Professional Authors

ပုံတူစာ

ပုံတူစာ

လူပတ်လည်ဝိုင်းနေရင်း
ကိုယ့်အထဲကိုယ်ပိတ်မိနေသူ တစ်ယောက်ရှိမယ်။

မျှော်လင့်ချက် ရှင်သန်စရာအကြောင်းမဲ့တော့မယ့်
ချစ်ခြင်းမေတ္တာ…
ရေမှာနစ်မွန်းနေသလို
ခန္ဓာထဲမှာ အသက်လုရှူနေကြမယ်။

စကားတွေကို
တားဆီးတတ်တဲ့ နှုတ်ခမ်းတွေလဲရှိမယ်။
တနေ့တခြား
နားလည်မှုမဲ့လာတဲ့
နားလည်မှုတွေလဲ ရှိမယ်။

ကိုရွှေလိပ်ကို
အထင်သေးလို့မဟုတ်ပေမဲ့
ပန်းတိုင်မရောက်ခင် အိပ်ချင်သေးတဲ့
ယုန်တစ်ကောင်ဘွဲ့လဲ ခံယူထားမယ်။

ကစားပွဲတစ်ခုဟာ
ပြီးဖို့ အဓိက မဟုတ်ကြောင်း သိမယ်။
နိုင်ဖို့ အဓိက မဟုတ်ကြောင်းလဲ သိမယ်။
ပျော်ဖို့ဆိုတာလဲ သိတတ်မယ်။
ပြီးဖို့ နိုင်ဖို့
ဘယ်သူသေသေဖြစ်နေသူတွေကို အံ့သြမယ်။
သူတို့ရဲ့ အထင်းသေးတဲ့လက်ညှိုးတွေးနဲ့
အထိုးခံရမယ်။

တင်းမာ တိတ်ဆိတ်မှုနဲ့
ဖုံးကွယ်ထားတဲ့
ကြောက်ရွံ့ထိတ်လန့်သံတွေလဲ ရှိမယ်။
ဝမ်းနည်း နာကျင်မှုတွေက
တပ်ဆင်ပေးတဲ့
မသတီစရာ အပြုံးတစ်ခုလဲ ရှိမယ်။
အစွန်းအထင်းကင်းတဲ့
အဖြူစွတ်စွတ်အင်္ကျီတစ်ထည်အကြောင်း သီချင်းလဲ
ခဏခဏ ညည်းတတ်မယ်။

ညစ်ပေတဲ့လူအတွက်
အဖြူအင်္ကျီဟာ
လေးပင်လွန်းတယ်လို့ ညည်းတွားဖူးမယ်။

ခန္ဓာရဲ့အလေးချိန်ကို
မခံနိုင်တဲ့ လက်
ဘယ်ညာတစ်စုံရှိမယ်။

အလိုမပြည့်နိုင်တဲ့ စိတ်လဲရှိမယ်။
ခုလို
ကိုယ့်အထုတ်ကိုယ်ဖြည်တဲ့
ရူးကြောင်ကြောင်
သောက်ကျင့်လဲရှိမယ်။
ဒါ့အပြင် မနည်းဖုံးဖိထားတဲ့
အပုတ်အသိုးတွေ ကျန်အုံးမယ်။

ဇ..ဂွဲ

In: ကဗျာ Posted By: Date: Nov 12, 2010
Comment #1

ကောင်တယ်ဗျအစ်ကို ဇ..ကွဲရ

commentinfo By: moehtetaung18 at Nov 13, 2010
Comment #2

ကျေးဇူးပဲ ဟ
ညီလေး moehtetaung ရ 😛

commentinfo By: Za TaGwel at Nov 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment