Professional Authors

ကျနော်လေးစားမိသောအမျိုးသမီးတဦး

                                  Mother Teresa
                                        (သို့)
                   ကျနော်လေးစားမိသောအမျိုးသမီးတဦး
                    ★ ♡ ★ ♡ ★ ♡ ★ ♡ ★ ♡ ★ ♡ ★ 

NAME…..Mother Teresa

OCCUPATION……Nun, Saint
BIRTH DATE…..c. August 26, 1910
DEATH DATE…..September 5, 1997
EDUCATION…..Institute of the Blessed Virgin Mary
PLACE OF BIRTH….Skopje, Republic of Macedonia
PLACE OF DEATH….Calcutta, India
ORIGINALLY…..Agnes Gonxha Bojaxhiu
AKA…..Agnes Bojaxhiu
Blessed Teresa of Calcutta
Mother Teresa
FULL NAME…..
Blessed Mother Teresa of Calcutta

သူနာမည်အရင်းက အက်ဂနက်စ် ဂွန်ရှာ ဘိုဂျာရှား…အယ်ဘေးနီးယား လူမျိုး..
အသက် ၁၈နှစ်မှာ မိခင်နှင့်အစ်မတို့ကိုစွန့်လျှက် ခရစ်ယာန်ဘာသာ
ရေးကိုဇောက်ချအားထုတ်ခဲ့ပြီး
ဘာသာရေးအဆုံးအမအတိုင်းအကောင်အထည်ဖော်ရန် အသက် ၂၁ နှစ်တွင် ကက်သလစ်
သီလရှင်အဖြစ်ခံယူခဲ့သူ….
မွေးရပ်မြေကိုစွန့်၍..
အိန္ဒိယနိုင်ငံသားအဖြစ်ခံယူကာ ကာလကတ္တား စိန်မေရီအထက်တန်းကျောင်းတွင်..၁၇ နှစ် တိုင် စာပေသင်ကြား ပေးခဲ့ပြီး…မိဘမဲ့ကလေးများ..မကျန်းမာသူများ…ဆင်းရဲချို့တဲ့သူများအားစောင့်ရှောက်ရေးသာသနာပြုအသင်းကို..တည်ထောင်နိုင်ခဲ့သူ…
မာသာထရီစာ ကို အစက ကျနော်
မလေးစားနိုင်ခဲ့…
မြန်မာပြည်သို့ သာသနာပြု မစ်ရှင်များ
ရောက်လာပြီး တောင်တန်းဒေသက
တိုင်းရင်းသားများကို ယဉ်ကျေးသော
လူ့ဘောင်အဖွဲ့ သို့ လမ်းပြခြင်း ခေါင်းစဉ်တပ်ကာ..သူတို့ဘာသာသို့သွပ်သွင်း
ခဲ့ဖူးသည်…
သူသည်လည်းထိုနည်း နှင်နှင်ဖြစ်ပေ
လိမ့်မည်ထင်ခဲ့သည်…
Something Beautiful for God စာအုပ်ကြောင့် နိုင်ငံတကာကသိလာခဲ့သူဖြစ်သည်..။
1979 ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိခဲ့သည်…
1980 ခုနှစ်တွင် အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး
ဂုဏ်ထူးဆောင် ဘွဲ့ ..” ဘားရတ်ရတနာ” (Bharat Ratna) ဆုကို ဒုတိယအကြိမ်မြောက် ချီးမြှင့် ခံခဲ့ရသည် ..။
အသက်ရှင်လျက် ဆုတစ်ခုကိုနှစ်ကြိမ်
ရဖူးသူဖြစ်သည်….
ကွယ်လွန်ချိန်တွင် ကမ္ဘာ့ နိုင်ငံအသီးသီးမှခေါင်းဆောင်များကိုယ်တိုင်ချီးမြှင့်ကြသဖြင့် နိုင်ငံတော်ဈာပန အခမ်းအနား ဖြင့်သင်္ဂြိုဟ်ခဲ့သည်..
သူကွယ်လွန်ပြီးနောက် သူ့ရာပြည့်မွေးနေ့
အထိမ်းအမှတ်အဖြစ် အိန္ဓိယနိုင်ငံသုံးငွေ ငါးရူပီးတန်ဒင်္ဂါးပြားထုတ်ဝေခဲ့သည်..။

အမှန်ပြောရလျှင် သူ့ကို 
ဟင်နရီဒူနန့် ဆုရခဲ့သော စိုင်းအောင်လှိုင်မြင့်လောက် အထင်မကြီးနိုင်ခဲ့ပါ….
အိန္ဒိယသည် ၂၀ ရာစုအစလောက်ကပင်
စူပါပါဝါနိုင်ငံ ဖြစ်အောင်ကြိုးပမ်းလာနေ
ခဲ့သလို ဆင်းရဲမွဲတေမှု လူတန်းစားကွာဟမှု ဇာတ်နိမ့်ဇာတ်မြင့်ပြဿနာ ဘာသာရေးအဓိကရုဏ်း
များ အားကြီးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်..။
သည်နိုင်ငံကိုမှ သူရွေးချယ်ခဲ့သည်..
လူမျိုးခြားမိန်းမသားတစ်ဥိးက မိမိနိုင်ငံသားအဖြစ်ခံယူ၍ မိသားစုကိုစွန့် ငယ်ရွယ်နုပြုမှုကိုစတေးလျက် 
ကျောမွဲလူတန်းစားအတွက် ပေးဆပ်နေမှုကိုအစက ဂရုမပြုမိခဲ့ကြပါ ..
အုပ်ချုပ်ရေးအဆင့်ဆင့်ကလည်း..
မနှစ်သက်သလို..မသိကျိုးကျွံ ပြုထား
ခဲ့ကြသည်….သူ့သတင်းများ
ကမ္ဘာ ကစိတ်ဝင်စားလာသောအခါ…
အိန္ဒိယသည် လူမှုရေးနယ်ပယ်မှ
ရရှိမည့် နိုင်ငံရေးသိက္ခာကို လက်လွှတ်
မခံတော့ချေ..

ဝန်ကြီးက ကျွန်မကို မေးဖူးခဲ့ပါတယ်။ နိုင်ငံတော် အစိုးရဆီက သင်ဘာလိုချင်သလဲ တဲ့ ။
“ဘာမှ မလိုချင်ပါဘူး ၀န်ကြီး၊  ကျွန်မရဲ့ စစ္စတာတွေ ဆင်းရဲသားတွေကို ကူညီခွင့်ရဖို့ တောင်းဆိုချင်တာပါ”
“ဟုတ်ပြီလေ၊ ခင်ဗျားရဲ့ စစ္စတာတွေက ဘာလုပ်ပေးမှာလဲ…”
“ခိုကိုးရာမဲ့ အားငယ်နေ သူတွေကို မေတ္တာနဲ့ အခမဲ့ ၀န်ဆောင်မှု ပေးကြမှာပါ ..”
“ကောင်းပြီ။ အဲဒီ စစ္စတာတွေမှာ ဘယ်လို အရည်အချင်းတွေ ရှိပါသလဲ..”
“ဒုက္ခရောက်နေသူတွေ အတွက် အကြင်နာ ကရုဏာ မေတ္တာ များနဲ့ နူးညံ့ သိမ်မွေ့မှု များကို
ပေးနိုင်ကြပါတယ်..”
“ဆင်းရဲသားတွေ ဘာသာပြောင်းဖို့ တရားဟောကြမှာလား”
“မေတ္တာနဲ့ ကျွန်မတို့ ကြိုးစားပြီး ဝေဒနာများကို ကူညီပြုစု ပေးတာတွေဟာ … ဆင်းရဲသားများကို ဘုရားသခင် ချစ်တယ်ဆိုတာ ထင်ရှားစေချင်လို့ပါ..”

ပြည်တွင်းမှာလည်း သူ့အကြောင်းကို စာရေးဆရာ
ကဗျာဆရာ များက တခန်းတနား
ရေးကြသည်..(ဆရာ လူထုစိန်ဝင်း လည်း
မကွယ်လွန်မီက ဆောင်းပါးရေးခဲ့ဖူးသည်)

သူ့အကြောင်းမှတ်တမ်း များထဲမှ
သူ၏ရိုးရှင်းသောစကားများ လုပ်ရပ်များ က ကျနော့်
နှလုံးကိုကိုင်လှုပ်နိုင်ခဲ့သည်….
စစ်ဖြစ်ပွားနေသောနေရာများ..
အနာရောဂါဖြစ်ပွားနေသောနေရာများ..
ငတ်မွတ်ခေါင်းပါးဒေသများ…
နျူကလီးယားအဆိပ်သင့်ဒေသများ..
လူ့အဖွဲ့အစည်းကကျဉ်ပယ်ထားသူများ..
အိုးမဲ့အိမ်မဲ့များ…
နေရာမရွေး ဒေသမရွေး ဒုက္ခသည် ရှိလျှင်
သူရှိသည်…။
“.. လူတွေ လိုအပ်နေတာက အနာတွေ ကို သန့်စင်ပေးဖို့၊ ထမင်းပုဂံလုံးတစ်လုံးစာလောက်… ယုယထွေးပိုက်မှု တချို့ နဲ့ တစ်စုံတစ်ယောက်က သူတို့ကို  ချစ်တယ်လို့ စကားတစ်ခွန်း ..ပြောပေး ဘို့ လို အပ်နေ တယ်…”

အိန္ဒိယနိုင်ငံတွင် အစွန်းရောက်ဘာသာရေး
သမားများက သူ့ကိုအနှောက်အယှက်
ပေးသလို….
အကြင်နာတရားဘန်းပြပြီး..
ဟိန္ဒူ နဲ့အခြား ဘာသာဝင်တွေကို 
ဘာသာပြောင်းပေးနေတဲ့ မိစ္ဆာ မ …
ဟု ဝေဘန် ပုတ်ခတ်
တိုက်ခိုက် ရေးသားကြသည်…
ဒါနဲ့ပတ်သက်ပြီး သူတို့ကိုစိတ်မနာဘူးလား ဘယ်လိုတုန့်ပြန်ချင်ပါ
သလဲ…ဆိုသောအမေးကို..
” ကျမ လူတွေကိုချစ်နေရတာနဲ့ကို
မုန်းဘို့ အချိန်မရှိဘူးရှင့် “..ဟု ဖြေကြား
ခဲ့သည်….။

ဟိန္ဒူဘာသာဝင်တို့သည်..ဦခေါင်းကို
အမြတ်တနိုးတန်ဘိုးထားကြသည်…
သူ၏ထံမှောက်တွင်မူ ဘာသာစုံတို့သည်..သူ့ထံမှ ကောင်းချီးပေးခြင်း(မေတ္တာဓာတ်ခံယူခြင်း)ကို ကျေနပ်စွာခံယူကြသည်ကိုတွေ့ရသည်….
အစ္စရေးနှင့် ပါလက်စတိုင်းစစ်ပွဲ၌ အပစ်အခတ် ယာယီရပ်ရန် မေတ္တာရပ်ခံ၍ ရှေ့တန်း တနေရာ တွင် ပိတ်မိနေသော ကလေး ၃၇ ယောက်ကို ကယ်တင်ခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ်
ပဲရက်စ် ဒေကွေလျား က
“သူဟာ ကုလသမဂ္ဂ ပါပဲ…
သူဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး ပါပဲ”..
ဟုဆိုခဲ့သည်..။

ပုပ်ရဟန်းမင်းကြီးအပါအ၀င်..
နိုင်ငံတကာမှချီးမြှင့်သော ဆုများ နှစ်ဆယ်
ကျော်ခန့်ရခဲ့သည်….မှာ သူ၏မွန်မြတ်သော စွမ်းဆောင်ချက်များကြောင့်ဖြစ်သည်…
“ကျွန်မ သတိရမိပါသေးတယ်…
အနာရောဂါ စွဲကပ်ပြီး လောက်တွေ ထိုးလျှက် သေလုမျောပါး လူမမာတစ်ယောက်ကို ကျွန်မတို့ သွားကောက်ယူလာပြီး ပြုစုခဲ့ပါတယ်။ ရောဂါ ကျွမ်းနေတဲ့သူက ကျွန်မတို့ကို ..
“ကျွန်တော်ဟာ လောကမှာ တိရိစ္ဆာန်တစ်ကောင် လိုဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနေထိုင် ခဲ့ရပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်ခြင်းကို ရခဲ့ပြီမို့ နတ်သားတစ်ပါးလို သေဆုံးရပါလိမ့်မယ်”  .. လို့
ပြောပြီး ကျေကျေနပ်နပ် နဲ့ ဘ၀ နိဂုံး အဆုံးသတ်ခွင့် ရသွားခဲ့ပါတယ်။ 
သူသည် သူ့ယုံကြည်ချက်အတွက်လိုအပ်သော ဟိန္ဒီ နှင့် ဘင်္ဂါလီ စာပေကိုသင်ယူခဲ့သည်..ဆေးရုံတရုံတွင် အခြေခံဆေး
ပညာကိုသင်ယူခဲ့သည်…
သီလရှင်တို့၏ ကျင့်ဝတ်နှင့် အဆောင်အယောင်ကိုစွန့်လျှက် သာမန်ဆင်းရဲသား
တို့ဝတ်ဆင်သောချည်ကြမ်း အဖြူ အနားပြာဆာရီကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီး….အခြေခံလူတန်းစားနှင့်
တသားတည်းဖြစ်အောင်ရပ်တည်ခဲ့သည်….
သူ့ကိုယ်တိုင်ရေးမှတ်တမ်းထဲတွင်..
ဘုရားသခင်ကိုပင်ငြိုငြင် ခဲ့ဖူးကြောင်း…
မူလသီလရှင်ဘ၀သို့ပြန်သွားလိုစိတ်
ဖြစ်မိခဲ့သည်အထိ ငြိုငြင်မှုဒဏ်
ပင်ပန်းဆင်ရဲဒဏ်ခံစားခဲ့ရကြောင်း
ရေးထားသည်ကို တွေ့ရသည်.. 
မိန်းမသားတစ်ဦးရပ်တည်ရသည့် 
ယုံကြည်ချက် မြေသည် အလွန်းကျဉ်း၏..

လူတစ်ချို့က
ကျွန်မကို အကူအညီ တောင်းလေ့ရှိတယ်.. 
“ဘ၀မှာ တိုးတက် အောင်မြင်ဖို့ သက်တောင့်၊ သက်သာနဲ့ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ နည်းလမ်းပေးပါ” တဲ့..
ကျွန်မရဲ့ နည်းလမ်းက ရိုးရိုးလေးပါ..
“ပြုံးပါ၊ လူတွေကို ပြုံးပြပါ။
သင့် ဇနီး၊ သင့်ခင်ပွန်းကို ပြုံးပြပါ။
သင်ရဲ့ ရင်သွေး၊ သင့် ကလေးများကို ပြုံးပြပါ..
သင်တွေ့တဲ့သူ တစ်ယောက်ချင်းစီကို ပြုံးပြပါ။
ဘယ်သူ ဘယ်ဝါ အရေးမကြီးပါဘူး.. လူတိုင်းကို ပြုံးပြပြီး ..
မေတ္တာတရားကို တည်ဆောက်ပါ….
သင့်ဘ၀အောင်မြင်ဘို့ သာယာချမ်းမြေ့ဘို့ သင့်အပြုံးကဖေးမကူညီမှာပါ” …။

သူငယ်စဉ်ကပင်ဖခင်ကွယ်လွန်ခဲ့ပြီး
သူ့ယုံကြည်ချက်ကြောင့် သေသည့်တိုင်
မိခင်နှင့်ပြန်တွေ့ခွင့်မရခဲ့တော့ပေ…..
သီလရှင်ကျင့်ဝတ်ကို စွန့်ခွာထား
ပြီးဖြစ်၍ ခရစ်ယာန်ကျောင်းများမှ အထောက်အပံ့ မရတော့ပဲ ဆင်းရဲပင်ပန်း
ကြီးစွာ တကိုယ်တည်း ဖြတ်သန်းခဲ့ရသည်….နောင်တွင် သူ့လုပ်ရပ်ကို နှစ်သက်
တန်ဘိုးထားသူ အမျိုးသမီးများ ပါဝင်လာ
ခဲ့ကြရာ ၁၃ ယောက်ပြည့်ချိန်မှစ၍
သာသနာပြုမစ်ရှင်ကို အကောင်
အထည်ဖော်လာနိုင်ခဲ့ပြီး..မကွယ်လွန်မီထိ
သီလရှင် လေးထောင်ကျော် ရှိခဲ့သည်..
မိဘမဲ့ဂေဟာ အစ AIDS ရောဂါသည်များ
အတွက်စောင့်ရှောက်ရေးဂေဟာ အဆုံး
နိုင်ငံပေါင်းတရာကျော်၌ ဂေဟာပေါင်း ငါးရာကျော် နှင့်
သာသနာပြုအဖွဲ့ စင်တာ လေးရာကျော် ဖွင့်နိုင်ခဲ့သည်..။
“ကျမတို့ဟာ လူဆိုးလူကောင်းခွဲနေမယ်
ဆိုရင် ဘယ်လိုအလုပ်ဆက်လုပ်ကြမလဲ”

သူ၏ခံယူချက်ကား ၀တ်စုံသည် အဓိက
မဟုတ်..စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်
သာအဓိကဖြစ်သည် …သူ့ခံယူချက်အတိုင်းလည်း ကမ္ဘာ ကို သက်သေပြနိုင်ခဲ့သည်..
သူ၏မေတ္တာဓာတ်သည် လက္ခံရရှိသူသို့
လည်းကူးစက်၏…
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က
ဟိန္ဒူ မိသားစု တစ်စုဟာ အစာမစားရဘဲ ရက်ပေါင်း များစွာ ငတ်မွတ်နေခဲ့၊ ဆာလောင်နေခဲ့ပါသတဲ့။ ဒါကြောင့် ဆန်အနည်းငယ်ကို ယူပြီး သူတို့မိသားစုကို သွားပေးခဲ့ပါတယ်။ ကျွန်မတို့ ပြန်လာတဲ့အခါ ထပ်ပြီးသိရတာက သူတို့ဟာ ကျွန်မပေးခဲ့တဲ့ ဆန် ထဲက တစ်ဝက်ကို အိမ်နီးနားခြင်း မွတ်ဆလင် မိသားစုကို ပြန်ပြီး ခွဲဝေပေးသတဲ့။ ကျွန်မက ပြန်သွားပြီး…
“ရှင်တို့ အိမ်ထောင်စုက မိသားစုဝင် ဆယ်ယောက်တောင်ရှိတာ၊ ဒီ ဆန်ကလေးနဲ့တောင် ၀၀လင်လင် မရှိနိုင်ပဲနဲ့ ဘာဖြစ်လို့ သူများကို တ၀က် ပေးပစ်လိုက်ရတာလဲ..”  
“သူတို့လည်းပဲ ကျွန်မတို့လိုပဲ ငတ်မွတ်၊ ဆာလောင် နေသူတွေ ဖြစ်လို့ပါ …”   တဲ့လေ။
ကိုင်း …. ဘယ်လောက်ကြီးကျယ် ခမ်းနားတဲ့ စိတ်နေစိတ်ထား ပါလဲရှင် “…။

သူသည် အထီးကျန်သူအတွက် မေတ္တာမီးအိမ်ကိုထွန်းညှိသူလည်း
ဖြစ်သည်…
“မယ်လဘုန်းမြို့ရဲ့ တစ်နေရာမှာ..
အဖိုးအိုတစ်ယောက် နေထိုင်ပါတယ်။ သူ့ဆီကို ကျွန်မ အလည်သွားတော့ တိတ်ဆိတ် မှောင်မဲ ညစ်ပတ်နေတဲ့ အခန်းတစ်ခုထဲမှာ ငြိမ်သက်စွာ သူထိုင်နေတာပါ။ ဘယ်သူမှတောင် သူရှိမှန်း မသိသလို၊ ဘယ်သူကမှလည်း 
သူရဲ့ ရှင်ခြင်း သေခြင်းကို ဂရုမစိုက်ကြပါဘူး.. 
သူ့ရဲ့ အခန်းအခြေအနေက တော်တော်ဆိုးတာမို့ သန့်ရှင်းရေး လုပ်ပေးပါရစေလို့ ကျွန်မပြောတော့ .. 
“ရပါတယ်။ ကျုပ်အဆင်ပြေနေသားပဲ..”
ကျွန်မ ဘာမှ ပြန်မပြောတော့ပဲ သန့်ရှင်းရေးလုပ်ဖို့သာ ကြိုးစားခဲ့တဲ့အတွက် နောက်ဆုံး သူခွင့်ပြုခဲ့တယ်..။
သူ့အခန်းထဲမှာ မီးအိမ်ကလေး တစ်လုံးကို တွေ့ခဲ့ရပါတယ်။ ဖုံတွေနဲ့ ညစ်ပတ်နေတဲ့ 
ဒီမီးအိမ်ကို သုတ်သင် ရှင်းလင်းလိုက်တဲ့ အခါ အလွန်လှပတဲ့ မီးအိမ်လို့ သိလိုက်ရတော့…မီးထွန်းညှိလိုက်ပါတယ်..
“ဘာဖြစ်လို့ ဒီမီးအိမ်ကို မထွန်းရတာလဲ..”
“ဘယ်သူ့အတွက် ထွန်းရမှာလဲ။ ဘယ်သူမှ ကျုပ်ဆီကို မလာကြဘူးလေ.. ဒီမီးအိမ်က မလိုအပ်ပါဘူး အပိုပါ ..”
“တကယ်လို့ သီလရှင်တစ်ပါးပါးက ရှင့်ဆီလာပြီး စကားစမြည်ပြောဆိုမယ်ဆိုရင် .. ဒီမီးအိမ်ကို ရှင်ထွန်းထားမှာလား..”
“ထွန်းမှာပေါ့။ သေချာပေါက်ကို ထွန်းထားမှာပါ..ကျုပ်ဆီကိုလူလာမယ် ဆိုရင်တော့.. ကျုပ် ဒီမီးအိမ်ကို ထွန်းထားမှာပေါ့”
နောက် အတန်ကြာတဲ့အခါမှာ ကျွန်မဆီကို သတင်းစကားတစ်ခု လူကြုံပါးလာပါတယ်။ သူက …
“ကျုပ်ရဲ့ မိတ်ဆွေကို ပြောပြပေးပါဗျာ၊ သူ ထွန်းညှိခဲ့တဲ့ အလင်းရောင်တစ်ခုဟာ ကျုပ်ရဲ့ တသက်တာမှာ တောက်ပစွာနဲ့ အစဉ်သဖြင့် ထွန်းလင်းနေပြီ ဆိုတဲ့ အကြောင်းကိုပေါ့”…..။

သူဆိုသည်မှာ မာသာထရီစာဖြစ်ပါသည်…..။

အဘိုးအိုကဲ့သို့ပင် မာသာထရီစာကြောင့်
ဘ၀အလင်းရခဲ့သူများစွာရှိပါသည်….။

ရုတ်တရက်ဝင်လာသောအတွေး
တစ်ခုကြောင့် ကျနော်ထိတ်လန့်တကြား
ဖြစ်သွားသည်…
ရှက်စိတ် ကြောက်စိတ် သိမ်ငယ်စိတ်
တို့သည် ကျနော့်အား ၀ိုင်းနှိပ်စက် 
ကြ၏…။
နှစ်ပေါင်း ၄၀ နီးပါးမျှ ကြာမြင့်ခဲ့ပြီဖြစ်သော
ကျနော့် နှစ်လုံးအိမ်ထဲမှ
မေတ္တာ ကရုဏာ မီးအိမ်ကို
သန့်ရှင်းရေးမလုပ်ရသေးပါ…..
လောင်စာဆီမထည့်ရသေးပါ…..
မီးစာမတပ်ရသေးပါ…..
မီးမညှိရသေးပါ…….။

ကျနော် မာသာထရီစာ ကို စောင့်နေ
မိပါသလား……။

                               အစဉ်စိမ်းလန်းပါစေ.. ..
                                        သျှင်ငြိမ်းချမ်း.. …
                     (3rd,July,2014….at 04:25 Am)

In: ဆောင်းပါး Posted By: Date: Nov 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment