Professional Authors

ဒိုင်ယာရီ-၂

===သစ္စာတရားရဲ့ နာမတော်ကို မျက်ခြေမပြတ်အောင်လို့…ဆိုပြီး မင်နီကြက်ခြေခတ်နဲ့ အရေးမှတ်ခံရဖူးတဲ့ ငယ်ဘ၀က ခုံတန်းရှည်လေးရေ…ဘယ်တော့များမှ ပြန်လည် နွေးထွေးခွင့်ရမှာလဲ။

===အဲ့သလို အတိတ်ကို ရေစွတ်ကြည့်တော့ ကြေကွဲစရာ ကြည်နူးမှုတွေ ၊ပျော်ရွှင်စရာ ၀မ်းနည်းမှုတွေခမျာ ဖုန်မှုန့်နဲ့ ထုလုပ်ထားတဲ့ ဒိုင်ယာရီအစုတ်ကြားမှာ မျက်နှာငယ်စွာ မှုန်ရီေ၀၀ါး …..အတိတ်ဆိုတာ..ဗေဒင်ဆရာရဲ့ ယတြာမှာ အလွယ်တကူပြောင်းလဲတတ်တဲ့ နက္ခတ်တာရာ ဟုတ်ပါသလားကွယ်။

===ဖခင်တစ်ယောက်ရဲ့နောက်ဆုံး နေညိုချိန်မှာ  မျက်ရည်စိုနေတဲ့ အရောင်မှိန် ခြေလှမ်းတွေသာနောင်တနဲ့လိမ်းကျံပေစွန်း ၊”လူမိုက်”ဆိုတဲ့စကားဟာ အဖေထွန်းရမယ့် မီးအိမ်မှမဟုတ်ခဲ့တာ။

===ချစ်သူရေ…ရိုးသားမှု၊ မခံချင်စိတ်၊ကဗျာစာအုပ်တွေနဲ့ ပတ်ဝန်းကျင်ရဲ့ လက်ညှိုးတစ်ထောက်စာ သိမ်ငယ်မှု….ဒါတွေကလွဲရင် ဘာရွှေ ငွေမှ မရှိတဲ့ ဟော့ဒီ အပေအတေ ငတိလေးရဲ့ ရင်ခွင်အပုပ်အသိုးမှာ နင့်အရယ် အပြုံးလေးတွေ အရုပ်မဆိုးစေချင်ပါကွယ်။အိုမာခယမ်…ကတော့ ”ဒုက္ခနဲ့ တစ်ခါကြုံတိုင် ချစ်သူလက်ကို တစ်ခါကိုင်ပါရစေ”တဲ့။ငါကတော့ အနာတရ ငါ့လက်တွေနဲ့ ချစ်သူအိပ်မက်တွေကို အဆိပ်မတက်စေချင်ရိုးအမှန်ပါ။တကယ်လို့ ငါက ခြေအရင်းက ခုတ်လှဲခံရတော့မယ့် သစ်တစ်ပင်ဆိုရင်တောင် သွေးသံရဲရဲ ငါ့အကိုင်းအခက်တွေ မစုတ်ပြဲခင်အချိန်အထိ ချစ်သူအိမ်မိုး နေမထိုးဖို့ ဖြန့်မိုးစောင့်ရှောင့်ချင်သူပါကွယ်။

===ဒီလိုပါပဲ …အနာဂတ်အပျက်ကိုမှ ဆွဲဖျက်ခုတ်မောင်း၊ ဇွန်လရဲ့ အိပ်မက်တွေလည်း ဟောင်းလောင်းဖြစ်ပြီးတဲ့နောက် အမှတ်တမဲ့ ခုတ်ထွင်မိတဲ့ ရယ်သံနုနုမှာ ငါ့ရင်ဘတ် သွေးကြည်ဥနေတာ ကြာပြီ။

In: စကားပြေ Posted By: Date: Dec 25, 2012
Comment #1

Wow
Tay loh ya de kwar,,,talkie tway ka a g g be

commentinfo By: ei lay at Dec 26, 2012
Comment #2

2013 feeling

commentinfo By: ei lay at Jan 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment