Professional Authors

လွင့်လွင့်သွားတဲ့..အတွေး

အနမ်းတွေ ပွင့်ခဲ့တဲ့လမ်းတစ်လျှောက်မှာ
နှင်းပွင့်တွေ တွဲလွဲခိုခဲ့တယ်
ပန်းပွင့်အဟောင်းလေးတွေကို ယုယုယယကောက်ယူပါလို့ 
ကျွန်တော်မတောင်းဆိုခဲ့ပါဘူး..ချစ်သူ

လွင့်လွင့်သွားတဲ့ လေညှင်းလေးထဲ
နင့်အငွေ့ အသက်တွေ ရှိနေပါစေ…
ငါ့အတွက်ထုထည် မလိုအပ်ပါ..တမ်းတခြင်း အချိုးအစားနည်းနည်းပါရင်
လုံလောက်နေပါပြီ……..

စိမ့်စိမ့်ပြီးအေးလာတဲ့  ဒီညလေးထဲ
သက်ပြင်းတစ်ခု ချတယ်..
တကယ်တော့ဆောင်းညတွေဆိုတာကလဲ
ဘာမှန်းမသိပဲ..တွေဝေစေတတ်တယ်လို့ 
ကျွန်တော်..မိုးမလင်းခင် မှတ်ချက်ချမိတယ်

မီးခိုးလိုလို မြူခိုးလိုလို အုပ်ဆိုင်းနေတဲ့
အနောက်ရိုးမတောင်တန်းတွေထဲ
ငါငေးမောပြီး……….
အလွမ်းဆိုတာ..နေရာဒေသ.အချိန်ကာလ..မရွေးပါဘူးလို့ 
ငါနင့်ကို သိစေချင်လိုက်တာ..ဟာ

ငါပြောပြောနေတဲ့ အလွမ်းဆိုတာလေ…
တွေဝေခြင်းပါပဲ…ချစ်သူ
တစ်ခါတစ်ခါ..တောင်တန်းတွေကိုမြင်နေပေမယ့်
မြူတွေဆိုင်းနေသလိုပေါ့ ..ရှင်းရှင်းလင်းလင်းတော့မရှိဘူး.ချစ်သူ

အတ္တဆိုတဲ့  အရာကို ငွေကြေးဆိုတာက
အေ၇ာင်တင်တယ်..
အချိန်ကာလကို နာရီက ပြက်ရယ်ပြုတယ်
ဘယ်လောက်ပြေးပြေး ဒီစက်ဝိုင်းထဲကတဲ့
ဆုံးရှုံးနေတာကို မျှော်လင့်ခြင်းက
လက်တွဲခေါ်တယ်……
အတိတ်ဟောင်း ကို အလွမ်း ကတူးဆဖို့ ကြိုးစားတယ်
မျက်ရည်တွေကို ပါးပြင်က ဆီးကြိုတယ်
မှားယွင်းခဲ့တာတွေကို  ခွင့်လွှတ်မှုက ခြေဖျက်ချင်တယ်
သံသယဆိုတဲ့အရာ လမ်းထွက်လျှောက်တော့
အချစ်ဆိုတဲ့ကောင်က အိမ်ပြင်မထွက်တော့ပြန်ဘူး.
တစ်ခါတစ်လေမှာ လောကကြီးက မာယာများတယ်..ချစ်သူ

ဖုံးအုပ်ထားတဲ့ သေတ္တာတစ်လုံးကို ဖွင့်ကြည့်ဖို့ ကြိုးစားတော့
တစ်ယောက်ယောက်က မကြားတစ်ကြားပြောတယ်
အထဲမှာအမှန်တရားတွေတဲ့ကွာ…ငါဖွင့်မကြည့်တော့ဘူး.ချစ်သူ

ချစ်သူရေ..နင့်အတွက်ငါလေ….ရုပ်တုကြီးတစ်ရုပ်လုပ်ပြီး
မိုးဒဏ်လေဒဏ်ကြံကြံခံ..မားမားမတ်မတ်.ရပ်တည်ချင်လိုက်တာ
ငါအခုနင့်အတွက် ဖိနပ်ကလေးတစ်ရန်..ထီးလေးတစ်လက်
ကြိုဝယ်ထားတယ် ..
ဆောင်းရာသီထဲ လူတွေစီးမျောနေတော့
နွေရာသီဆိုတာကို မေ့ထားကြတယ်….

တစ်ရက်ပြီးတစ်ရက်ပြိုကျသွားတဲ့ နေ့ ရက်လေးတွေရှိတယ်
ငါနင့်ကို အများကြီးမပိုင်ဆိုင်နိုင်တော့ပါဘူး
ငါနင့်ကိုချစ်ပါတယ်……………….ချစ်သူ။

In: ကဗျာ Posted By: Date: Dec 17, 2012
Comment #1

မေးကြည့်တယ်..ကောင်မလေးကလဲချစ်ပါတယ်တဲ့..စတာ။

commentinfo By: kyawanainglin174 at Dec 17, 2012
Comment #2

Cutie

commentinfo By: ei lay at Dec 17, 2012
Comment #3

သံသယဆိုတဲ့အရာ လမ်းထွက်လျှောက်တော့
အချစ်ဆိုတဲ့ကောင်က အိမ်ပြင်မထွက်တော့ပြန်ဘူး.
တစ်ခါတစ်လေမှာ လောကကြီးက မာယာများတယ်..ချစ်သူ

commentinfo By: မေပျို at Dec 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment