Professional Authors

ခန်းစီးအောက်က လိုက်ကာ(၂)

(၂)

 

 

အခန်းထဲဝင်လာတော့… အားလုံးကထနှုတ်ဆက်ကြသည်။ ကျွန်တော့်ကိုမဟုတ်ပါ ။ ကျွန်တော့်အနောက်မှကပ်လျက်ဝင်လာသော ဆရာ့ကိုပင်…။ ဒါပေမယ့်ထူးဆန်းတာက တကယ့်တကယ်နှုတ်ဆက်တာ ကျွန်တော့်ကို ဖြစ်နေသည်။ ကိုယ့်နှာဖူးကို သုံးချက်လောက် ရိုက်ပစ်လိုက်ချင်မိသည်။ ဒီရုပ်နဲ့ ဒီရုပ်ကိုဗျာ။ အင်းလေထားပါတော့ ဝတ်ထားတာကလည်း ကျွန်တော်က ပုဆိုးနဲ့ လည်ဂတုံး အိကျီင်္ဖြူနဲ့ကိုး…

 

ထိုနေ့က စာအတူတူသင်ခဲ့ရသော သူငယ်ချင်းများကို ယနေ့ထိမမှတ်မိပေမယ့် ထိုနေ့က ကျွန်တော် တက္ကသိုလ်တက်ခဲ့သည်ကိုတော့ သိနေမိသည်။ တကယ်တော့ ကျွန်တော်ကျောင်းစတက်တော့ အမေက စိတ်ပူနေသည်။

 

သားရယ် ဒီတစ်ကျောင်းတော့ မထွက်ရပါစေနဲ့နော်တယ့်

 

 

 

ကျွန်တော်ဟုတ်တစ်လုံးသာ အဖြေပေးနိုင်ခဲ့သည်။ အမေ့မျက်ဝန်းမှာက ပုလဲဥတွေနဲ့မလား။ ကျွန်တော်ကလည်း ကျွန်တော် …ဆိုးသလားဆို မဆိုးဘူး… မဆိုးဘူးလား ဆိုတော့လည်း ဆိုးတယ်လို့တော့ဆိုရမယ်။ တစ်ခုပဲ ကျွန်တော် ဆိုးတာက အရာရာကို ကျွန်တော့် အတွေးနဲ့ တွေးနေမိတာ… အဲဒီအတွေးကကို ဆိုးနေတာ။ ဒါပေမယ့် အဲဒီအတွေးဆိုးလေးကပဲ… ကျွန်တော့်ကို စာအုပ်တစ်အုပ် လက်အောက်ကို ကျရောက်စေခဲ့တာပေါ့။ခေတ်စကားနဲ့ပြောရရင်တော့ အဲဒီမှာစတွေ့တာပဲ ပေါ့ဗျာ။

 

တာယာမင်းဝေကို ကျွန်တော်အရမ်းကြိုက်သွားသည်။ သို့သော် ကျွန်တော် ဂျီပုန်းတစ်ယောက်တော့မဟုတ်ပါ။ သူ့ကိုလည်း မမြင်ဘူးပါ။ သို့သော် သူ့အတွေးအခေါ်တို့ကတော့ ကျွန်တော့်ကို ကြိုက်မိသွားစေသည်။ ကျွန်တော့်ကို စာရေးဆရာကြီး မြက်စိမ်း (နထိုးကြီး)က ပြောဖူးသည်။ စာတစ်အုပ် ကိုကြိုက်တယ်ဆိုတာ ကိုယ် ကြိုက်တယ့် လိုင်း(သို့) ဝါသနာ တူလို့ကွ…။ ဘယ်စာကောင်းတယ်ဆိုတာမရှိဘူး… အကုန်လုံးက ကောင်းပြီးသား… အဲ ပိုကောင်းသွားတာက ကိုယ်ကြိုက်တယ့် လိုင်းမို့လို့ပေါ့ကွာ… ဟု စာရေးဆရာကြီးက ပြောဖူးသည်။ ထိုသို့ဆို ကျွန်တော် သူ့ကိုကြိုက်တာ အဲ သူ့စာပေါ့ ဝါသနာတူလို့ဖြစ်မည်။

 

ဟုတ်ပါသည် ထိုနေ့ ညက ပြူတင်းပေါက်ဘောင်တွင် မိုးရေစက်တို့ စကားပြောလျက်ရှိပါသည်။ ပြောတာမှ အကြာကြီးပြောပါသည်။ ထို့ကြောင့်ကျွန်တော်အိပ်မရပါ။ သို့သော် ကုသိုလ်ကောင်းမှုတစ်ခုတော့ လုပ်ခဲ့ပါသည်။ လင်းကျက်ကို ကျွန်တော်က နှိုးခဲ့ပါသည်။ ထို့ကြောင့် လင်းကျက်ကလည်း သူတို့ကို ပြန်နိုးပါသည်။ ထိုအခါ ပဲရောင်းတယ့် ဘွားတော်ကြီးက ပဲရောင်းဖို့ ထပြင်ဆင်ပါတော့သည်။ သို့သော် ကျွန်တော်လက်ထဲတွင်ကား ဖတ်လက်စ စာအုပ်လေးတစ်အုပ်သာရှိပါသည်။ ထို့ကြောင့် ကျွန်တော် ထိုနေ့က ပဲပြုတ်မစားခဲ့ရပါ။ အရာရာကို ချုံငုံသုံးသပ်ပြီး နောက် ကျွန်တော်ပြန်အိပ်ခဲ့ပါသည်။ မိုးရေစက်တို့လည်း စကားဆက်မဆိုခဲ့သလို လင်းကျက်လည်း မတွန်တော့၍ ထိုနေ့ကကျွန်တော်ကျောင်းနောက်ကျခဲ့ရပါသည်။

 

အတန်းထဲတွင် roll call ခေါ်ပြီးသွားပြီဖြစ်သည်။

 

ဟေ့ကောင် မင်းနာမည်ကို ငါ ထူးပေးထားတယ်

 

ကျွန်တော့်ဘေးတွင် လူ့ဖလံလေးတစ်ယောက် ကျွန်တော့်ကို ပြုံးပြီးစကားဆိုခဲ့သည်။ ကျွန်တော် က အိပ်ချင်မူးတူးဖြစ်နေ၍

 

မဲ့ပြလိုက်ပါသည်။ သူမျက်နှာလွှဲသွားလိုက်သည်။ သို့သော် သူနှင့် ကျွန်တော်က သူငယ်ချင်းဖြစ်သွားကြောင်းကို တော့ ကြေငြာရန်မလိုခဲ့ပါ။

 

အတန်းဆင်းတော့ ခြံလွှတ်တယ့် နွားများလို ကန်တင်းဘက်တွင် အလုအယက်တိုးဝှေ့လျက်ရှိသည်။ ကျွန်တော်က တစုံတခုကို တွေးမိပြီး ပြုံးသွားသည်။ အဲဒါဟိုကောင်ကလည်းမြင်ဖြစ်အောင် မြင်သည်။ ဟိုကောင်ဆိုမှသတိရသည်။ ဟိုကောင်နာမည်က

 

ကျော်ဇင်။ လူက တော့ ဖလံလေး ။ လေတိုက်လျင် သူ့ကို အရင်ဆွဲထားရန် ကျွန်တော်က သတိထားရသေးသည်။ ဒီကောင်က နယ်သား၊ ကျွန်တော်က မန်းသား။ အဲဒီတော့ ကျွန်တော်က အနိုင်ကျင့်တာများသည်။ ဘာမှတော့မဆိုင်ပါ။ အကြောင်းက တော့ ကျွန်တော် အနိုင်ကျင့်ချင်လို့သာ။

 

မင်းဘာတွေ တွေးပြီးပြုံးနေတာလဲ ဆားရ

 

ဟင်း… ဘာမှမဟုတ်ပါဘူးကွ

 

ကျွန်တော်က ခနဲ့ပြုံး ပြုံးပြီးပြောတော့ သူမခံချင်။ မခံချင်ကိုတော့ မရှင်းတတ်၊ ရှင်းရလောက်အောင်လည်း စကားလုံးက မရှုပ်။

 

သို့သော် ကျွန်တော်ကတော့ မရှင်းတတ်တာအမှန်။ မိတ်တွေတို့က ခံချင်လျှင်လည်း ခံချင်ပေါ့။ ပြောတာက မခံချင်ကို ဗျာ ခံချင် ထားထားပါတော့ဗျာ။ အဲဒါကြောင့် အဲဒါကို မရှင်းတတ်ဘူးပြောတာ။ သေချာတာသူမခံချင်ဖြစ်သွားသည်။

 

မင်းကလည်း ပြောစမ်းပါကွာ ဟဲ…

 

သကောင့်သားက နွားပွဲစားလို သွားဖြဲပြတော့ ကျွန်တော်က လည်း အားကျမခံ နွားထုတ်ရောင်းလိုက်သည်။ ဈေးစကားဆိုရင်တော့ နင်နဲ့ငါ ကြိုက်ပြီပေါ့။ ဒါပေမယ့် သူကိုတော့ ကျွန်တော်မကြိုက်ပါ။ သူက ယောက်ျားကြီးဖြစ်သည်။ အဲဒါထား လူက ဖလံလေးဖြစ်သည်။ တော်ကြာ။ ထားတော့ …။

 

ငါ အဲဒီနားသွားပြီး အလှုခံရင်ကောင်းမလားလို့

 

ဘာ… ဘယ်လို အလှုခံမယ်… အာ… ရှက်စရာကြီး

 

မှိုရမလားလို့ စမ်းပြီးမှ ခွေးချီလာတယ့် အထုပ်မိသွားသလို မျက်နှာက ရှုံ့သွားသည်။ ခွေး က ဘာချီလာတတ်သလဲတော့ ကျွန်တော်လည်း မသိပါ။ သို့သော် သူကတော့ မျက်နှာ ရှုံသွားသည်။

 

အာ မင်းကလည်းတွက်ချေကိုက်တယ်နော် ကံကောင်းရင် တစ်သောင်းလည်း ဟုတ် နှစ်သောင်းလည်း ဟုတ်

 

အဲတစ်ခုက မင်းက … မင်းသားလုပ်ဖို့ပဲ

 

ဘာ… ငါက မင်းသား… နေပါကွာ… မင်းဇာတ်ထဲငါ့ဝင်မကခိုင်းပါနဲ့

 

သောက်ရူးက မင်းသားဆိုတော့ ခေါင်းက မော့လာသေးတယ်။ ပြီးမှ ရှက်ကိုးရှက်ကန်း နဲ့ ဖြစ်သွားသည်။ ဖြစ်တယ့်ပုံကလည်း မနှိုင်းကောင်းနှိုင်းကောင်း… ဟိုဗျာ..ဟို…။ နောက်က ကြည့်တော့ အဝိုင်းကြီးဆိုပြီး အပြီတွက် ပိုင်ပြီဆိုပြီး အနားကပ် လေးဆယ်ကျော် အဟိုင်းကြီးနဲ့ တိုးမိတယ့် ရုပ်။

 

မင်းက စကားပြောစရာမလိုပါဘူးကွ ဟိုသရုပ်ဆောင်ပေးရုံပဲ ကျန်တာငါ ကြည့်စီစဉ်ပေးမှာပဲကို…

 

မင်းသားလုပ်ပေးရုံပဲ…

 

ငနာက အဲဒါကိုရှက်နေသေးသည်။ သို့သော် မြှောက်ပင့်ပေးလိုက်တော့လည်း လေတံခွန်ပင် ထိုင်ငိုရလောက်သည်။ ပြီးမှ အပြီးဆွဲ ကြိုးဖြတ်ပစ်ရမည်။ အဲဒါမှ ငေါလောကြီး မြင်ယောင်သေးသည်။

 

မင်း… မင်းဟာက သေချာရဲ့လားကွာ… ငါဘာမှ မပြောရဘူးနော်…

 

အာ သေချာပါတယ်ကွာ… မင်းပြောချင်တယ်ဆိုရင်တောင် ငါက အင်းတစ်လုံးပဲပြောခိုင်းမှာ… ပြီးတော့ မင်းသားမင်းတစ်ယောက်တည်းနော် မင်းသမီး က တစ်ကျောင်းလုံးနော်…. ပြီးတော့ တစ်သောင်းနှစ်သောင်းပတ်ခနှဲပဲ… ဟင်းဟင်း…

 

အင်း မင်းမလုပ်ချင်လည်းနောက်တစ်ယောက်ရှာယုံပေါ့ကွာ….

 

အဲဒီတော့ ခေါင်းကနည်းနည်းထောင် လာသည်။ မင်းသားလည်းဖြစ်မှာ… တစ်သောင်းဆိုလည်း ဟုတ်နှစ်သောင်းဆိုလည်းဟုတ်… ခုနက ငြင်းနေတယ့် ဘူးသီးက ပုတ်သင်ညိုကိုက်သွားလားမသိ ခေါင်းကို တငြိမ့်ငြမ့် လုပ်ပါမည်တွေဖြစ်လာသည်…

 

ထိုအချိန် ငှက်ဆိုးတစ်ကောင်က ထိုးသွားသည်။ ရာသီက နေ တည့်တည့်အောက် ခစားဝင်လျက်ရှိသည်။ ကျေးငှက်တို့လည်း တေးမသီနိုင်။ ကျောင်းဝန်းထဲမှာတော့ အသံတွေက ညံလို့။ ကျောင်းသူတွေကတော့ အချဉ်ပေါင်းတွေကို တဝတပြဲနှင့် အပေါက်ထဲဇွတ်ထိုးနေသည်။ သီးသူကသီး။ ဖြီးသူကဖြီးလို့။ သို့ပေမယ့် ဟိုးကောင်းကင်နေကြီးက ဟီးထနေတော့

 

သက်ရှိတွေ ခင်မျှာ ညည်းနေရသည်။

 

ဆက်ရန်

 

ဆား

 

In: ဝတ္ထု Posted By: Date: May 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment