Professional Authors

နှစ်ဟောင်း ကြွေမှ နှစ်သစ် ဝေ

 

နှစ်ဟောင်း ကြွေမှ နှစ်သစ် ဝေ

 

ငှက်ကလေးများ တေးသွားဆိုညည်းနေကြတဲ့ ကိုလံဘို နံနက်ခင်း အလင်းရောင်နှင့် ထိုင်နေကြ မကုဋာရာမ မြန်မာကျောင်းတိုက်အတွင်း ကျောင်းရဲ့ ဒေါင့်ကလေးက ကိုယ်ပိုင် ဖျော်ကြရတဲ့ ကော်ဖီဆိုင်လေးမှာ အသက်ဝင်လျက် လှုပ်ရှားနေသူ သူငယ်ချင်း မိတ်ဆွေများရဲ့ ချိုမြိတ်သော စကားသံတွေထဲ စာရေးသူ တစ်ယောက် နားထောင်နေမိပါတယ်။ သောက်လက်စ ကော်ဖီခွက်လေးကို ကိုင်လျက် အတွေးတစ်ခု လျှပ်တပျက် စာရေးသူထံ ပြေးဝင်လာပါတယ်။ အဲဒီအတွေးကတော့ ဒီနေ့ဟာ ၂၀၁၂ ရဲ့ နောက်ဆုံး ကျန်ရစ်တဲ့ နေ့ရက်ဖြစ်သလို မနက်ဖြန်ဆိုတာ ၂၀၁၃ ခုနှစ် ပထမဆုံး နေ့ရက် ဖြစ်တယ်ဆိုတာကို သိလိုက်ခြင်းပင် ဖြစ်သည်။

ထို့အတူ ကိုယ့်စိတ်နှင့်ကိုယ် လျှောက်လှမ်းခဲ့သည့် ၂၀၁၂ ခုနှစ်ရဲ့ တစ်ဆဲ့နှစ်လတာ ခရီးတစ်ခု မမျှော်လင့်ပဲ ကုန်ဆုံးတော့မည် ဖြစ်သည်။ နှစ်ဟောင်းကုန်လို့ နှစ်သစ် ပြောင်းလာသည့် အခုလိုအချိန်မျိုးမှာ အဟောင်းကို စွန့်ပစ်လို့ အသစ်ကို ကြိုဆိုကြသည်မှာ သဘာဝတရား ပင်ဖြစ်သည်။ ထိုထက်မက ကျန်ရစ်သွားတော့မည့် ၂၀၁၂ မှာ ဘဝတစိတ်ကို စာရင်းချုပ်လို့ မည်သို့မည်ပုံ ပြုလုပ်ခဲ့ပြီးပြီလဲ ဆိုတာတွေကိုပါ ကိုယ်စီ အတွေးအိမ်မှာ ဝင်ရောက်နေမည်မှာလည်း အမှန်ပင် ဖြစ်ပေသည်။ အချို့ကတော့ ကိုယ်လျှောက်လှမ်းသည့် ခရီး မည်မျှ ရောက်ပြီလဲဆိုတာကို တွေးနေကြမည် ဖြစ်သည်။ အချို့ကတော့ ခုနှစ် တစ်ခု ကုန်ဆုံးသွားမှန်း မသိလိုက်သလို ဖြစ်ကြမည်။ အမှန်တကယ်အားဖြင့် သိသူ မသိသူ အားလုံးတို့ နှစ်သစ်ကူးမှာ ပျော်ရွှင်ကြည်နူးလို့ Happy New Year 2013 ကို ကြိုဆိုကြမည် ဖြစ်သည်။

ထို့အပြင် နှစ်သစ်ကူး လာသည့် ခုနှစ်အားဖြင့် ကြည့်လျှင် အင်္ဂလိပ် ခုနှစ် ဖြစ်သည်။ သို့သော် အင်္ဂလိပ် ခုနှစ်ဟု မဆိုနိုင်သလို ဒီကနေ့ အနောက်တိုင်း နှစ်သစ်ကူးဟု မဆိုနိုင်ပါ။ နှစ်သစ်ကူးဆိုတာသည် ကမ္ဘာ့နိုင်ငံများမှာ တည်ရှိကြသော မြို့ပြကြီးများ၊ ပတ်ဝန်းကျင် မြို့ငယ်လေးများနှင့် ကျေးရွာများတွင် ရှိကြသော လူသားအားလုံးတို့၏ နေ့ တစ်နေ့ ဖြစ်သည်။ အသားအရောင် မကွဲခြား၊ ဘာသာတရား မကွဲခြား၊ လူမျိုးမရွေး၊ အလုပ်အကိုင် ပင်ပန်းနေကြသည့် ကမ္ဘာပေါ်ရှိ လူသားအားလုံး လွတ်လပ်စွာ ပျော်ရွှင်နိုင်ရန် ရည်ရွယ်ချက်ကောင်းသောအားဖြင့် ပြုလုပ်သော နှစ်သစ်ကူး ဖြစ်သည်ဟု ယူဆကြမည် ဖြစ်သည်။

ယနေ့ ကမ္ဘာကြီးသည် (global village) ကမ္ဘာ့ရွာကြီး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ကမ္ဘာကြီးသည် ကမ္ဘာရွာကြီးဖြစ်သည့်အတွက် ကမ္ဘာတဝှမ်းက ယဉ်ကျေးမှုအလိုက် ပျော်ရွှင်ကြ၊ နှစ်သစ်ကူး တေးသံများနှင့် မြူးကြွလို့ နှစ်သစ်ကူးကို ကြိုဆိုကြမည် ဖြစ်သည်။ ထို့ပြင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်၊ ကနေဒါနိုင်ငံ တိုရန်တိုမြို့တော်၊ ဖင်လန်နိုင်ငံ ဟယ်စင်ကီမြို့တော်၊ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တော်၊ ရုရှားနိုင်ငံ မော်စကိုမြို့တော်၊ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်၊ ဂျပန်နိုင်ငံ တိုကျိုမြို့တော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တော်၊ စင်္ကာပူနိုင်ငံ စင်္ကာပူမြို့တော်၊ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့တော်၊ တောင် ကိုရီယားနိုင်ငံ ဆိုးလ်မြို့တော်၊ တရုတ်နိုင်ငံ ဟိုင်နန်မြို့တော်နှင့် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွေမှာ နှစ်သစ်ကူး ပျော်မြူးဖွယ်ရာများ တွေ့ကြရမည် ဖြစ်သည်။

နှစ်သစ်ကူးသည် တစ်နှစ်တာ ကိုယ်စီ အလုပ်ကိုင်များဖြင့် ပင်ပန်းနေကြသော လူသားအားလုံးအတွက် စိတ်ပြေလက်ပြေ ခရီးထွက်ခြင်း၊ ကျဉ်းမြောင်းနေသည့် အလုပ်ကိစ္စတွေထဲမှ လွတ်လပ်စွာ အနားယူခြင်း၊ ဖိအားများနေသော ဖိစီးမှုများကို ပပျောက်စေခြင်း၊ ရှုပ်ထွေးနေသော ဘဝပြဿနာများကို တတ်နိုင်သလောက် လျော့ချနိုင်ခြင်း၊ အလုပ်ရှင် အလုပ်သမား လူတန်းစား အားလုံးတို့ကို တန်းတူ အခွင့်ရေးပေးခြင်း၊ အလွှာအသီးသီးက လူသားအားလုံးတို့ကို ပေါင်းစုံပေးနိုင်ခြင်း၊ မပြေလည်နိုင်သော မိသားစုဘဝ တစိတ်ကို ပြေလည်နိုင်အောင် ဖန်တီးပေးနိုင်ခြင်း၊ လူငယ်တို့ သဘာဝ လွတ်လပ်သော ခွန်အားတွေကို ပေးနိုင်ခြင်း၊ မျိုးဆက်သစ် လူငယ်တွေကို စိတ်ဓာတ် ထက်သန်လာအောင် ဖြစ်စေနိုင်ခြင်း၊ ထွက်ပေါက်မရှိသော လူသားတို့ဘဝကို ထွက်ပေါက်တစ်ခု အနေဖြင့် ဖွင့်ပေးနိုင်ခြင်း စသည်တို့ ဖြစ်ကြပါသည်။

ဤမျှမက အတွေးသစ် အမြင်သစ်တွေဖြင့် ဘဝခရီး တစ်ခုကို လျှောက်လှမ်းခြင်းနှင့် ကိုယ်ပိုင် ရေးဆွဲခဲ့ဖူးသည့် ကိုယ့် ရည်မှန်းချက် ပန်းတိုင်တည်းဟူသော ဘဝအလှ ပန်းချီကို ရေးဆွဲနိုင်ခြင်းတို့ ဖြစ်လာကြမှာ မလွဲပါ။ သို့သော် အတိတ်ဟောင်းက ပြုလုပ်ခဲ့ဖူးသည့် ကောင်းမှု မကောင်းမှုသည် မိမိတို့အပေါ်မှာ မူတည်၍ ကိုယ်က ကောင်းတာ လုပ်လျှင် ကောင်းတာ ဆက်ဖြစ်ပြီး ကိုယ် ရည်ရွယ်သော ပန်းတိုင်ကို အလွယ်တကူ ရောက်မည်ပင် ဖြစ်သည်။ အကယ်၍ ကိုယ်က မကောင်းလျှင် ကိုယ်တိုင် ပြင်၍ ကောင်းသည့် ဘက်ကို ဦးတည်သွားလျှင်လည်း မလွဲ ဧကန် မိမိတို့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ကြမည် ဖြစ်သည်။

ဒီလိုအချိန်မျိုးမှာ မိမိတို့ ဘဝတွေ သတိလက်လွတ်လို့ ဘဝခြုံထဲ မဝင်မိအောင် ကြိုးစားသင့်တယ်။ တနေ့ထက် တနေ့ ကုန်ခဲ့တာများလွန်းလို့ နှစ်တွေလည်း ကုန်တာများခဲ့ပြီ။ အကြိမ်ကြိမ် ကိုယ်တိုင် စဉ်းစား၊ အကြိမ်ကြိမ် မေ့ပျောက်၊ ကိုယ်လိုရာ ဘက်ဆီသို့ ခရီးသွားလွန်းလို့ နေဝင်ခဲ့ အကြိမ်ပေါင်း မနည်းတော့ပါ။ ဒါကြောင့် “စိတ္တေန နိယတေ လောကော – လောကကြီးကို စိတ်ကဆောင်သည်”ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ စိတ်သည် အရာရာတွင် ဆောင်ထားပေ၏။ စိတ်မပါလျှင် အလုပ်မလာသကဲ့သို့ စိတ်မရှိလျှင် အလုပ်လည်း မရှိဖြစ်တတ်၏။ စိတ်မကောင်းလျှင် အလုပ်မကောင်းနိုင်သကဲ့သို့ စိတ်ကောင်းလျှင် အလုပ်လည်း ကောင်းနေမည်သာ ဖြစ်သဖြင့် စိတ်စေတနာ ကောင်းရှိရေးသည် လူသားတို့၏ အဓိက ပဓာနဖြစ်သည်။

ဤနည်းအတူ ကိုယ့် ဘဝရဲ့ နှစ်ဟောင်းက မကောင်းခြင်းတွေကို ကြွေမှ နှစ်သစ်မှာ ကောင်းခြင်း ရွက်သစ်တွေ ဝေဆာမည် ဖြစ်ပေသည်။ စင်စစ်အားဖြင့် လူသားတို့သည် အသိတရား ဦးစီး၍ မွေးဖွားလာကြသည်မှာ လက်ဝါး မြေပုတ် မလွဲ ဧကန် အမှန်ပင်တည်း။ ထို့ကြောင့် ကံ ဥာဏ် ဝီရိယ သုံးပါးတို့ဖြင့် ဘဝရဲ့ လိုအပ်ရာဖြစ်သော မိမိတို့ ကိုယ်စီ ပန်းတိုင်ဆီသို့ လွယ်ကူသော အသိ၊ မှန်ကန်သော လမ်းစဉ်ဖြင့် တက်လှမ်းနိုင်ပါစေလို့…  နှစ်သစ်ကူး Happy New Year 2013 မှာ ဆုတောင်းပေးလိုက်ပါသည်။

တက္ကသိုလ်မြတ်မင်း
In: ဆောင်းပါး Posted By: Date: Jan 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment