Professional Authors

စာဖတ်သူအပေါ် ဆရာတက်တိုးအမြင်


စာဖတ်တတ်ရဲ့လား…..–  ဟုမေးလျှင်

ဟာ….ဖတ်တတ်တာ ပေါ့  ဟု ဆိုကြပေလိမ့်မည်။ ဟိုက်စကူးမှ ဘီအေ၊ အမ်အေ အောင်သူတို့အား  ဤမေးခွန်း မေးမိပါမူ

မေးသူကို အမေးခံရသူက ရိုက်ပစ်လိုက်ချင်ပေလိမ့်မည် ။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ

စာဖတ်တတ်ဖို့ကား လိုပေသေးသည်။ စာတတ်တိုင်း စာဖတ်တတ်သည် ဟု မဆိုသာပေ။

     အတန်းစာဖတ်၍  စာမေးပွဲ အသီးသီး အောင်မြင်သော်လည်း  စာဖတ်ဖို့ လိုသေးသည် ဟု  ဆိုရမည် မှာ အတော်ပင်

အားနားစရာကောင်းလှ၏။ စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ်တတ်သည် ဟု ခေါ်ချင်ပါသည်။

အကျိုးပြုသော စာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင် စာဖတ်တတ်သည် ဟု ဆိုနိုင်ပါလိမ့်မည်။

စာကို အပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကိုဗဟုသုတ ပွားရန်ဖတ်ခြင်းကိုပင်

စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိ၏ ဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါမှ စာဖတ်ရကျိုး နပ်ပေမည်။

ထိုစာမျိုးကိုဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင်  စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။

        အချို့သော ပုဂ္ဂိုလ်တို့သည်စာကို စနစ်တကျ ဖတ်ကြသည်။ ပညာရပ် အသီးသီး တို့ကို တစ်ခုပြီး တစ်ခု တတ်နိုင်သလောက်

အကုန်အစင် ဖတ်ကြသည်။ ဥပမာ အရှေ့တိုင်း ဒသနိကဗေဒ ကို  ကျကျနနသိအောင် ထိုပညာရပ်နှင့် ပတ်သက်သည့် စာအုပ်များကို

စုဆောင်း၍ ပြီးအောင် ဖတ်ပစ်လိုက်သည်။ မှတ်စုမှတ်ရာများထုတ်၍  ပြန်လည်သုံးသပ်သည်။

ယင်းသို့ ဖတ်ခြင်းသည် ကောင်းပါ၏။ ပညာဗဟုသုတ ရှားမှီးရုံသာ ဖြစ်သဖြင့် မိမိ၏ဘ၀၌ သာမန်အကျိုးများကိုသာ ပေးနိုင်စွမ်းသည်။

ပညာရှိ တစ်ဦးဖြစ်ရန် အကြောင်းလမ်းများ ရှိသဖြင့် လောက၌ အကျိုးဖြစ်ထွန်းသည် ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် သူ့ဘဝ

အကျိုးကျေးဇူးမျိုးကို ပေးနိုင်ဖို့ ခဲယဉ်းသည်ဟု ဆိုချင်ပါသည်။

                       စာပေကို ပညာရပ်အဖြစ် ဖတ်ရှုလေ့လာခြင်းသည် စာပေပညာရှိကြီး တစ်ဦး ဖြစ်ဖို့  အကြောင်းလမ်း ပေါ်ရုံ မျှသာ

ဖြစ်သည်။ ဘ၀ အကျိုးပေး ကောင်းမွန်စေနိုင်သည် ဟု မဆိုသာပေ။

 

     ဥပမာအားဖြင့် ငယ်စဉ်က အင်္ဂလိပ်ဆန်ပြီး မာနတက်နေခဲ့သော ဂန္ဓီသည် အာဖရိကပြည်၌ ၀တ်လုံလိုက်နေစဉ်

မီးရထားပေါ်တွင်  အင်္ဂလိပ်ပညာရှိ စာရေးကြီး  ရွတ်ရပ်စကင်း၏  ( Unto This Last ) စာအုပ်ကို ဖတ်သဖြင့်  သူ၏

ဘ၀ အခြေအနေနှင့် လမ်းစဉ်သည် သိသိသာသာကြီး ပြောင်းလဲသွားလေသည်။

       ဂန္ဒီသည် ထိုစာအုပ်ကို မဖတ်ရသေးခင် အခြားအခြားသော စာအုပ်များကို ဖတ်ရာ၌ ဆင်ခြင်သုံးသပ်မှု အစဉ်ပြုခဲ့သည်…။

သို့ ရာတွင် ထိုစာအုပ်နှင့်ကြုံကာမှ စက်ခလုတ်နှိပ်လိုက်သကဲ့သို့  ရုတ်တရက် ဘ၀လမ်းကြောင်း ပြောင်းသွားတော့သည်…။

စင်စစ် ထိုစာအုပ်တစ်အုပ်တည်းက ဂန္ဒီ၏ဘ၀လမ်းကြောင်းကို ပြောင်းစေသလော….။

 မဟုတ်နိုင်ပေ…။ ထိုစာအုပ်သည် စက်ခလုတ်ပမာမျှသာဖြစ်သည် ။ အစကတည်းက ဂန္ဒီ၏ဆင်ခြင်သုံးသပ်မှုအလေ့သည်

သူ့ ဘ၀လမ်းကြောင်းပြောင်းလဲရန် စက်ယန္တရား ဆင်ထားခြင်းပင်ဖြစ်၏…။ ပုံပမာနှိုင်းရလျှင် ဘ၀အစဉ်အဆက်က

ဆည်းပူးလာရသော ပါရမီအရှိန်ကြောင့် နောက်ဆုံးဘ၀၌ အချက်ကလေးတစ်ခု ပေါ်လိုက်ရုံနှင့် ရုတ်တရက်

အကျွတ်တရားရသကဲ့သို့ ပင်…။

          စာဖတ်ရာ၌ စာတွင်ပါရှိသော အကြောင်းအရာများကို မှတ်သားသည်ထက် မပါသော ၊မဖော်ပြသော အတွင်းခံ

အဓိပ္ပါယ်ရှိမရှိကို စူးစမ်းရှာဖွေ၍ ရှိလျှင် ထိုအတွင်းအဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်ရပေမည်…။

အင်္ဂလိပ်ကဗျာဆရာကြီး ၀ပ်ဒ်ဝပ်က ကဗျာတစ်ပုဒ်ကိုဖတ်တတ်ခြင်းသည် ရေးတတ်ခြင်းထက်ပင် ခက်ခဲလှသည်ဟု ဆိုဖူးလေသည် ။

          စာကို အပျင်းပြေ အပျော်တမ်းဖတ်သူတို့ ကို မဆိုလိုပါ ။ အပျော်တမ်းဖတ်ချင် ဖတ်ကြပါ…။ အပျော်တမ်းမျှပင်

မဖတ်ချင်ဘူးဟု ဆိုကာ စာအုပ်များကို  လွှင့်ပစ်ချင် လွှင့်ပစ်ကြပါ…။ စာဖတ်ရန် မည်သူကမျှ အတင်းအကြပ် တိုက်တွန်း၍ မရပါ…။

        ဆရာက ဘာတွေလျှောက်ရေးနေတာလဲ…။

ရယ်စရာတွေ ၊ပျော်စရာတွေ ရေးစမ်းပါ…။

ကျွန်မတို့ တော့ စာဖတ်တာ ပျော်ချင်လို့ ပဲ………ဟု ဘီအေအောင်ပြီးသော မိန်းမပျိုတစ်ယောက်က ကျွန်တော့်ကို ပြောဖူးသည်.။

မကြာခင်ကပင် စာအုပ်ဆိုင်တစ်ဆိုင်တွင် ကျွန်တော်တို့ နှင့် ကျောင်းနေဘက် ဘီအေ၊ ဘီအီးဒီအောင်ပြီး ကျောင်းဆရာမ

တစ်ယောက်နှင့်တွေ့ ရာ သူက စာမဖတ်ရလျှင် အိပ်မပျော်ဟု ဆိုသည်..။ ကျွန်တော်က ဘာစာတွေ ဖတ်သလဲဟု မေးသောအခါ

သူက စုံထောက်ဝတ္ထုများ နှင့် အချစ်ဝတ္ထုများကို ဖတ်တယ်ဟု ဆိုသည်…။

       စာကို ရွှင်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ အိပ်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ ဖတ်ရှုသုံးဆောင်နေသော

များစွာသော စာဖတ်ပရိသတ်အား ဖတ်ကြပါ…။ ဖတ်ချင်ရာဖတ်ကြပါ.. ဟုသာ ဆိုပါရစေ…။

     စာကို လေးလေးနက်နက် သဘောထား၍ ဖတ်ချင်သော လူနည်းစုကလေးကိုသာ ကျွန်တော်ဦးတည်၍ ဆိုပါရစေ…..။

ဝတ္ထုပင်ဖြစ်စေ.. ၊ ကဗျာပင်ဖြစ်စေ…၊ ဆောင်းပါးပင် ဖြစ်စေ…၊ ဖတ်လိုရာကို ဖတ်ပါ..။

ဖတ်ရာ၌ မိမိကိုယ်တိုင် တွေးခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းဖို့ လိုပါသည်…။ ၀တ္ထုတစ်ပုဒ်ဖတ်လျှင် ၀တ္ထုဆုံးသည်နှင့်တစ်ပြိုင်နက်

သင်၏ အတွေးစပါ ဟု ဆရာတစ်ယောက်က သြ၀ါဒ ပေးခဲ့ဖူးသည်…။ အအိပ်၏အရသာသည် နိုးကာမှပေါ်ပါသည် ၊

ဝတ္ထု၏ အရသာသည်ဝတ္ထုအပြီးတွင်မှ ပေါ်ရပေမည်…။

      ဒီဝတ္ထု သိပ်ကောင်းတာပဲ ၊ လက်က ချလို့ တောင် မရဘူး ဟူသော စကားမျိုးကို ကြားဖူးကြပေမည်….။

မိမိတို့ ကိုယ်တိုင်ပင် ပြောကောင်းပြောဖူးကြပေမည်…။

     ထိုသို့ သော လက်ကချ၍မရနိုင်လောက်အောင်စွဲသော ၀တ္ထုမျိုးနှင့် ပတ်သက်၍ အင်္ဂလိပ်ဝတ္ထုရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ် က

ဖတ်မိလျှင် မပြီးမချင်း တစ်ထိုင်တည်းနှင့် ဖတ်ပစ်လိုက်စေသော ၀တ္ထုမျိုးမှာ အိပ်မက်နှင့်တူသည်…။ အိပ်မက်သည် အိပ်နေခိုက်သာ

ရင်တဖိုဖို ဖြစ်သည်…။ နိုးသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားသည်…ဟု ဆိုလေသည်…။

       စာဖတ်ရာ၌ ဘ၀၏ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု ၊သုံးသပ်မှုကို အရင်းပြုအပ်သည်ဟု ထင်မိပါသည်…။

စာဖတ်ပါရမီ မဖြည့်ဆည်းဘဲ အပျော်ဖတ်သဘောမျိုးသည် အစ၌ ကောင်းပါ၏ ။ စာဖတ်တတ်ကာစ၌ အပေါ်ယံစိတ်ဝင်စားမှုကို

အခြေတည်ရမည် ..။ သို့ ရာတွင် ဖတ်ပြီးလျှင် တွေးတောဆင်ခြင်ရန် အလေ့အကျင့်ပြုအပ်လှပေသည်…။

         တွေးတောမှု ဆိုသည်မှာ မွေးကတည်းက ပါလာသော အရာမဟုတ်…။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ

စာ၏အရသာသည် ပိုမိုလာပေလိမ့်မည်…။ အပျော်တမ်းဖတ်ခြင်းသည် ပျင်းရိငြီးငွေ့ ခြင်း၌ စခန်းရပ်ရန်သာရှိသည်…။

        လေးနက်စွာ ဖတ်ခြင်းသည်ကား အခါမလင့် မွေ့ လျော်ဖွယ်သာ ဖြစ်ပေသည်….။

Leave Comments

Name*

Email*
Website
Email me whenever there is new comment