Professional Authors

အင်းလေး

ကုန်းတွင်းခေါင်ခေါင်ထဲ မုန်တိုင်းတွေတိုက်၊ ပူအိုက်သည့်ဆောင်းညတွေဖြတ်သန်း၊ရာသီဥတုတွေပြောင်းလဲကုန်ပြီလား။ ကမ္ဘာကြီးကတော့ အငြင်းအခုံများနှင့် ခရီးဆက်ဆဲ။  ပုံမှန်မဟုတ်သော ရှင်သန်နေထိုင်မှုတွေအတွက် စိန်ခေါ်မှုတွေက           တနင့်တပိုး။ “ဥတုရာသီတောကိုမှီ၏” ကို မမေ့အပ်ပေ။ ကားအပြင်ဘက်တွင် အမှောင်ဇတ်ခင်းနေ၏။ ကားထဲရှိ            လူတချို့မှာတော့ အိပ်မက်လှလှ မက်ချင်မက်နေမည်။ တရိပ်ရိပ်ဖြတ်ကျော်ခဲ့သော မြို့ရွာများ..၀င်လာသည့်အတွေးတစ်စက. လူ့ဘ၀ဆိုတာလည်း အချိန်တွေကို ဖြတ်ကျော်ခရီးဆက်နေခြင်းပင်။ ရန်ကုန်-တောင်ကြီး အဝေးပြေးကားကြီးမှာလည်း        တရိပ်ရိပ်ဖြင့် လိုရာကို ဦးတည်လျက်။   မကြာမီ မြေပြန့်နှင့် တောင်ပေါ်အစပ်..မြို့ကလေးတစ်မြို့သို့ရောက်ရှိလာသည်။    သိသာစွာလည်း ရှမ်းပြည်၏အအေးဓာတ်ကို နှုတ်ဆက်ခံစားမိလိုက်သလို။ ရှမ်းပြည်နယ်မှာ မြန်မာပြည်တွင်    အကျယ်ဆုံးသောပြည်နယ်၊ ရှမ်းကုန်းမြင့်ဒေသဟုလည်း   လူသိများသည်။ ဌာနေတိုင်းရင်းသားမျိုးစုံရှိသည်။                        အိမ်နီးချင်း (၃) နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေပြီး လက်နက်ကိုင်  အဖွဲ့အစည်းများလည်း အကြွင်းမပြတ်သေး။ ဤဒေသတွင်       ကမ္ဘာသိ အင်းလေးကန်ရှိသည်။ အင်းလေးသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၉၀၀ ခန့်တွင်ရှိ၍ ကုန်းတွင်းပိတ် တောင်ပေါ်ရေအိုင်တစ်ခု။  မျက်မှောက်ခေတ် အင်းလေးသည် ထိခိုက်ပွန်းပဲ့လွယ်သော ဒဏ်ရာတစ်ခုလို။ အင်းလေးနှင့် ပတ်သက်၍ အသံမျိုးစုံ   ကျယ်လောင်စွာ ကြားနေရ၏။ မြန်မာပြည်တွင် ရေနှင့်မီး တိုက်ရိုက်အချိုးကျမကျကို လောပိတမီး နှင့်အတူ အင်လေးက သက်သေပြနိုင်သည်။ ကွေ့ကာဝိုက်ကာပင် တောင်တက်ကားကြီးမှာ အမှောင်ထဲတွင်ခရီးတစ်ခု  ရောက်လာသည်။ ဖျတ်ခနဲ လန့်နိုးလားတော့အပြင်ဘက်တွင်ဝေလီဝေလင်းနှင့် ရှမ်းပြည်၏အအေးဓာတ်က မေးရိုက်နေစေသည်။ နှင်းမှုန်များအောက် အောင်ပန်းမြို့မှ နံနက်စာ ပေါက်စီပူပူနှင့် လက်ဘက်ရည်က မမေ့နိုင်စရာ။ အရှေ့နေမင်းပြူထွက်စပြုတော့ ကားက ညောင်ရွှေချိုင့်ဝှမ်းထဲ ဆင်းနေသည်။ မြန်မာပြည်အတွက် အစောဆုံးနေမင်းကြီးက တောင်တန်းကြီးများနောက်ကွယ်မှ ကပိုကရိုအလှဖြင့်။ လောကသုံးပါးဖြစ်သည့် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကတို့ကို ကျွန်တော်တို့ ရှောင်ကွင်းလို့မရ၊ သို့မဟုတ်..ကျေးဇူးတင်ရမည်။ ထို့ကြောင့် သဘာဝတရားကို လေးစားတန်ဖိုးထားရမည်။ ကိုယ်လုပ်လျှင် ကိုယ်ခံရမည်ကို လက်ခံရမည်။ ဤနိယာမများက မျက်နှာမလိုက်၊သဘာဝတရားက လာဘ်မစားတတ်။ သဘာဝပတ်ဝန်းကျင်ကို နာကျင်အောင်လုပ်လျှင် သဘာဝပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ကို ပြန်လည်နာကျင်စေပါလိမ့်မည်။ ရှမ်းတောင်တန်းကြီးများက တည်ကြည်ရင့်ကျက်သည်။ သို့သော် ယခင်က စိမ်းစိုအုပ်မှောင် ဖူးသောသစ်တောနေရာတွေ အမွှေးအမှင်ပါးပါးလေးနှင့် သူ့ခမျာ အနွေးထည်မရှိတော့၍ အအေးဒဏ် ကြိတ်ခံနေရသလို။ သစ်တောကြီးက သူ့ပေးနိုင်စွမ်းရှိသလောက် လူတွေကိုဝေမျှပေးကမ်းသည်။ လူတွေက လောဘတကြီး  အကုန်သိမ်းကျုံးယူသည်။ သစ်တောကြီးမှာ ထပ်မံမပေးနိုင်တော့။ စုတ်ပြတ်ချိနဲ့နေသော သစ်တောကြီး၏ရင်ခွင်ထဲ လူတွေလည်း နွမ်းရိမောလျစွာ ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရတော့သည်။ စက်တပ်အမြန် ရေယာဉ်ကလေးက အင်းလေးရေပြင်ထက် မြူးထူးစွာပြေးလွှား  နေသည်။ အစာအတွက် ဇင်ယောငှက်ကလေးများက အုပ်ဖွဲ့လိုက်လာလျက် လောကကိုအလှဆင်ပေး နေသယောင်ယောင်..။ အင်းလေး..ပတ်ပတ်လည် တောင်တန်းကြီးများက မြင့်မားစွာနှင့် ၀န်းရံထားသည်။ ယင်းတို့က အင်းလေးကန်၏အသက်..ရေဝေရေလဲများ။ တချို့တောင်ထိပ်များ၌ ဦးထုပ်ဆောင်းထားသလိုအစိမ်းရောင်အကွက်လေးများမှာ တောင်ယာစပါးခင်းများပင်။ အင်းလေးရေက အေးစက်ပြာမှောင်နေသည် ။ လူဝကြီးအဖြစ်မှ လူပိန်ကလေးအဖြစ်သို့ အင်းလေးကို လူတွေကြိုးစားခဲ့ကြသလော။ ကန်ရေပြင်ဧရိယာက ကျဉ်းလာလျက် ရေအနက်ကတိမ်လာသည်။ တချို့ ဇီဝငါးမျိုးစိတ်တွေ ကွယ်ပျောက်လာသလို အင်းလေး၏ ဖြူစင်မှုမှာလည်း ရေထုညစ်ညမ်းမှုများကြောင့် မယုံချင်စရာဖြစ်လာသည်။ ခေတ်ကြီးက လူတွေကို ပြောင်းလဲစေခဲ့သလို  လူတွေကလည်း အင်းလေးကိုပြောင်းလဲစေခဲ့ပြီ။ အင်းလေးရှိ စိုက်ရေးပျိုးရေးတွင် ဓာတုဆေးများ မင်းမူနေခဲ့သလို  ချဲ့ထွင်လာသော စီးပွားရေးလုပ်ငန်းများနှင့် ကိန်းဂဏန်းတိုးနေသော လူဦးရေကလည်း အင်းလေးအတွက် ခါးပိုက်ဆောင်ထဲက မြွေပွေးများလို။ ကာလအတန်ကြာ မေ့လျောနေခဲ့သော သို့မဟုတ် ကုသရန်နှောင့်နှေးနေခဲ့သော အင်းလေးကန်ကျန်းမာရေးမှာ ရောဂါလက္ခဏာများ သိသိသာသာပြလာမှ ပိုမိုစိုးရိမ်ခဲ့ကြသည်။ နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး တချို့နေရာများတွင် ရေခန်းခြောက်သွားခဲ့သည်။ ကန်ရေအတွင်းတွင်လည်း မျက်နှာစိမ်းဧည့်သည် ခရုများကမောက်မာလာသည်။ ရေမှော်များ ထကြွသောင်းကျန်းမှုနှင့်အတူ အောက်စီဂျင်ပျော်ဝင်မှုလျော့နည်းလာသဖြင့် ရေနေသတတ္တ၀ါများ ဘ၀ပြောင်းကုန်သည်။ သို့သော် အင်းလေးသည် အပေါ်ယံကတော့ လှမြဲလှနေဆဲပင်။ ရိုးရာနည်းဖြင့် ငါးဖမ်းနေသူများ တွေ့နိုင်သလို ကုန်းမြေအလား ရေပြင်ထဲ ဟိုဒီ သွားရသည်မှာလည်း အရသာတစ်မျိုး။ အင်းလေး အစားအစာများကို ရန်ကုန်တွင်စားနိုင်သော်လည်း   အင်းလေးကတော့ .အင်းလေးပင်..ဖြစ်သည်။ သို့သော် သင်သည် ဗုဒဘာသာဆိုလျှင် ရွှေချလွန်း၍ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဖောင်တော်ဦးရုပ်ပွားတော်များကို စိတ်ခိုင်ခိုင်ထား၍ဖူးရန်လိုသည်။ ရုပ်ပွားတော်ဆိုသည်မှာ ကြည်ညိုသပါယ်စရာကောင်းမှသာ စိတ်ကြည်နူးစရာကောင်မည် မဟုတ်ပါလော….။ အင်းလေး၏အလှကို နိုင်ငံခြားသားများက ထိတွေ့ကြသည်၊ တိုင်းရင်းသားများက အားကိုးကြသည်။ နိုင်ငံတကာမှ အလှပြင်ရန်ထောက်ပံ့ပေးကမ်းသည်။ ထို့ကြောင့် အင်ဂျီအိုများလည်း မျက်စိကျလာသည်။ အစိုးရလည်း ခေါင်းထောင်လာသည်။ အင်းလေးတွင် ရစ်သမ်ရှိသည်၊ ကျွန်တော်တို့ အင်းလေးအတွက် ကာရန်ညှိရမည်။ အားလုံးလက်တွဲဆောင်ရွက်ကြစို့ဟု အက်ကြောင်းထပ်အောင်ပြောနေခြင်းဖြင့်၊ တပ်လှန့်နှိုးဆောင်နေခြင်းဖြင့်တော့ အင်းလေးကို သိမ်းသွင်းနိုင်မည်မဟုတ်သေးချေ။ ကျွဲကူးရေပါ လုပ်ရမည့်အလုပ်တွေက အများကြီးပင်။ အင်းလေးကို သွားကြည့်ပါ။ ရေမြေတောတောင်သဘာဝတရားကို တို့ထိကြည့်ပါ။ မိမိလည်း အရေးပါအရာရောက်သူဟု ခံစားလိုက်ပါ။ လိုအပ်လျှင် အင်းလေးကန်ကြီးဆီမှ အကြံညဏ်တောင်းလိုက်ပါ။ ဆိတ်ငြိမ်နေသော ကန်ရေပြင်ကြီးထံမှ တစ်စုံတစ်ရာကို သင် ပြန်လည် ရရှိပါလိမ့်မည်။ ။

(မနက်) ၉.နာရီ. ၁၃ မိနစ် (၂၇ နိုဝင်ဘာ ၊ ၂၀၁၀)

In: စကားပြေ Posted By: Date: Dec 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment