Professional Authors

ညီမလေးအတွက်

          သည်ကောင်လေးကို ကျွန်တော်သတိထားမိတာ ကြာပြီ။ ကောင်လေးက ဈေးကုန်ခြောက်ဆိုင်တန်းဘက်မှာ ခိုင်းဖော်ခိုင်းဖက်။ သူ့အသက်က အလွန်ဆုံးရှိမှ (၁၂)၊ (၁၃) ပေါ့။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ ခိုင်းသမျှကို ကျကျနန လုပ်ပေးတတ်တယ်။ စေတနာပါပါလဲ လုပ်ကိုင်ပေးတယ်။ အဖိုးအခတောင်းတယ်လို့လဲ မရှိဘူး။ ပေးရင်ယူတယ်၊ မပေးရင်လဲ မတောင်းဘူး။ ဒါပေမယ့် ဒီနားတ၀ိုက်  ဆိုင်တွေကတော့ ပိုပိုသာသာလေး ပေးတတ်ပါတယ်။

        တနေ့တော့ ကျွန်တော့်ဆိုင်မှာ ခဏခေါ်ခိုင်းမိတယ်။ အလုပ်ကများနေတော့ နေ့လည်ထမင်းစားချိန်ကျော်တာတောင် အနားမရသေးဘူး။ နေ့လည် (၂)နာရီလောက်မှ ထမင်းစားနားဖြစ်တယ်။ ကျွန်တော်က ကောင်လေးကို မုန့်ဖိုးပဲဖိုးလေး ပေးပြီးတော့ ဆိုင်မှာပဲ ကျွန်တော်နဲ့အတူ ထမင်းစားဖို့ပြောတော့ သူက မစားတော့ဘူး အိမ်ပြန်ပါရစေလို့ ပြောတယ်။ ဒါနဲ့ပဲ သူ့အတွက် ထမင်းနဲ့ဟင်းကို ပလတ်စတစ်အိတ်နဲ့ပဲ ထည့်ပေးလိုက်တော့တယ်။ အိတ်လေးဆွဲပြီး ခပ်သွက်သွက်လေး ထွက်သွားတဲ့ ကောင်လေးကို ကျွန်တော် ခဏငေးကြည့်နေလိုက်မိသေးတယ်။

……………………………………………………………………………………………………………………………………………….

        သည်လိုနဲ့ ကောင်လေးကို ကျွန်တော့်ဆိုင်မှာ အမြဲခေါ်ခိုင်းထားဖြစ်တယ်။ ထူးခြားတာတစ်ခုက စားစရာတစ်ခုခု ကျွေးတိုင်း ဆိုင်မှာမစားဘဲ အိမ်ယူယူသွားတတ်တဲ့ သူ့အကျင့်ဗျ။ သူ့အတွက်ပေးတဲ့ပိုက်ဆံကိုလည်း ဘာမှမသုံးဘဲ အိမ်ရောက်အောင် သယ်သွားတတ်တယ်ဗျ။ ဘာကြောင့်လဲလို့ မေးလိုက်တိုင်း ညီမလေး အတွက်လို့ပဲ အမြဲပြန်ဖြေတတ်တယ်။

………………………………………………………………………………………………………….

        ဈေးပိတ်တဲ့တစ်နေ့မှာ ကျွန်တော်က သူ့ကို စတိုးဆိုင်တစ်ဆိုင်ခေါ်သွားပြီး ကြိုက်တဲ့ အင်္ကျီတစ်ထည်ယူဖို့ပြောလိုက်တယ်။ သူက အနီရောင်တောက်တောက် မိန်းကလေးဝတ် ဂါဝန်လေးကို ယူပါရစေလို့ မ၀ံ့မရဲနဲ့ ပြောတယ်။ ပြီးတော့ ဆက်ပြောတယ် “ညီမလေး အ၀တ်တွေ ဟောင်းနေလို့ပါ” တဲ့…..

        သူဝတ်နေကျ (၂)စုံတည်းသော ၀တ်စုံတွေကလည်း တော်တော့်ကို စုတ်ပြတ်နေပြါ့ပီ။ ဒါတောင်မှ သူ့အတွက်မတောင်းဆိုတဲ့ သူ့ရဲ့ စိတ်ဓာတ်က အရွယ်နဲ့ မလိုက်အောင် လေးစားစရာကောင်းနေတယ်။ ဒါနဲ့ပဲ သူလိုချင်တဲ့ ဂါဝန်လေးအပြင် သူ့အတွက်ပါ နောက်ထပ်တစ်စုံ အပိုဝယ်ပေးလိုက်တော့ ကောင်လေးမျက်နှာမှာ အရမ်းပျော်မြူးတဲ့ အရိပ်အရောင်တွေ ထင်ဟပ်လာတယ်။ မျက်ရည်တွေတောင်ဝဲလို့။

……………………………………………………………………………………………………………………………………………….

         ကောင်လေးအလုပ်မဆင်းတာ (၃)ရက်ရှိပြီ။ ညနေဈေးသိမ်းပြီးတော့ သူ့အိမ်ရှိရာ မေးမြန်းစုံစမ်းပြီး လိုက်သွားဖြစ်တယ်။ သူ့ရဲ့ အိမ်လို့ခေါ်ရမှာတောင် ခက်ခက်ခဲခဲဖြစ်နေတဲ့ နေရာကိုရောက်တော့ သူ့ညီမလေး နေမကောင်းလို့ သူအလုပ်မဆင်းဖြစ်တာပါတဲ့။ မနက်ဖြန်ဆိုရင်တော့ အလုပ်ပြန်ဆင်းပါ့မယ်တဲ့။ သူ့ညီမလေးကတော့ အိပ်ပျော်နေတယ်။ စကားစပ်လို့မေးမိမှသိရတာ သူအမေက ဆုံးသွားပြီ။ အဖေလုပ်တဲ့သူက နောက်အိမ်ထောင်နဲ့ သားသမီးတွေနဲ့တဲ့။ ထမင်းဖိုးလောက်တော့ ထောက်ပံ့တယ်ပေါ့။ ပြည့်ပြည့်၀၀တော့ မရှိဘူးပေါ့။

            အံ့အားသင့်စရာက သူ့ရဲ့ကျိုးပဲ့နေတဲ့ အိမ်ထရံတွေပေါ်မှာ စက်ဘီးစီးနေတဲ့ ပုံလေးတွေ၊ အပြေးပြိုင်နေတဲ့ ပုံလေးတွေ၊ ၀ှီးချဲစီးပြိုင်ပွဲ ပုံလေးတွေ နေရာအနှံ့ကပ်ထားတာပဲ။ ကျွန်တော်က ပုံတွေအကြောင်းမေးလိုက်တော့ သူက ထုံးစံအတိုင်းပဲ ညီမလေးအတွက် ကပ်ထားတာလို့ပဲ ပြန်ဖြေတယ်။

ကျွန်တော်ပြန်မယ်လုပ်တော့ သူက ကျွန်တော့်ကို အ၀တ်နဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ပေးပြီး “ကျွန်တော် ဒါလေးအပ်ထားပါရစေ” လို့ပြောတယ်။

ဘာတွေလဲလို့မေးလိုက်တော့ “ပိုက်ဆံ တစ်သိန်း ပါ၊ အိမ်မှာထားရင် ပျောက်မှာစိုးလို့” တဲ့……

“မင်းကွာ ငွေတွေကို မသုံးမစွဲ၊ မစားရက်မသောက်ရက်နဲ့ စုထားတာလား ….. ဘာလုပ်ဖို့လဲ”

“ညီမလေးအတွက်ပါ….. နံရံပေါ်က ပုံတွေကို ဆရာမြင်တယ်မို့လား …. ကျွန်တော့် ညီမလေးက ခြေမသန်ဘူးလေ… ဒါကြောင့် ပထမဆုံး ၀ှီးချဲလေးတစ်ခု ၀ယ်ပေးမယ်…. နောက် ကုသနိုင်လောက်တဲ့ အခါ ကုပေးပြီးတော့ စက်ဘီးလေးတစ်စီး ၀ယ်ပေးမယ် ….. သူက စက်ဘီး သိပ်စီးချင်တာ ….. စက်ဘီးစီး ချန်ပီယံဖြစ်အောင် ကြိုးစားမယ်တဲ့ ……. သူ့မျှော်လင့်ချက်အတွက် ကျွန်တော် ငွေစုတာပါ ဆရာ”

………………………………………………………………………………………………………………………………………………………

        ကျွန်တော်တို့ ကိုယ့်အတွက်ကိုယ်ကြည့်နေချိန်မှာ အသက်(၁၂)နှစ်အရွယ် ကောင်လေးတစ်ယောက်ထံမှ သည်စကားမျိုး ကြားရသည့်အတွက် ကိုယ့်ကိုကိုယ် ပြန်ရှက်မိပါသည်။ သူ့မျှော်လင့်ချက်ကိုလည်း တတ်စွမ်းနိုင်သမျှ ဖြည့်စည်းပေးဖို့ ကျွန်တော် ရဲရဲကြီး ကတိပေးခဲ့မိပါသည်။

 

In: ဝတ္ထု Posted By: Date: Apr 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment