Professional Authors

မှားမှန်းသိလျက် အပြင်ရခက်သော ပြဿနာတစ်ရပ်

ယနေ့ခေတ် လူငယ်များ၏ အကြီးဆုံးသော အားနည်းချက်တစ်ခုမှာ “အမှားကိုဝန်မခံခြင်း” ပင်ဖြစ်သည်။ အမှားကို ဝန်ခံရခြင်းသည် မိမိသိက္ခာကို ထိခိုက်သည်ဟု အယူရှိကြကုန်သောကြောင့် ဖြစ်တန်ရာသည်။ လောကတွင် မည်သူမျှ မွေးကတည်းက အမှန်မရှိခဲ့ဖူးသည်ဖြစ်သောကြောင့် အကယ်စင်စစ် အမှားလုပ်မိခြင်းသည် လူသားဆန်ခြင်းပင်ဖြစ်သည်။ လူအားလုံး အမှားလုပ်မိဖူးကြသည်ချည်းပင်ဖြစ်သည်။ လွန်လွန်ကျွန်ကျွန်မဖြစ်ရန်သာ လိုအပ်သည်။ အဆိုပါ လိုအပ်ချက်ကို ထောက်ပြ ညွှန်ပြခြင်းကိုလည်း ကောင်းစွာနာခံတတ်ရန်အရေးကြီးသည်။

 

ထောက်ပြ ညွှန်ပြခံရခြင်းအပေါ် ယနေ့လူငယ်တို့(တစ်ခါတစ်ရံ လူကြီးများပင်ပါတတ်သည်) အမြင်မှာ စောင်းလွဲလျက်ရှိသည်။ မိမိ၏ သိက္ခာကို ချိုးချင်၍ ထိုသို့ပြုလုပ်သည်ဟု ထင်တတ်ကြသည်။ တစ်ခါတစ်ရံ ရှက်စိတ်နှင့် မလုပ်သင့် မပြောသင့်သည်မျိုးကိုပင် လုပ်တတ် ပြောတတ်ကြပေသည်။ ၎င်းမှာ မရင့်ကျက်ခြင်းပင်ဖြစ်သည်။ အဆိုပါ ထောက်ပြ ညွှန်ပြခြင်းကိုပင် ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ဝေဖန်မှုဒဏ်ကို ခံနိုင်ရည်မရှိလျှင် လူတောတိုးရေးသည် အတော်ပင် ခဲခက်ကောင်း ခဲခက်နိုင်ပေသည်။ လောကသည် ဝေဖန်မှုပေါင်းစုံနှင့် ပြည့်နှက်နေပေသည်။ အဆိုပါဝေဖန်မှုများကို မှားယွင်းသောတုန့်ပြန်ချက်ဖြင့် တုန့်ပြန်မိသောအခါတွင်မူ အဆိုးဘက်သို့ လမ်းမှားသွားနိုင်သည်။ လူ့လောကနယ်ပယ်စုံတွင် အနှိမ်ခံ အပယ်ခံဖြစ်သွားနိုင်ပေသည်။ အမှားကို သိသိချင်း ပြင်ရန်ဝန်မလေးပါနှင့်။ အချိန်မီပြင်ရန် လိုအပ်လှပေသည်။ အမှားလမ်းဆုံးရောက်သောအခါမှ ပြင်မည်ဆိုပါက လမ်းလွန်သွားပေတော့မည်။ သိသိချင်း ပြင်ရန် ဆင်ရန် အရေးကြီးလွန်းလှပေသည်။

 

အချို့လူငယ်များသည် မိမိကိုထောက်ပြဝေဖန်သူရှိလျှင်လည်း သည်အမှားအတိုင်းဆက်ထားကြသည်။ အကြောင်းမူကား သူတို့ပြောမှပြင်လိုက်ရင် ငါ့အပေါ် ပတ်ဝန်းကျင်ဘယ်လိုမြင်ကြမလဲ။ အထင်များသေးသွားမလား စသည့် သေးနှိမ်သော အတွေးအမျိုးမျိုးတို့သည် ၎င်းတို့၏ခေါင်းထဲတွင် ပြေးလွှားလျက်ရှိသောကြောင့်ပင်။ အဆိုပါအတွေးတို့ကြောင့် ၎င်းတို့၏လုပ်ဆောင်ချက်များထဲတွင် အများအမြင်မသင့်တော်သော အပြုအမူ၊ အပြောအဆို၊ အရေးအသားတို့သည် ဆက်လက်ပါနေမြဲပင်ဖြစ်သည်။ အမှားပေါ် အမှားဆင့်လျက်ရှိသောအခါတွင်မူ အဆိုပါအမှားသည် ရာသက်ပန်စွဲသွားတတ်သည်။ ထိုအခါ အမှားမပယ်နိုင်သည့်လူညွန့်တုံးသောဘဝကို ရောက်ရတော့ပေမည်။

 

အမှားအပေါ် ဝေဖန်ထောက်ပြသည်ကို လက်မခံနိုင်မူကား မောဟတစ်မျိုးပင်ဖြစ်လေတော့သည်။ အဆိုပါမောဟမှာ သိလျက်နှင့် မပြင်ခြင်းပင်ဖြစ်သည်။ မသိသည်ကို သင်ရပြရသည်မှာ လွယ်ကူသည်။ နည်းနည်းသိသောသူကို သင်ရပြရသည်မှာ အလွန်ခဲခက်၏။ သိလျက်နှင့်မပြင်သောမောဟဟုပင် ကင်ပွန်းတပ်သင့်ပေသည်။ အဆိုပါမောဟကြောင့် သိစိတ်ကွယ်ပျောက် လမ်းလုံးမှောက်နိုင်ချေသည်။ မောဟရှိသူသည် မျက်စိနှစ်လုံးကွယ်သည်နှင့်အတူတူပင်ဖြစ်သည်။ အမှားကိုထောက်ပြခြင်းကြောင့် လမ်းမှန်သို့ရောက်နိုင်သည်ကို ဆက်လက်မြဲကာ မှားနေဦးမည်ဆိုပါလျှင် (ဝါ) အမှားသံသရာရှည်နေဦးမည်ဆိုပါလျှင် သွားရာလမ်းပင်ပျောက်နိုင်ချေသည်။ ရည်မှန်းချက်များပင် ပျောက်နိုင်ချေသည်။

 

အမှားကိုဝန်ခံခြင်းသည် မာနကိုနှိမ့်ချခြင်းဖြစ်သည်။ မိမိအမှားကို ဝန်မခံဘဲ ငြင်းဆန်ကာကွယ်နေမည်ဆိုလျှင် ဆက်ဆံရေးတွင် အက်ကြောင်းကြီးဖြစ်လာနိုင်သည်။ ငြင်းဆိုခြင်းမှလည်း မာနကြီးစွာ ပေါ်ပေါက်လာနိုင်သည်။ မာနသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်လေးစားမှု ခင်မင်ရင်းနှီးမှုကို ပျက်ပြားစေနိုင်သည်။ လူငယ်များတွင် အများအားဖြင့်တွေ့ရသောမာနဟူသည်မှာ “ပညာမာန” ဖြစ်တန်ရာ၏။ အမှန်မူကား မိမိတတ်ထားသောပညာအပေါ် သာယာနေမှု၊ မိမိကိုယ်ကို အထင်တွေ ဘဝင်တွေမြင့်နေမှုတို့သည်သာ ယင်းမာနကို ဖန်တီးနေခြင်းဖြစ်သည်။ ဝေဖန်သူသည် မိမိထက် ပညာနည်းနေသည်၊ မိမိလောက်မှမတော်ဘဲ မိမိအားဝေဖန်နေသည် အစရှိသဖြင့် တွေးလုံးများကလည်း အမှားကို မိမိ၏ ကိုယ်ပိုင်မျက်စိဖြင့် မမြင်စေခြင်းဖြစ်ပေသည်။ မိမိ၏အမြင်ပေါ်တါင် ပညာမာနဖုံးအုပ်နေပေသည်။ လူအားလုံးတွင် အမြင်ရှိကြသည်သာဖြစ်၏။ တစ်ဦးအမြင်နှင့် တစ်ဦးအမြင်သည် တူချင်မှတူနိုင်ပေမည်။ ဝေဖန်ချက်အားလုံးကို လက်ခံထားကာ ဝေဖန်သည်ကို ကျေကျေနပ်နပ်ခံယူတတ်ရန် အရေးကြီးလွန်းလှသည်။

 

အမှားနှင့်ကင်းသူဟူသည်မရှိပါချေ။ ယင်းအမှားကိုပင် ထောက်ပြနိုင်သောသူသည် များများစားစားရှိလှသည်မဟုတ်။ အဆိုပါနည်းပါးလှသော ဝေဖန်ချက်ကလေးကိုပင် လက်ခံနိုင်အောင် မိမိကိုယ်ကို ပြင်ရချေမည်။ ဝေဖန်မှုသည် ဘဝ၏တက်လမ်းပြညွှန် ဆိုင်းဘုတ်များသာဖြစ်ပေသည်။ အင်္ဂုလိမာလသည် မိမိ၏အမှားကို အချိန်မီမသိဘဲ လမ်းမှားဆက်လိုက်မိနေပါက အမျက်ခံရပေတော့မည်။ သို့သော် ဝေဖန်ပြသူ (ဝါ) အမှားကိုထောက်ပြ ညွှန်ပြသူ ဘုရားရှင်ရှိနေ၍သာ အမှားသိလျက် အမှန်ပြင်ခဲ့သောကြောင့် ရဟန္တာဖြစ်ခဲ့ရသည်မှာ သာဓကအထင်အရှားရှိပေသည်။ ဝေဖန်စရာများထဲမှ ပညာယူပါ။ ဝေဖန်သည်ကို လက်ခံပါ။ အမှားကို ပြင်နိုင်ရန် ကြိုးစားပါ။ အမှားကို ဝန်ခံရန် ကြိုးစားပါ။ အဆိုပါ အလေ့အကျင့်များကို ယနေ့လူငယ်များမွေးမြူနိုင်လျှင် နောင်လာမည့် တစ်နေ့တစ်ချိန်တွင် အမှားနည်းသော လူကြီးများဖြစ်လာနိုင်ပေလိမ့်မည်ဖြစ်ကြောင်း။

 

၃၀. ၉. ၂၀၁၁ တွင် ပြီးသည်။

ရွှေနဒီရေးသည်။

In: ဆောင်းပါး Posted By: Date: Sep 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment