Professional Authors

လှည်းတန်း

လှည်းတန်း၏ ညနေခင်းက လူးလွန့်အသက်ဝင်လျက်။ ကျွန်တော်က ယင်းကို အလျားလိုက်ဖြတ်ပိုင်းကြည့်နေသူတစ်ယောက်။ ကျွန်တော့်ကို လှည်းတန်းက မသိပေမယ့် ကျွန်တော်က လှည်းတန်းကိုသိနေသည်။ လှည်းတန်းတွင်နေသူ မဟုတ်ပေမယ့်လည်း နေ့တိုင်းလိုလိုရောက်နေသူ။ လှည်းတန်းက လူငယ်များ၏ အနာဂတ်တွေ စိတ်ကူးတွေ အိပ်မက်တွေကို အရောင်သွေးပေး နေတတ်သည်။ ချစ်သူတွေ ဆုံတွေနိုင်သလို မိတ်ဆွေတွေလည်း အချိန်းအချက်လုပ်နိုင်သည်။ လှည်းတန်းတွင် အခမဲ့ ရှင်သန်ဖို့ အတွက် သင့်ကိုယ်သင် လှပအောင်ပြင်ဆင်ထားလိုက်ပါ။ လူမှာအ၀တ်အတွက် သင့်ဝတ်ဆင်စရာကို မရှုံ့ချနိုင်အောင်လှည်းတန်းက  ဖက်ရှင်ဆိုင်မျိုးစုံဖြင့် ကာကွယ်ပေးနေသည်။ ကျွန်တော့်ရှေ့က ကော်ဖီခွက်ထဲတွင် လှည်းတန်း၏ အနံ့အသက်အရောင်အဆင်းတွေက ပူးဝင်လျက်။ ဆိုင်ရှေ့တွင် ဖြတ်သွားနေသည်က ပျိုမျစ်နုနယ်သောလူငယ်များ။အနားတွင် အန်ပလပ်ဂ်တီးမည့် ဘီတဲလ်ပေါက်စများက ဂီတာကြိုးများညှိလျက်။ သူတောင်းစားများကလည်း သူ့တာဝန်သူကျေလျက်။ လှည်တန်း၏ ညနေခင်းတွင်သင့်အနေဖြင့် ဂီတာသံတွင် စီးမျောနိုင်သည်။ မိန်းမလှလေးများထံတွင် အာရုံစုစည်းထားနိုင်သည်။ လျှာအရသာတွေ့စေမည့် အစားအသောက်များနှင့်လည်း မိတ်ဆွေဖွဲ့နိုင်ပါသည်။ လမ်းမပေါ်တွင် ကားနှင့် ထုပ်ဆီးတိုးနေသော လူအုပ်များ၊ လက်ကိုင်းကိုကိုင်လျက် စက်ရုပ်များပမာ လိုက်ပါသွားကြသော အိမ်အပြန်ခရီးသည်များ၊ လောဘဒေါသ မောဟ ကြီးနေသော ကားဆရာများ၊ လှည်းတန်းတွင် ဘ၀ မျိုးစုံလည်း ရှာတွေ့နိုင်သည်။ သံဝေဂမျိုးစုံလည်းရနိုင်ပါသည်။ လှည်းတန်းကဆိုင်းဘုတ်များမင်းမူနေသော ရပ်ဝန်း၊ ထိုရပ်ဝန်းထဲတွင် ဘာသာစကားမျိုးစုံ၊ ပညာရပ်မျိုးစုံတို့ ၀ယ်လိုအားနှင့်ရောင်းလိုအား မျှခြေတည်ဆောက် နေကြသည်။ ဂလိုဘယ်ခေတ်ကြီးထဲ ၀င်ရောရန် လှည်းတန်းကသင့်ကိုကူညီပေးပါလိမ့်မည်။ သို့သော်ငွေတော့ များများဆောင်ထားရန် မမေ့အပ်ပေ။ လှည်းတန်း၏ ညနေခင်းက လူးလွန့်အသက်ဝင်လျက်။ ကျွန်တော်ကယင်းကို ဒေါင်လိုက်ဖြတ်ကူးနေသူတစ်ယောက်။ အစာအိမ်အတွက်လှည်းတန်းကို အမှီပြု “၀င်း”တွင် ဘီယာသောက်၍ “အိုင်တီ”တွင်ထိုင်ကာ ဒူးနန့်မည်။ ရေလျှံပါက ၀ိုင်ကေကေအိုတွင် ဂဏန်းကြေးအိုးဝင်ဆွဲလိုက်မည်။ ကျွန်တော်အဖို့ ပလက်ဖောင်းထက်က မြောင်းမြ မုန့်ဟင်းခါးနှင့် ကြာဆံချက်လည်း အလွန်ကောင်းနေတတ်ပြီး ဦးထွန်းလမ်းခြံက “ရွှေ”တွင်လည်း ဒင်မ်ဆန်း အရသာခံနေတတ်၏။ စိတ်ဝင်စားသေးပါက ကုံးထက် ကြက်ဆီထမင်းကို မြည်းကြည့်နိုင်ပါသည်။ လမ်းကြားထောင့်က နာမည်ကြီးထမင်းသုပ်က အရသာတစ်မျိုးထူးပေမယ့် စိန်ဂေဟာရှေ့က ၀က်လက်စွပ်ပြုတ်လည်း အလွတ်ပေးဖို့မသင့်ချေ။ သင့်နှာခေါင်းကို သည်းခံစိတ်တရားကျင့်ပေးမည့် ငါးကင်နံ့နှင့်အတူ ဘာဘူကြီး၏ ကြက်သားသုပ်ကလည်း အားကျမခံ ကြက်ခြေထောက်၊ ကြက်ခေါင်းများက ထိုးထိုးထောင်ထောင်။ လျှာရင်းမြက်စေသည့် ကျောင်းရှေ့မှတ်တိုင်နားက အမဲအူသုတ်နှင့် စစ်စတာဟုခေါ်သည့် ဆိုင်က မန္တလေးရမ်ကလည်း သင့်ကို လှည်းတန်း၏ မာယာထဲ ချောင်ပိတ်မိစေနိုင်သည်။ “၅၄”ဘီယာဆိုင်တွင်ဘီယာသောက် အနီးရှိ မာဆက်ခ်ျ ကို သွားချင်လျှင်လည်း သင့်ကို မည်သူမှ တားမည်မဟုတ်ချေ။ သို့မဟုတ်ပါက လှည်းကလေးဒိန်ချဉ်ကို တစ်ခွက်လောက် သောက်လိုက်ပါ။ သင်အမူးပြေ၍ အိမ်အပြန် အဆင်ပြေစေပါလိမ့်မည်။ လမ်းကြားလေးများထဲရှိ ရခိုင်ထမင်းဆိုင်များတွင်မူ သင့်အာသာဖြေနိုင်မည့် ဟင်းလျာများ ကအသင့်။ လှည်းတန်းက သူ့တာဝန်သူကျေသည်။ ဖော်ရွှေလိုက်လျောသည်။ ခေတ္တလာရောက်သော၊ ခလုပ်တိုက်ရောက်လာသော၊ အကြံအဖန်ဖြင့်ရောက်လာသော၊ ၀မ်းရေး..ပညာရေး..ဘာရေး..ညာရေး အတွက် ရောက်လာသူမဆို တန်းတူပင်ဆက်ဆံသည်။ သို့သော် လှည်းတန်းနေသူတချို့က ငါ့တို့က..ဟု…စိတ်ကြီးဝင်ချင်၏။ မှန်၏။ လှည်းတန်းတွင် ရာဇ၀င်ရှိသည်။ အထင်ကရဖြစ်သူရှိသည်။ ဘာကြောင့် လှည်းတန်းဟုခေါ်သည့်ဟု မဖတ်ဘူးသော်ငြား လှည်းတန်းကြီးများကို အစွဲပြုလျက်ခေါ်ဝေါ်ခဲ့သလော… ။ တချိန်က တက္ကသိုလ်နောက်ခံ အချစ်ဘုတ်အုပ်တွေကြား လှည်းတန်းက ဘတ်ဂရောင်းတစ်ခုဖြစ်၏။ လှည်းတန်းကို အနုပညာသည်တစ်ချို့တွယ်တာကြသည်။ လှည်းတန်းကို အမှီပြု .. သူတို့အောင်မြင် ခဲ့ကြသည်။ တလောက အနုပညာရှင်တစ်ချို့၏ လှည်းတန်းအကြောင်း အမှတ်တရ စာအုပ်ထွက်မည်ဟု ဆရာသော်ဒီဝေ ထံမှ ကြားလိုက်သည်။ သေချာသည်။ သင့်ဟာ အဓိပတိလမ်းက တက္ကသိုလ်မြေကို လျှောက်ခဲ့ဖူးသူဆိုပါက လှည်းတန်းကို ကင်းကွာဖို့ ခက်ခဲ့ပါလိမ့်မည်။ လှည်းတန်းရှိ တိုက်ခန်းဈေးများက သင့်ကို အာမေဋိတ် ရွတ်စေနိုင်ပါသည်။ သို့သော် တစ်ကိုယ်ရေ သမားလား..လာထား လှည်းတန်း အနီးအခန်းကျဉ်းလေးများထဲ အနာဂတ်ကို စိတ်ကူး လကုန်ရင်အိမ်ပြန်ငွေပို့ဖို့ အခွင့်အရေး တော့ပေးနိုင်ပါလိမ့်မည်။ အလုပ်တော့ ကောင်းပစေပေါ့ဗျာ။ လှည်းတန်း၏ ညနေခင်းက အဟုန်ပြင်းပြင်း ရှင်သန်စီးဆင်းဆဲ။ ကုန်ခမ်းသွားသည့် ကော်ဖီတစ်ခွက်လို အားအင်လျော့နေသည့် ကျွန်တော့်ခြေလှမ်းများက အိမ်ပြန်ရန် အသင့်ဖြစ်နေ၏။ ဆူပွက်တုန်ရီနေသည့် လှည်းတန်း၏ အသွေးအသားကို လူတွေက စုပ်ယူကောင်းတုန်း ။ လှည်းတန်းက လူသားအားလုံးကို ခွင့်လွှတ်အားပေးတုန်း ။ ။

4:12 (PM) 24 November 2010

 

 

In: စကားပြေ Posted By: Date: Nov 24, 2010
Comment #1

လူငယ် ဘ၀ နဲ့ လှည်းတန်း..!

Nice Post!

commentinfo By: JohnMoeEain at Nov 24, 2010
Comment #2

အကိုပြောတဲ့ကော်ဖီဆိုင်က mr. brown လား
အဲ့ဆိုင်က အန်ပလပ်ဂ် တီးတာနားထောင်လို့ကောင်းတယ်ဗျ
ဒီကဗျာလေးတော့ကြိုက်သွားပြီ…….

commentinfo By: မုဆိုး at Nov 24, 2010
Comment #3

I like that………

commentinfo By: little bird at Dec 7, 2010
Comment #4

တော်တော်ကိုစုံသွားတာပဲ။ Sushi ဆိုင်နဲ့ ၀က်သားဒုတ်ထိုး ဆိုင်ကျန်နေသလားလို့။ အော်…. မုန့်ဗိုင်းတောင့်လိုမြန်မာမုန့်ဆိုင်တွေ လည်းပြောရဦးမယ်နဲ့တူတယ်။

commentinfo By: Htoke Htoke at Dec 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment