Professional Authors

ရူးသွပ်ခြင်း

ကလေးရေ ….
ရင်ထဲက တိုးတိုးလေးခေါ်နေမိတယ်။ ငါလေ နင်နဲ့ပတ်သတ်မှ ဒီလိုတွေ ခံစားဖူးတာ။ မဖြစ်သင့်ပါဘူး ငါသိနေတယ်။
ငါမသိပဲ ငါ့ရင်ထဲကို နင်ရောက်နေတာ ငါဘယ်လိုမောင်းထုတ်ရမလဲ။ နင်နဲ့ငါဟာ စည်းတွေ အထပ်ထပ်ခြားနေတာ ငါသိနေသားပဲ။
နင့်ကိုငါ ချစ်မိနေတယ်ဆိုတာ သိသိချင်း ငါ့ကိုယ်ငါရွံရှာမိတယ်။ နင့်မှာ ရည်ရွယ်သူအတည်တကျရှိရဲ့သားနဲ့ နယ်ကျွံမိတဲ့ ငါ့စိတ်ကို ငါမုန်းမိတယ် ကလေးရယ်။ ငါမကြိုက်တဲ့ အရာတွေကို ရူးသွပ်စွာလုပ်တဲ့ နင့်ကို အပြစ်လုံးဝမမြင်မိဘူး။ နင်မသိပါဘူး ကလေးရယ်။
နင့်အတွက် ကျတဲ့ မျက်ရည်တွေ နင့်ကိုလွမ်းလို့ အိပ်မရတဲ့ညတွေ ဒါတွေကို နင်သိဖို့ ငါမကြိုးစားခဲ့ပါဘူး။

နင့်ဆီက ဂရုစိုက်တဲ့ စကားလေး တစ်ခွန်းကြားရရင်ကို ရူးလောက်အောင် ခံစားနေတဲ့ ငါ့အဖြစ်ကို ငါရယ်ချင်ရဲ့။ နင့်ကို မေ့ပစ်ဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဝေးဝေးကို ပြေးရင်း နီးနီးလာခဲ့တယ်။ ရှောင်ကာမှ ငါ့ခံစားချက်တွေက ပိုဆိုးလာတယ်။ နင့်ကိုငါချစ်လိုက်တာ။ နင်သိအောင် ငါအကျယ်ကြီးအော်ပြောလိုက်ချင်တယ်။ ဒီအချိန်ဆို နင်အိပ်နေပြီပေါ့။ နင့်အိပ်မက်ထဲမှာ ငါခဏဖြစ်ဖြစ် နေရာယူဖူးချင်လိုက်တာ။

နင်မသိပါဘူး ကလေးရယ်။ နင့်ကိုငါ ဘယ်လောက်ချစ်တယ်ဆိုတာ။ နင့်ကို သိလဲသိစေချင်တယ် မသိလဲမသိစေချင်ဘူး။ ဒွိဟစိတ်နဲ့ ငါ့အသက်ရှူသံတွေလဲ မမှန်နိုင်တော့ပါဘူး။ နင်သာသိရင် “ငါ့ကို အရူးမ ရူးလိုက်တာ” လို့ ကဲ့ရဲ့ဦးမယ်ထင်တယ်။ နင်ကဲ့ရဲ့မှာကို ငါမကြောက်ပါဘူး။ နင်စိတ်ရှုပ်သွားမှာပဲ ငါစိုးရိမ်တာပါ။ နင့်ကို ငါချစ်တာသိရင် နင်ငါ့ကို ရှောင်သွားမှာ ငါကြောက်လွန်းလို့ နင့်ရှေ့မှာ ငါဟန်ဆောင်ရင်း နာကျင်နေရတာ။ တခါတခါ ငါ့အချစ်ကို ငါအံ့သြမိတယ် ကလေး။

ကလေးရေ …
ငါ့ခံစားချက်တွေကို ငါမြိုသိပ်ရတာ ပင်ပန်းလှပါပြီ။ ငါငိုတယ် နင့်အကြောင်းတွေးမိရင် လမ်းသွားရင်းလဲ မျက်ရည်ကျမိတယ်။
နင့်ကိုငါ တခါပဲဖြစ်ဖြစ် ချစ်ခွင့်ရချင်တယ်။ ငါ့အချစ်သာစစ်မှန်ရင် နင်နဲ့ငါ နောက်ဘ၀မှာ စောစောတွေ့ခွင့်ရပါစေလို့ ဆုတောင်းမိတယ်။ ဒီဘ၀မှာတော့ နင့်ကိုချစ်တဲ့ အချစ်တွေကို ဖုံးကွယ်သိုဝှက်ရင်း ဝေးဝေးကနေ နင့်အပြုံးတွေကို ငေးကြည့်ခွင့်နဲ့ပဲ
ငါကျေနပ်ပါတော့မယ် ကလေး။

ဖွိဖောင်း (12:49 AM)

In: စကားပြေ Posted By: Date: Nov 19, 2010
Comment #1

harrrrrrrrrrrrrrrr
really really nice story,

commentinfo By: ei lay at Jan 6, 2012
Comment #2

အားပေးသွားတယ်နော်

commentinfo By: yelay01010 at Dec 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment