လရောင်ထဲလမ်းလျှောက်ခြင်း (အောင်ဝေး)
‘တို့ နောက်ကို မလည်ကြတော့ဘူးကွယ်
သည်လောက် ညဥ့်နက်လှအောင်တော့
အသည်းနှလုံးက ချစ်ကောင်းတုန်း
လကသာတုန်း ရှိပစေတော့’
– (ဘိုင်ရွန်)
ရုပ်ရှင်ရုံမှ၊ စ အထွက်
မျက်နှာလည်းညို၊ လက်တွဲကိုဖြုတ်
ကျွန်ုပ်နဲ့သူမ၊ စိတ်ကောက်ကြတယ်။
ပန်းဆိုးတန်းည၊ လမ်းရိုးမပေါ်
မခေါ်ကြဘဲ၊ လလည်းမပြူ
သူမနဲ့ ကျွန်ုပ်၊ ကုပ်ကုပ်ကလေး
တဖြည်းဖြည်း လျှောက်ခဲ့ကြ၏။
နှစ်ယောက်သားလည်း၊ စကားမဆို
အော်ငိုချင်မိ၊ မသိသလို
သိသလိုနှင့်၊ သည်လိုနဲ့ လှမ်းခဲ့ရာ…. ။
လမ်းတစ်လမ်းလုံး၊ အလွမ်းဆုံးလေ
ဒုန်းစိုင်းအိပ်မက်၊ မျက်ရည်မြင်းစီး
ပန်းခင်းထဲဝင်၊ မိုးကောင်းကင်အောက်
ချောက်ကမ်းပါးထိပ်၊ အားငယ်ထိတ်လန့်
စိတ်နှင့်ကိုးကွယ်၊ ပြိုးပြက်စိန်ပွင့်
ကြယ်နှင့်ယိုးမှား၊ ဘုရားကျောင်းထဲ
ခေါင်းလောင်းထိုးပြန်၊ ကြိုးတံတားခင်း
ဟင်းလင်းစကြာဝဠာ၊ဂြိုဟ်ပြာဆွဲဆန့်
သက်တန့်ကိုင်းကြား၊ နေနားလိုက်ချေ
ငွေလှေပေါ်မှာ….။
‘ပျော်ရဲ့လားဟင်’ တဲ့
အပါးတိုးရှဲ၊ မခေါ်ဘဲနဲ့
ရင်ထဲနွေးသွား၊ မငြင်းအားဘူး
စကားမဟ၊ ပြုံးရုံမျှပဲ
သူမနဲ့ ကျွန်ုပ်၊ ကျွန်ုပ်နဲ့သူမ
လှလှပပ လက်တွဲလိုက်၏။
ထိုခါကျမှ၊ လ၀န်းထွက်ပြူ
ချစ်သူလမ်းကြား၊ မောသွားတဲ့ခါ
အသာလှမ်းရင်း၊ ၀မ်းပန်းတနည်း
ကြေကွဲမဆုံး၊ ပခုံးနွဲ့မှီ
ယဲ့ယဲ့ကလေး၊ ရယ်ကြသေးတယ်
ဝေးသွားမှာကြောက်၊ အိမ်ပြန်ရောက်ရင်
တို့ နောက်ကို ….. ။ ။
အောင်ဝေး (ရှုမ၀၊၁၉၈၂၊ဒီဇင်ဘာ)