပြလေး ဖြစ်နေခဲ့ရသူပေါ့ရှင်……။

 

အဲ့ဒီ့အချိန်က “လ၀န်းရဲ့ အဖြစ်ချင်ဆုံး ဘ၀က ဘာလဲ”လို့ မေးလာရင်…. မောင်ဦးဆောင်မယ့်ဘ၀ထဲမှာ မောင့်ရဲ့ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်အဖြစ်နဲ့ နေထိုင်ရင်းအဆုံးသတ်ခွင့်လို့ လ၀န်းဖြေခဲ့ဖူးတယ်…..။ ဒီလို ရှေ့ရေးလေးတွေ တွေးပြီး စိတ်နှလုံးတို့အေးချမ်းစွာဖြင့် မောင့်ရဲ့ဝါသနာထုံလွန်းတဲ့ အဆိုတော်အလုပ်ကိုလည်း အားပေးရင်း နေ့ရက်တွေကိုကျော်ဖြတ်ခဲ့ပါတယ်….။ မောင့်ရဲ့ဘေးမှာ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့ ပုံစံခပ်တုံးတုံးအဖြစ်တည်ရှိနေခဲ့တဲ့ လ၀န်းလေ…. မောင်ရဲ့ အဆိုတော် ပေါက်စဘ၀မှာ မောင့်ပရိတ်သတ်ကောင်မလေးတွေရဲ့ ပေစောင်းစောင်းကြည့်ပြီး အချင်းချင်း တီးတိုးပြောဆိုခြင်းဒဏ်တွေ ခံခဲ့ရပါတယ်…။ မောင်ကတော့ သူ့ရဲ့ အပြင်အဆင်တွေနဲ့ သီးခြားစွာ ကွဲထွက်နေတဲ့ လ၀န်းကို သူ့ရဲ့အောင်မြင်မှု အရှိန်ရစအထိ ခပ်မြဲမြဲလေး တွဲထားခဲ့ပါတယ်….။ အဲ့ဒီ့တုန်းကလေ…..

“ဟိုက အဆိုတော် ပေါက်စ ဖြစ်နေပြီနော်… သူ့ပရိတ်သတ်ကောင်မလေးတွေကလည်း လန်းနေကြတော့မှာ နင်လည်း ကိုယ့်ကိုယ်ကို ခြယ်ခြယ်သသလေးနေဦး ” ဆိုတဲ့ သတိပေးမှုတွေကို ဥပေက္ခာတွေပြုချင်တိုင်းပြုပြီး လ၀န်းကို အရင်ကနဲ့မခြား ဂရုတစိုက်ရှိနေတတ်တဲ့ ချစ်သူ မောင့်ကို သိပ်ပြီး ယုံကြည်မှုတွေရှိခဲ့တာပေါ့….။ နောက်ပြီး “အချစ်မှာ ဒါတွေလိုလို့လားကွာ” ဆိုတဲ့ မောင့်ရဲ့မေးခွန်းတွေကို ပြန်ကြားယောင်ပြီး “လုံးဝ မလိုလောက်ပါဘူး မောင်ရယ်” လို့ စိတ်ထဲက ရံဖန်ရံခါများစွာ ဖြေနေခဲ့တာပါပဲ…။မောင်ဘာလိုအပ်လဲ လ၀န်း ဖွေရှာပြီး အလိုက်တသိဖြည့်ဆည်းပေးခဲ့ဖူးပါတယ်…..။မောင် လ၀န်းကို ထားခဲ့လိမ့်မယ်လို့ စိုးစိမျှတောင် အပူပန်ခဲ့ဖူးတာအမှန်ပါ…..။ တကယ်တော့ လ၀န်းရဲ့ ချစ်သူအပေါ် လွန်ကဲနေသော ယုံကြည်မှုဟာ ရှုံးနိမ့်ကြေကွဲမှုတွေထဲသို့ ရောက်မှန်းမသိရောက်စေခဲ့တယ်ဆိုတာ လ၀န်း သတိမထားမိခဲ့ပါဘူး….။


ကာလအပိုင်းအခြားတစ်ခု ကုန်ဆုံးခဲ့ချိန်မှာတော့…..အောင်မြင်မှုတစ်ခုဟာ ယေက်ျားတစ်ယောက်ကို အသွင်ပုံစံလုံးဝ ကွဲလွဲစေရုံသာမက သူ့ရဲ့စိတ်ဓါတ်ကိုပါပြောင်းလဲစေတတ်တယ်ဆိုတာ…. လ၀န်းလက်ခံတတ်သွားအောင် မောင်က သရုပ်ဖော်ပြခဲ့ပါတယ်…။ မောင့်ကို ဘယ်သူ ဘယ်ဝါဆိုတာ လူတိုင်းက သိမြင်လာတဲ့ တစ်နေ့မှာ….. လ၀န်းနဲ့မောင်ဟာ မဖြစ်နိုင်တော့ကြောင်း မောင် ၀န်ခံလာတယ်….။ “သူ့ရဲ့ ၀ါသနာ သူ့ရဲ့အောင်မြင်မှုတွေအတွက် လ၀န်းနဲ့ အတူတူရှိနေပေးဖို့ အချိန်တွေ အလုံအလောက်မရှိတော့လို့ပါ”ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့….  ပတ်သက်သမျှ အရာရာကို ပုံသေတွက်ဆပြီး ပျော်မြူးခြင်း အိပ်မက်တွေ မက်နေတဲ့ လ၀န်းကို မောင် ကိုယ်တိုင် လှုပ်နိုးပေးခဲ့ပါတယ်…။ဟုတ်လောက်မှာပါလေ…. ထိုအချိန်တွေတုန်းက လ၀န်းဟာ မောင်နဲ့ လိုက်ဖက်မှု ရရှိနိုင်ဖို့ တော်တော်ကြိုးစားယူရဦးမယ့် အခြေအနေဆိုတော့လည်း ခုလို မရေရာတဲ့ ဆင်ခြင်တွေနဲ့ လ၀န်းကို စွန့်ပစ်ဖို့ မောင် ရဲရဲဝင့်ဝင့် ဆုံးဖြတ်ရက်ခဲ့တာနေမှာပေါ့……။

မောင်နဲ့ လမ်းခွဲပြီးခဲ့တဲ့နောက်ပိုင်းမှာ လ၀န်း သေလုမျောပါးခံစားခဲ့ရပါတယ်….။ နေရာတိုင်းမှာလိုလိုကြားနေရတဲ့ မောင့်ရဲ့ သံစဉ်တေးသားတွေထဲမှာ တခါတုန်းက လ၀န်းတို့အတူတူ ရေးစပ်ခဲ့ဖူးတဲ့ ကဗျာစာကြောင်းလေးတွေများပါလာခဲ့ရင် လ၀န်းရဲ့ အသည်းတို့ ပြုတ်ကျကြေမွမတတ် လှုပ်ရှားခဲ့ရတယ်…။ ဟိုးအရင်က ဆံပင်အရှည်တွေကို မြတ်နိုးလွန်းပါတယ်လို့ ပြောခဲ့ဖူးတဲ့ မောင်ဟာ အခု ဆံပင်…..အတို….. အကောက်….. အဖြောင့်…. အို….. အမျိုးမျိုးသော ဖြီးလိမ်းထားတတ်တဲ့ ကောင်မလေးတွေနဲ့ သာယာနေတယ်ဆိုတဲ့ အကြောင်းကိုလည်း လ၀န်း မစုံစမ်းရပါဘဲ…..လ၀န်းကို မောင့်ရဲ့ရည်းစားဟောင်းအဖြစ် သိရှိနေပြီးသားဖြစ်တဲ့ လူတွေဆီကတဆင့် နေ့တွေမခြားဘဲ ကြားခဲ့ရစမြဲပါ……။

မောင့်ရဲ့ ထားခဲ့ခံရခြင်းအတွက် လ၀န်းကို သနားဂရုဏာသက်စွာပဲဖြစ်ဖြစ်…. ရှုံ့ချအထင်သေးစွာပဲဖြစ်ဖြစ် ကြည့်တတ်တဲ့ မျက်ဝန်းတွေနဲ့ ဝေးရာသို့လည်း လ၀န်းပြေးထွက်သွားချင်မိပါရဲ့….။ “ငါ့ကို လုပ်ရက်လိုက်တာ” လို့ တွေးမိလာရင်း….”ငါက ဘာဖြစ်နေလို့ သူက ဒီလိုလုပ်ရက်တာလဲ ” ဆိုတဲ့ အတွေးတွေပါ တဖြည်းဖြည်းချင်း ခေါင်းထဲမှာစုဝေးလာကြတော့ မခံချင်စိတ်တွေက လ၀န်းမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ မာနတရားအသွင်ပြောင်းလဲလာပါတော့တယ်….။ နိုင်ငံခြားမှာ နောက်အိမ်ထောင်နဲ့ အခြေချနေတဲ့ လ၀န်းရဲ့တစ်ဦးတည်းသော ဆွေမျိုးသားချင်း ဖေဖေ့ဆီကို ပြန်ဆက်သွယ်ပြီး လ၀န်းရဲ့ ကြိုးစားမှုတွေမှာ ဖေဖေ့ရဲ့ပံ့ပိုးမှုကိုပါ လ၀န်း ရယူခဲ့ပါတယ်….။ “လ၀န်းငယ်” ဆိုတဲ့ မိန်းမဟာ ဘယ်လိုမိန်းမမျိုးလဲဆိုတာ မောင့်ကို အသိပေးဖို့အတွက် စတင် ကြိုးစားတဲ့အချိန်မှာ မောင်ဟာ တိုင်းသိပြည်သိ အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ…..။


လ၀န်း အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ပြီး လိုချင်တဲ့ဘ၀ကို ထုဆစ်ယူခဲ့ပါတယ်….။ စိတ်တို့အားတဲ့အခါတိုင်း မောင့်ဆီရောက်သွားမှာ စိုးရိမ်ရင်း အချိန်တွေလုယူပြီး လ၀န်း ၀ါသနာပါတဲ့ Photographer တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေကို ရှာဖွေယူခဲ့ပါတယ်….။ အလှအပထဲ တိုးဝင်ပြီးတော့လည်း ခန္ဓာကိုယ်ကအစ လှလှပပ မိန်းကလေးတစ်ယောက်အဖြစ် အဆင်ပြေစွာ နေထိုင်တတ်နေပါပြီ….။အချိန်ကာလ(၄)နှစ်ကြာမြင့်ချိန်မှာတော့ လ၀န်း The Moon ဆိုတဲ့ ကိုယ်ပိုင် Photo Studio လေးတစ်ခု ထူထောင်နိုင်နေပြီ……လ၀န်းရဲ့ Studio လေးမှာ Modle လေးတွေ ဓါတ်ပုံလာရိုက်ကြသလို….. Wedding Photo တွေကို Idea ဆန်းဆန်းလေးတွေနဲ့ ဖန်တီးပေးလေ့ရှိတဲ့ လ၀န်းဟာ……တ စစ နဲ့ လူသိများတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပါပြီ…..။

တစ်နေ့တော့ လ၀န်း Out door တစ်ခု ရိုက်ရန်အတွက် ကန်တော်ကြီးထဲမှာ လိုအပ်တာတွေ ပြင်ဆင်နေတုန်း MTV ရိုက်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ဆုံဖြစ်လေရဲ့…..။ မောင့်ရဲ့ MTV ဆိုတာ လ၀န်း သိလိုက်ရတဲ့အချိန်မှာ …..ရင်ထဲမှာ အဆန်းတကြယ် ခါရမ်းခြင်းမျိုးတွေ ရှိမနေတော့မှန်း လ၀န်း ကိုယ့်ကိုယ်ကို သတိထားမိပါတယ်….။ “ငယ်” တဲ့…..   ၄ နှစ်လောက် ဝေးကွာခဲ့ရတဲ့ နာမ်စား တစ်ခုကို ပြန်ကြားလိုက်ရတော့ လွန်ခဲ့တဲ့ကာလတွေထဲက ….စို့နင့်ခဲ့ရတဲ့ ဒဏ်ရာတွေကိုပါ ပြန်ရသလို ခံစားလိုက်ရပါတယ်…..လ၀န်းလည်း ခေါ်သံကို အသိအမှတ်ပြုတဲ့အနေနဲ့ အပြုံးလေးတစ်ပွင့်သာ ခြွေချခဲ့ပြီး လ၀န်းရဲ့ အလုပ်ထဲမှာသာ အာရုံစူးစိုက်ထားလိုက်ပါတယ်…..။     ” မမလ၀န်း ဟို အဆိုတော်အစ်ကိုကြီး မမကို ကြည့်နေတာ မျက်တောင်မခတ်ရုံမကဘဲ….အသက်တောင် ရှူရဲ့လား မသိပါဘူး…. ” ဆိုတဲ့ လ၀န်းရဲ့အကူ ကောင်မလေးရဲ့စကားကို ကြားရတော့မှ  မော်ဒယ်လေးအလှပြင်နေတဲ့မှန်ထဲက တစ်ဆင့် မောင့်ကို အကဲခတ်လိုက်ရင်း လ၀န်းရဲ့ ခြေအစ ခေါင်းအဆုံး ထပ်ခါတလဲလဲ လိုက်ကြည့်နေတဲ့ အမူအယာတွေကို ခပ်မဲ့မဲ့ပြုံးမိလိုက်ပါတယ်….။


မောင်က သူ့ MTV ရိုက်ကူးရေးပြီးတဲ့အထိ မပြန်သေးဘဲ ဆိုင်တစ်ဆိုင်ထဲမှာ လ၀န်းကို ထိုင်စောင့်နေတယ်ထင်ပါရဲ့ လ၀န်းစိတ်တိုင်းကျ ဓါတ်ပုံတွေ ရိုက်ကူးပြီးတဲ့နောက် Studio သို့ ပြန်မယ်လုပ်တော့ ထိုဆိုင်ထဲက ထွက်လာပြီး လ၀န်းနဲ့ သီးသန့်တွေ့ဆုံခွင့်တောင်းလာပါတယ်…..။ အရင်က ကိစ္စတွေကို မေ့ရက်နိုင်ပြီး အခု ဘာမှမဖြစ်ခဲ့ဖူးသလို ပုံစံမျိုးနဲ့ လ၀န်းရဲ့ရှေ့မှာ လ၀န်းနဲ့ တွေ့ဆုံဖို့ခွင့်တောင်းတဲ့ မောင့်ကို …..တခါကို လမ်းခွဲဖို့ ပြောဆိုနေတဲ့ မောင် အဖြစ်သာ မြင်ယောင်နေမိတယ်….။ လ၀န်းနဲ့ မောင့်ရဲ့ ပြန်လည်တွေ့ဆုံမှုမှာ မောင့်ဘက်က စပြီး ရွှန်းရွှန်းလဲ့လဲ့ အကြည့်မျိုးတွေနဲ့ကြည့်ရင်း ….. “ငယ် အရမ်းလှလာတယ်နော် ” ဆိုတဲ့ ပြောစကားမျိုးကြားလာရတော့ လ၀န်း ခပ်လွင့်လွင့်လေး ပြုံးလိုက်မိတယ်….

သူ့ဘက်ကပဲ ထပ်မံပြီး…. “အပြုံးတွေကလည်း အရင်ကလို မဟုတ်တော့ဘူး ” လို့ ကောက်ချက်ချလေရဲ့….

“တွေ့ချင်တဲ့ ကိစ္စက….” လို့ လ၀န်း စကားလမ်းကြောင်းလွှဲတော့ “ငယ့်ကို တောင်းပန်ချင်လို့ပါ” ဆိုတဲ့ စကားကို ခါးသီးစွာ ကြားလိုက်ရပါတယ်…..။ စိတ်ထဲမှာလည်း…..ဒီလို အချိန်မှာ လ၀န်းဟာ အရင်ကလို ပုံစံမျိုးနဲ့ မိန်းမတစ်ယောက်ဆိုရင်ရော ရှင်က လိုက်ရှာပြီး တောင်းပန်မှာတဲ့လားရှင် လို့ မေးလိုက်ချင်ပါရဲ့…..။

“မလိုပါဘူး” လို့ လ၀န်း ခပ်ပြတ်ပြတ်ပြောလိုက်တော့

“လိုတယ် ငယ်…. မောင့်ကို ခွင့်လွှတ်ပေးပါ  ပြီးတော့ ပြန်စဉ်းစားပေးစေချင်ပါတယ်…. ငယ့်ရဲ့ သတင်းတွေ မောင်…ကြားခဲ့တာကြာပြီ….   The Moon Studio ပိုင်ရှင်ရဲ့နာမည်က လ၀န်းလို့ပဲ သိထားတော့ လ၀န်းငယ်ဆိုတဲ့ မောင့်ကောင်မလေး မဟုတ်လောက်ဘူးထင်ထားခဲ့တာ….ပြီးတော့ လ၀န်းရဲ့ အလှအပတွေ….လ၀န်းကို ပိုင်ဆိုင်ချင်နေတဲ့ လူတွေအကြောင်းတွေ….နောက်ဆုံးကွာ မောင့်အသိတေးထုတ်လုပ်ရေးတစ်ခုရဲ့ ပိုင်ရှင်ကတောင် လ၀န်းကို propose လုပ်ထားတယ်ဆိုတာကိုပါ မောင် သိထားခဲ့တာ…. တခါတုန်းက လ၀န်းကို မဂ္ဂဇင်း 

တစ်ခုထဲမှာ  တွေ့လိုက်ပေမယ့်…. ဆံပင်အရှည်ကြီးနဲ့ မဟုတ်တော့တာရယ်… ပုံစံတွေ အရမ်းပြောင်းသွားတာရယ်ကြောင့် ငယ် မဟုတ်လောက်ပါဘူးလေ လို့ မောင် ဇဝေဇ၀ါ ဖြစ်နေခဲ့တာ…” လို့ အဆက်မပြတ်ပြောလာတော့ မောင် လ၀န်းအကြောင်းတွေ တော်တော်သိထားတာရုံတင်မဟုတ်ဘဲ…မောင့်ရဲ့ လ၀န်းအပေါ်အထင်အမြင်သေးထားမှု တစ်စွန်းတစ်စကို လ၀န်း မြင်တွေ့လိုက်ရပါတယ်….။  “ဒါဆို ရှင် အဲ့ဒီ့တုန်းက လ၀န်းဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့”  လို့ မေးလိုက်တော့ မောင်…. အသံတိတ်နေလေရဲ့……

လ၀န်းကပဲ ဆက်ပြီး…. “ကျွန်မ ရှင်နဲ့လမ်းခွဲပြီးကတည်းက လ၀န်းငယ် ဆိုတဲ့ ကျွန်မရဲ့နာမည်ကို လ၀န်းလို့ပဲ သတ်မှတ်လိုက်တာ….. ဘာ့ကြောင့်လဲ သိလား …… ရှင် ကျွန်မကို ခေါ်ဖူးခဲ့တဲ့ “ငယ်” ဆိုတဲ့ နာမ်စားကို ကျွန်မက အရမ်းမုန်းနေလို့လေ….အဲ့ဒီ့လိုပါပဲ လ၀န်းဘ၀နဲ့ ရှင်သန်ရခြင်းတွေထဲမှာ လ၀န်းငယ်ဆိုတဲ့ အတိတ်ဘ၀ထဲက ဘယ်သူ့ဘယ်သူကိုမှ ခုဘ၀ထဲ ၀င်ရောက်စွက်ဖက် မ၀င်ဆန့်စေချင်တော့ပါဘူး  ” လို့ မောင့်မျက်ဝန်းကို ရဲရဲကြည့်ရင်း ပြောလိုက်တော့….

“မဟုတ်သေးဘူး ငယ်…. အဲ…. ငယ် ဆိုတာကို မုန်းတယ်ဆိုတော့လည်း လ၀န်းပေါ့….. မဟုတ်သေးဘူး လ၀န်းရဲ့ လ၀န်းလို မိန်းကလေးတစ်ယောက်အတွက် လက်တွဲဖော်ဆိုတာ ရှိသင့်ပါတယ်….. လ၀န်းရဲ့ အလှအပတွေကို စောင့်ရှောက်ဖို့ …. ပြီးတော့ တစ်ယောက်တည်းဖြစ်နေဆဲဖြစ်တဲ့ လ၀န်းအတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့်လူတစ်ယောက် လိုအပ်မယ်လို့ မောင်ထင်မိတယ်…..။”

သြော် ယောက်ျားတစ်ယောက်ရဲ့ အယူအဆကလည်း ခက်သားလားနော်….. လ၀န်းငယ်ဆိုတဲ့ မိန်းကလေးကို ထားခဲ့တုန်းကဖြင့် မောင့်ဆီမှာ လ၀န်းအတွက် ဒီလို တွေးပေးမှုတွေ အနည်းငယ်တောင် ရှိခဲ့ဖူးမှာမဟုတ်လောက်ပါဘူး….. အခု သူအလိုရှိတဲ့ လ၀န်းဖြစ်လာမှ…… လ၀န်းရဲ့ အရည်အချင်းတွေကို သိမြင်လာမှ…….. မောင်က  လ၀န်းအတွက် ဆိုတဲ့ ဖြောင့်ချက်တွေ ပြောလာပြန်တော့ လ၀န်း မခံထိမခံချင် ဖြစ်မိပါတယ်…..။ “ဒါဟာ ရှင်နဲ့ မဆိုင်ပါဘူး ရှင့်အပူ တပြားသားဖိုးမှ မပါဘူး” လို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောနေမိပေမယ့်……

“ကျွန်မအတွက် ဘာမှ မလိုအပ်တော့ပါဘူးရှင် အထူးသဖြင့် ရှင်ပေါ့…..ကျွန်မကို ဒီလိုအခြေအနေမျိုးထိရောက်အောင် ရက်စက်ပြီး ထားခဲ့တဲ့ ရှင့်ကို နေ့တိုင်းတော့ ကျွန်မ ကျေးဇူးတင်ခဲ့ဖူးပါတယ်…..။ကျွန်မရဲ့ဘ၀ လှေကားထစ်တွေ တစ်ထစ်တက်ခွင့်ရတိုင်း ရှင့်ကို ကျွန်မဘ၀ထဲက ဆွဲထုတ်ပစ်ဖို့ ပိုပြီးသေချာလာခဲ့တယ်” လို့ ယဉ်ကျေးမှုတွေရောစွက်နေတဲ့ စကားတွေကိုပဲ တစ်လုံးချင်း လ၀န်းပြောလိုက်တဲ့အခါ……..

မောင်က ….” ဒါဆို လ၀န်းက မောင့်ကို ချစ်တဲ့စိတ်တွေကို စိတ်နာနာနဲ့ ချေမှုန်းလိုက်ပြီပေါ့…..အင်းပေါ့လေ….လ၀န်းကို ကမ်းလှမ်းထားတဲ့ လူက မောင့်ထက် အစစအရာရာခိုင်မာနေမှတော့ မောင့်လို အဆိုတော်တစ်ယောက်ကို ဘယ်လို ပြန်ပြီးစဉ်းစားပါ့လဲ” ဆိုတဲ့ ထင်မြင်ချက်တစ်ခုကို မောင် ပြောလာတော့

လ၀န်း သွေးအေးအေးနဲ့….

” ရှင်ကျွန်မကို ထပ်ပြီး အထင်သေးပြန်ပြီနော် ……ကျွန်မမှာ ကျွန်မ ၀င်ငွေနဲ့ ပြေပြေလည်လည် နေနိုင်တဲ့ ဘ၀ရှိတယ်….အဲ့ဒီ့အတွက် ကျွန်မရဲ့ဘ၀ကို ဘယ်ယောက်ျားရဲ့ စီမံချယ်လှယ်ခြင်းမျိုးမှ မပါဝင်စေဘဲ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားတယ်…..အချစ်ကို မိုက်ရူးရဲဆန်ဆန် ကိုးကွယ်ခဲ့ရခြင်းက ဘာမှ အရေးမပါမှန်း ရှင် သင်ခန်းစာပေးခဲ့ပြီးပြီပဲ….” လို့ ပြောပြီး မောင့်ကို တစ်ခါမှ မကြည့်ခဲ့ဖူးတဲ့ ဒေါသတကြီး မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်လိုက်ပါတယ်….။

“သေချာစဉ်းစားပါဦး လ၀န်းရယ် မောင်တို့တွဲခဲ့တဲ့အချိန်တွေတုန်းက လ၀န်း မောင့်ကို ဘယ်လောက်ထိချစ်ခဲ့တယ်…..မောင့်ကို ဘယ်လောက်ထိ အားကိုးတွယ်တာခဲ့တယ် ဆိုတာ မောင်အသိဆုံးပါ” ဆိုတဲ့ ကာလတစ်ခုကို ပြန်အသက်သွင်းလိုသော မောင့်ရဲ့စကားတွေကို လ၀န်းကြားလိုက်မိတော့…

လ၀န်း သိပ်ပြောချင်ခဲ့သော စကားတွေ သွန်မှောက်ရတော့မှာပေါ့လေ……။

“ဟုတ်တယ်လေ အဲ့ဒီ့ လ၀န်းငယ်ဆိုတဲ့ မိန်းမဟာ ရှင့်ကို သိပ်ယုံကြည်လွန်းခဲ့ပြီး ရှင့်ကို ချစ်တဲ့စိတ်တွေနဲ့ အရာရာအားကိုလိုခဲ့မိတာ…..ရှင် ချစ်ပါတယ်ဆိုတဲ့ အသွင်အပြင်တွေနဲ့သာ တည်ရှိခဲ့တာ……ရှင်က ဦးဆောင်သွားမှာပါလေ ဆိုတဲ့ အိပ်မက်လေးတစ်ခုနဲ့ ရှင့်ပါရမီ ဖြည့်ဘက်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ပဲ စိတ်အားထက်သန်ခဲ့တာ…..ရှင်ကတော့ ထင်ကောင်းထင်ခဲ့မှာပေါ့ ဘာကိုမှ ဖြစ်ထွန်းလိုစိတ်မရှိတဲ့ လ၀န်းငယ် ရယ်လို့….ဘာမှမဟုတ်တဲ့ လ၀န်းငယ်က ရှင့်ချစ်သူပါလို့ လူပုံအလယ်မှာ ကြေငြာဖို့အတွက် ရှင့်မှာ အင်အားမရှိဘူးလေ…..အဲဒါကြောင့်ပဲ ရှင် လ၀န်းငယ် ဆိုတဲ့ ကျွန်မကို ၀မ်းသာအားရ စွန့်ပစ်ခဲ့တာမဟုတ်လား ရှင်ပေးခဲ့တဲ့ ရသတွေကပဲ ကျွန်မရဲ့ ဟိုးအောက်ဆုံးရောက်နေတဲ့ မာနေတွေကို ဆွဲတင်ပေးခဲ့တာ…… နောက်ထပ်ဘယ်သူ့ကိုမှလည်း တွယ်ကပ်လိုစိတ်မရှိအောင် ဆုံးမပေးခဲ့တာလေ……အခု ကျွန်မ လ၀န်း ဆိုတဲ့ဘ၀ထဲမှာ အဲဒီ့မာနလေးတွေကို အရောင်တင်ရင်းနေလာခဲ့တာ တော်တော်တောင် နေသားကျနေပါပြီ….” ဆိုတဲ့ စကားအဆုံးမှာ လ၀န်းရဲ့စကားလုံးတွေအလိုက် မျက်နှာအရောင်ပြောင်းသွားတဲ့ မောင့်အပြုအမူတွေအား အားရစွာ ရှုမြင်မိရင်း မတ်တပ်ထရပ်လျှက် “တကယ်ပါ တစ်ဘ၀စာ ရှင်သန်မှုတွေပေးခဲ့တဲ့ ရှင့်ကို ထပ်ပြီး ကျေးဇူးတင်ပါတယ်….” လို့ပြောပြီး လှည့်ထွက်လာတော့ မောင်က လ၀န်းအနောက်ကနေ “သေချာပါတယ် မင်းဟာ ငါသိခဲ့တဲ့ လ၀န်းငယ် မဟုတ်တော့ဘူး” ဆိုတဲ့ စကားကို လ၀န်းကြားအောင် လှမ်းအော်ပြောပါတယ်…။

       တကယ်တော့ လ၀န်းအရင်က အဖြေခဏခဏထုတ်ခဲ့ဖူးတဲ့ မောင့်ရဲ့အချစ်ဆိုတာက အောင်မြင်မှုတွေ ညီမျှတဲ့အခါ ပြန်လည်ပေါ်ပေါက်လာမှန်း သိလိုက်ရတဲ့အချိန်မှာ လ၀န်းရဲ့မောင့်အပေါ်ချစ်ခင်လိုမှုတွေဟာ….လ၀န်းပိုင်ဆိုင်ထားတဲ့ မာနတရားတွေရဲ့ အောက်ခြေမှာ ၀ပ်ဆင်းနေကြပါပြီ…..။ လ၀န်းရဲ့ဘ၀မှာ မောင့်ကို မလိုအပ်တော့ပါဘူး…..။ အကယ် 

 မောင့်ဘက်ကသာ လ၀န်းလက်ရှိပိုင်ဆိုင်ထားတဲ့ ထင်ပေါ်မှုတွေကြောင့် လ၀န်းဆီမှာ ခက်ထန်မှုတွေ ပြည့်နှပ်လာတယ်လို့ စွပ်စွဲခဲ့ဦးမယ်ဆိုရင် လ၀န်း ပြောလိုက်ချင်ပါရဲ့ ချိုးနှိမ်ခံခဲ့ရတဲ့အချစ်ဆိုတာထက် ဘ၀ကို ရွှေရောင်လွှမ်းစေခဲ့တဲ့ မာနတရားလေးကိုပဲ ဆက်လက် သိမ်းပိုက်မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့အရှုံးဆိုတာ မြူတစ်မှုန်စာလောက်တောင် ကျန်ရှိနေမှာ မဟုတ်ဘူးရယ်လို့လေ…..။ မောင်က လ၀န်းရဲ့ဘ၀မှာ အသက်ထက် ပိုပြီး အဓိကကျတဲ့လူ ဖြစ်ခဲ့ပြီးပါပြီ….ဒါပေမယ့် ရှေ့ဆက်ရမယ့် နေ့တွေအတွက် လ၀န်းရဲ့ အလိုအပ်ဆုံးသော အရာဟာ မောင့်အချစ်မဟုတ်တော့ပါဘူး…. မောင်နဲ့လည်း ထပ်မံမစုံမက်လိုတော့ပါဘူး….။ အသစ်အသစ်သော ချစ်တတ်မှုတွေနဲ့ မောင်ဟာ လ၀န်းအတွက် ရှိနေဦးမယ်ဆိုရင်တောင်….. ဟောင်းနွမ်းခဲ့တဲ့ ငိုသံတွေကို ပြန်အမှတ်ရပြီး အပြည့်အ၀ ပျော်ရွှင်ဖို့ အလွန်အမင်းခက်ခဲနေတာမို့….. လ၀န်းရဲ့ ဘ၀လက်ကျန်လေးကို အချိန်ဖြုန်းဖို့ မောင့်ကို ချန်လှပ်ထားခဲ့မှ ဖြစ်တော့မယ်…..။ သေချာတာတစ်ခုတော့….လ၀န်းမောင့်ကို မမုန်းပါဘူး….. ချစ်ဖို့အတွက် အထင်ကြီးမှုတွေ ပျောက်ဆုံးသွားတာကလွဲရင်ပေါ့…….။    

 

အလွမ်းကေသရီ

In: ဝတ္ထု Posted By: Date: Feb 24, 2013
Comment #1

ကောင်းပါတယ်..အေ၇းအသားကောင်းတဲ့ သူတယောက်ပဲ …

commentinfo By: ၇ှင်နွေး at Mar 11, 2013
Comment #2

အရမ်းကောင်းပါတယ်ကဗျာတော့လ၀န်းရဲ့စိတ်ဓါတ်ကိုကြိုက်တယ်

commentinfo By: ကဗျာနှင်းဆီ at Apr 26, 2013
Comment #3

လ၀န်းမှာ ရှိနေတဲ့ သစ္စာတွေက အချိုးညီညီနဲ့ မောင့်ဆီရိုက်ခတ်နေမှာပဲလို့ ခံယူထားပြီး အချစ်ဆိုတာရဲ့ တစ်ဖက်တစ်ချက်မှာ မောင့်ကို အချုပ်အနှောင်မဲ့စွာဖြင့် သီးသန့်…ရှင်သန်စေခဲ့ဖူးတယ်…(အရေးအသားကောင်းတယ်နော်)

commentinfo By: niaallin at Nov 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment